တူမောင်ညို ● ဆုံးမတဲ့သူက ဆုံးမနေပြီး မှိန်းတဲ့သူက မှိန်းနေပါလား

တူမောင်ညို ● ဆုံးမတဲ့သူက ဆုံးမနေပြီး မှိန်းတဲ့သူက မှိန်းနေပါလား
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၆

ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) အောင်မြင်သူ (ကြည်း ၁၁၇၇၇) ဆိုတဲ့ နာမည်နဲ့ ဘူးလက်လှဆွေနဲ့ ဒေါ်ခင်ဝင်းကြည်တို့ကို “ဆုံးမ” ထားတဲ့ စာဖတ်ရတယ်။ “ကိုယ့်ညီဘူးလက်နဲ့ ကိုယ့်ညီမ ဒေါ်ဝိုင်း” တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် “ကူညီ”ဖို့ နားချထားတယ်။

မြွေ - မြွေချင်းခြေမြင်တယ်လို့ပဲပြောရမလားမသိဘူး။ တခြံထဲပေါက်တွေလည်းဖြစ်၊ စီနီယာလည်းဖြစ်ပြန်တော့ သူ့ဆုံးမစာ က ပိုင်တယ်၊ နိုင်တယ်၊ ပီပြင်တယ်လို့ ပြောရမှာပဲ။ ဘယ်လောက်ထိရေးထားသလဲဆိုတော့

“ခေါင်းဆောင်ကိုအပုတ်ချ၊ ကာလုံခေါ်၊ မခေါ်ရင်သူတို့လုပ်စရာရှိတာဆက်လုပ်မယ်ဆိုပြီး ဒို့တာဝန်အရေးသုံးပါးထဲက အရေးအကြီးဆုံးဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားအောင် တိုင်းရင်းသားလူမျိုးစုအတုတွေနဲ့ တပ်ကို ထောက် ခံသလိုလိုနဲ့ မြှောက်ပေးနေတာတွေဟာ ဘယ်သူ့အကျိုးအတွက်လဲ။ ဘယ်တိုင်းရင်းသား ဘယ်ပြည်သူတွေ အကျိုး အတွက်လဲ။ နေရာတကာ ဒီမျက်နှာတွေကြီးပဲ”  တဲ့။

တခြံထဲပေါက်တွေအချင်းချင်းဆိုတော့ အထာနဲ့အကြော၊ လုပ်ဇာတ်နဲ့လုပ်ရပ်တွေကို အူမချေးခါးမကျန် သိနေပုံပေါ်တယ်။ သူပြောတာက ပီပြင်တယ်။ ပိုင်နိုင်တယ်။ (၁၃) ပါတီကိုလည်း သိစေချင်သတဲ့။  (တကယ်တော့ ဒီကိစ္စ ကြံ့ဖွံ့ပါတီက မသိဘဲ ဖြစ်လာနိုင်တာမှမဟုတ်ဘဲ၊ ဗိုလ်အောင်မြင်သူက ဖြောင့်ကွယ် ကွယ်ပေးချင်တဲ့သဘောလို့ထင်တယ်)။ ပြီးတော့ ပြည်သူ တွေက ဆုံးဖြတ်မယ် ဆိုရင် အချိန်မရွေးပြိုင်ဝံ့တယ်လို့လည်း  စိန်ခေါ်ထားသေးတယ်။ ထားတော့ ....။

ဗိုလ်အောင်မြင်သူနဲ့ဗိုလ်ရွှေမန်း ဘာတူသလဲ/မတူသလဲကြည့်ရအောင်။

တခြံထဲပေါက်တွေဖြစ်တယ်။ အငြိမ်းစားချင်းတူတယ်။ မတူတာတွေက အဆင့်နေရာချင်း မတူဘူး။ ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) နဲ့ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဖြစ်တယ်။  ဗိုလ်ရွှေမန်းက စီနီယာကျလိမ့်မယ်။  ဗိုလ်အောင်မြင်သူက (ကြည်း - ၁၁၇၇၇) ဖြစ် ပြီး ဗိုလ်ရွှေမန်း (ကြည်း - ၁၁၅၃၄) ဖြစ်တယ်။

မတူတာထဲမှာ ဗိုလ်အောင်မြင်သူက “ဘူးလက်”တို့ တဗိုလ်ထပြီး ချိုကြွနေတာကို ဘရိတ်အုပ်ပေးနေပေမယ့် ၊ ဗိုလ်ရွှေမန်းက မသိသလို မကြားသလိုနဲ့ တေမိနှာစေသလိုလုပ်နေတယ်။ ဒါမှမဟုတ် ဗိုလ်အောင်မြင်သူက ဘာမှမသိဘဲ “ခပ်မိုက်မိုက်” ဝင်ပြီး ဆုံးမ နေသလား။ ဗိုလ်ရွှေမန်းက နောက်ကွယ်ကအခြေအနေကို ဗိုလ်အောင်မြင်သူထက် တကွက်မက ပိုသိနေလို့ “လိမ္မာ” နေတာလားဆိုတာလဲ စဉ်းစားစရာပါ။

