ကမ်လူဝေး ● မှော်ဆရာ သေတ္တာ ခွက်ဖလား လူများ


ကမ်လူဝေး ● မှော်ဆရာ သေတ္တာ ခွက်ဖလား လူများ
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆

မှော်ဆရာ လက်ထဲက
ဖန်လုံးကြီးဟာ
တန်ခိုးအစွမ်းတွေပြ
မှော်ဆရာက စွမ်းလို့မြင်သလား
ဖန်လုံးကြီးက စွမ်းလို့ပြသလား
နှစ်ခုစလုံးက စွမ်းသလား
နှစ်ခုပေါင်း စွမ်းချင်ယောင်ဆောင်
ရိုက်စား လုပ်လိုက်လေသလား
အရာရာဟာ မှော်ဆရာ လက်မှာ။

ဖွင့်မကြည့်ရသေးတဲ့
သေတ္တာတလုံးဟာ
အထဲမှာ ဘာရှိမလဲ မသိခင်အထိ
တန်ဖိုးအမြင့်ဆုံးဖြစ်တယ်။

လှပတဲ့ရွှေရောင်သေတ္တာထဲမှာ
ကောင်းမြတ်တဲ့ မျှော်လင့်ခြင်းတွေ
ထွက်ကျလာလေမလား
အစ ပထမ ကတည်းက
သေတ္တာထဲမှာ ဘာမှပါမလာ
ဖွင့်ခွင့်မရခင်အထိ
ဘယ်သူမှမသိနိုင်ခဲ့။

လျှံလျက်ရှိသော ခွက်ဖလားမှာ
ကောင်းမြတ်သော မင်္ဂလာတရားတို့
လျှံလျက်ရှိဖို့ မျှော်လင့်ခဲ့။

ယစ်မူးဖွယ် သေရည်တို့
လျှံလျက်ရှိသော ခွက်ဖလား
ဆုတ်ကိုင်ထားသော မှော်ဆရာ
ဘာမှမရှိသော သေတ္တာ
မျှော်လင့်ခြင်းမဲ့သွားသော လူများ။  ။

ကမ်လူဝေး