မောင်သော်တာ ● မလှဘူးလား


မောင်သော်တာ ● မလှဘူးလား
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၆

လွတ်လပ်အတွေး'ဆွေးနွေးဖလှယ်ပါ
ကဗျာဟာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ပင်လုံ'လိုပဲ။

ကရင်တစ်ကျပ် ဗမာတစ်ကျပ်ပဲ
ဗမာတွေသတ္တိပြဖို့ တစ်ချက်ပဲလိုတော့တယ်တဲ့
တယောက်ယောက်က သေနတ်ဖောက်သလို ပြောလိုက်တယ်
“ရန်သူမရှိ မိတ်ဆွေသာရှိသည်ဆိုတဲ့ဝါဒ” မလှဘူးလား။

အခုဆိုမဝေးတော့တဲ့အနာဂတ်နဲ့မျှော်လင့်ချက်နဲ့
မလှဘူးလား ...။

အခုဆို ပြည်သူနဲ့တန်တဲ့အစိုးရ ငါတို့ရတော့မယ်
အခုဆို အလံတွေလည်း ရဲရဲနီလို့
အသံတွေလည်း ရဲရဲနီလို့
မြို့နဲ့ကို မဆန့်တော့ဘူး

မြို့ရဲ့သွေးကြောကြီးတွေလို လမ်းတွေလည်း ဆန့်ထွက်လာတယ်
ချိုမြိန်အရသာဆိုတာ အပေါ်ယံအခွံမာမာစိမ်းစိမ်းထဲမှာမရှိဘူး
အနှစ်သာရရှိမှလေးနက်ခန့်ညားသတဲ့
မလှဘူးလား ...။

အလှတရားအစစ်အမှန်ဆိုတာ အမှန်တရားရဲ့အိုးစားဖက်ပဲ
သဘာဝတရားရဲ့မိမွေးတိုင်းဖမွေးတိုင်းလေး
တတိုင်းမွှေးလေး တတိုင်းပြည်လုံးမွှေးပျံ့စေတော့မတဲ့
မလှဘူးလား  ...။

အလှအပတရားတခုဟာ
ယောနိသောမနသီကာရကို ဖြစ်စေတယ်
အတွေးကိုလွတ်လပ်စေတယ်
(တင်းပြည့် ကျပ်ပြည့်တခုပဲ)
ခေတ်ကြပ်ကြီးကို မျက်ခြည်ဖြတ်လို့
နင်တစ်ကျပ်ဆို ငါတစ်ကျပ်ပဲ
ပြတ်သားတယ် ... မလှဘူးလား ...။

အတွေးနဲ့လောကကိုကြည့်ရင် အလှတခုလိုမြင်မှ
လောကလှအောင်တွေးဖို့လိုမလို…ဆိုတာမျိုးတွေးကြည့်

ကရင်တယောက်လိုပဲတွေးတွေး
ဗမာတယောက်လိုပဲတွေးတွေး
ဗမာဆိုတာလည်း တိုင်းရင်းသားတမျိုးပဲ။
သွေးကိုဖောက်ကြည့်ရင် ရဲရဲနီတာမြင်ရမတဲ့။
အမေပြောတာ ငါပြန်ပြောပါရစေ။

မောင်သော်တာ
၁၄ နိုဝင်ဘာ ၂၀၁၅