ဗိုလ်ရွှေမန်းမှာ ဒဏ်ရာကြီးကြီး နှစ်ခုရှိတယ်။
ပထမဒဏ်ရာက  “ သြဂုတ်လ ၁၂ နေ့ ဒဏ်ရာ”။

ဒုတိယဒဏ်ရာက (ဖဘ) ကနေ “မေတ္တာမွန်” ရွှေပေလွှာအရေးကောင်းလို့ တပ်မတော်သတင်းပြန်ကြားနဲ့ မြဝတီသတင်းစာက နေပစ်လိုက်တဲ့ မောင်းကျောက် မှန်ထားတဲ့ ဒဏ်ရာရှိနေတယ်။ ဒီတော့ ဒီလိုအရေးမှာကြောက်ကြောက်နဲ့ “လိမ္မာ” နေတာ ဖြစ်နိုင်တယ်လို့ တွက်ရင်လည်းရတာပဲ မဟုတ်လား။ ဗိုလ်ရွှေမန်းတို့အသိုက်က ကြံ့ဖွံ့ပါတီရဲ့ ပါတီတွင်းဒီမိုကရေစီတွေ၊ ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွေပြောပြီး လေကျယ်ခဲ့ကြပေမယ့်၊ နောက်ဆုံးတော့ စကားတောင်မဟဝံ့တော့ပဲ တိတ်တိတ်ဇာတ် သိမ်းသွားကြရတယ် မဟုတ်လား။ ကြံ့ဖွံ့ ပါတီတွင်း ဒီမိုကရေစီလို့ပြောရင် ဗိုလ်ရွှေမန်းတို့ရဲ့ “သြဂုတ်လ ၁၂ ရက် ” အဖြစ် ကိုသာကြည့်ကြပေတော့။ ကြံ့ဖွံ့ပါတီမှာ ဗိုလ်ဋ္ဌေးဦးနဲ့ ဗိုလ်ရွှေမန်းတို့ကိုရှင်းပြီး ဗိုလ်သန်းဋ္ဌေးတက်လာကတည်းက ဗိုလ်ရွှေ မန်းတို့ပါးစပ်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝတိတ်သွားတာပဲလေ။

ဗိုလ်ရွှေမန်းက (ဖဘ)ကနေ စတေးတပ်စ်တွေ အဆက်မပြတ်ရေးတဲ့အခါ “ပြည်သူများနှင့်အတူ ” ဆိုပြီးထည့်ရေးလာတယ်။

“ပြည်သူများနှင့်အတူ” ဆိုတာက နှစ်မျိုး နှစ်စားရှိတယ်။

ပထမတမျိုးက ဗိုလ်ရွှေမန်းတို့ ဒေါ်စိန်အေးကျောင်းဆင်း စစ်ဗိုလ်တွေမှန်သမျှ ကျောင်းဆင်းပြီဆိုကတည်းက ဘိန်းစွဲသလို စွဲပြီး လုပ်ခဲ့တဲ့ လုပ်နည်းဖြစ်တဲ့  ပြည်သူလူထုရဲ့ခေါင်းပေါ်/ဂုပ်ပေါ်ခွစီးပြီး အနိုင်ကျင့်လေ့ရှိတဲ့ “ပြည်သူများနှင့်အတူ” ဆို တာမျိုးဖြစ်တယ်။

ဒုတိယတမျိုးကတော့ ပြည်သူလူထုတိုက်ပွဲ နောက်မြှီးကို ချောင်ခိုစီးပြီး ကိုယ်တွက်ကျန်အောင် လုပ်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းကိုတော့ သွားလေသူ “ဗိုလ်အောင်ကြီးနည်း” လို့ ပြောရင်ရမယ်ထင်တယ်။

အခု ဗိုလ်အောင်မြင်သူရဲ့နည်းကလည်း ဗိုလ်အောင်ကြီးနည်းမျိုးဆန်ဆန်ပဲ။ စစ်အုပ်စုရဲ့ တစ်ခုလုံးနဲ့ရှေရှည်အကျိုးစီးပွားကို မြော်မြင်ပြီး  အမိုက်အမဲ “ဘူးလက်” ကို ဆုံးမပြနေတာမျိုးပဲ မဟုတ်လား။

 ဘယ်လိုပဲ ဆုံးမနေပါစေ “တပ်မတော်ထောက်ခံပွဲ” ဆိုတာတွေတော့ ဆက်ပြီးပေါ်လာနေအုံးမှာပဲလို့မြင်တယ်။

ဒါကြောင့် “တပ်မတော်ထောက်ခံပွဲ” ကိစ္စမှာ ဗိုလ်အောင်မြင်သူကို  “မိုက်မဲသူ” လို့ မြင်ပြီး၊ ဗိုလ်ရွှေမန်းကို “လိမ္မာသူ” လို့ မြင်ပါတယ်။ သင်ရလွယ်သူဖြစ်မလား/သင်ဖို့ ခက်ခဲသူဖြစ်မလားတော့ မသိပါဘူး။

“မိုက်မဲသူ” ပဲဖြစ်ဖြစ်၊“လိမ္မာသူ”ပဲဖြစ်ဖြစ် စစ်အုပ်စုတခြံထဲပေါက်တွေဖြစ်တာရယ်၊ “စစ်အုပ်စုဝံသာနုစိတ်” ရှိတဲ့နေရာမှာ တော့ သူတို့တတွေဟာ သူမသာကိုယ်မသာတွေချည်းပဲဖြစ်ပါတယ်။