သင်းရည်လွင် ● မျက်နှာများရဲ့ စကား


သင်းရည်လွင် ● မျက်နှာများရဲ့ စကား
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၆

မြင်ကွင်းတွေ မစိုတာလဲမပြောနဲ့
ကျနော်နင်းထားတာ နှင်းတွေမဟုတ်ဘူးဆိုတော့
အကြောင်းတခုအတွက်
အကျင့်တခုပျက်နေသော
ကိုယ့်တရားမှာ ကိုယ်မှားယွင်း။

အရေခြုံသူများ
သစ္စာလုံနေပုံမှာ လှပလို့
ဒါကို ချစ်ခြင်းလို တယုတယဖွဲ့
အလွဲတခုအတွက်
အဖြစ်တခုပျက်နေသော
ကိုယ့်စကား ကိုယ်ဖြားယောင်း။

ညီညာစေခြင်းမှာ အဆုံးသတ်
တဘဝစာမပျော်လည်း နေပါစေ
တခါမှားတာ ရင်းစားမရှိ
အသိမှာ သစ်ရွက်လို ကြွေခဲ့
အခြေအနေတခု အတွက်
ယုံမှားစွာ ယုံခဲ့သော
ကိုယ့်နေ့များ ကိုယ်ဖျက်ရင်း။

ပြန်လာဖို့မရည်ရွယ်
စိတ်တသက်စာထိုးကျွေးလို့
ကျနော်တို့
ဆက်လျှောက်ရမလား
သည်သစ်ပင်လေးကို စိုက်ခဲ့ပါ
အစီအစဉ်မကျနမှုတခု
အမြဲဖြစ်ပျက်လွယ်သောရှုခင်း
ကိုယ်တရားမှာ ကိုယ်။

သင်းရည်လွင်