မင်းကိုနိုင် ● မီးနေစောင့် ရုက္ခစိုး


မင်းကိုနိုင် ● မီးနေစောင့် ရုက္ခစိုး
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂ဝ၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

သင့်မှာ ဥစ္စာဓန မည်မျှစုံစုံ စံပယ်ရုံနှင့် ကြောင်မကြီး ရှိပြီးပြီလား မေးလိုက်ချင်။ မရှိသေးလျှင် မပြည့်စုံဟု ဆိုလိုက်ချင်။

လူဆိုသည်မှာ ဝေဒနာများစွာကြားက ရှင်သန်အောင်ကြိုးစားနေထိုင်ရသော သတ္တဝါဖြစ်ကြောင်း သဘောတူမည်ထင်ပါ သည်။ အချို့ဝေဒနာများမှာ ပြင်းထန်အခံခက်သလို၊ အချို့ဝေဒနာများမှာ တရိရိနှင့် ဆွေးစေသည့် အပျော့စားအက်ဆစ်များ နှင့် တူလှသည်။ ငြီးငွေ့ခြင်းကို လူတိုင်းကြုံဖူးကြမည်။ ထိုအရာက လူကိုဖိဆီးသောအခါ ရင်ခုန်စိတ်လှုပ်ရှားစရာကို တောင့် တမိကြ၏။

မည်သူ့ဘဝပင်ဖြစ်စေ၊ ဒါပြီးရင် ဒါပဲ။ ပျင်းစရာ ကောင်းလိုက်တာ၊ နည်းနည်းပါးပါးများ ဘာဖြစ်လာမလဲလို့ စိတ်စောစမ်းပါ ရစေဟု တောင့်တမိတာမျိုး ခံစားဖူးကြမည်ဟု ယုံပါသည်။

ဇာတ်သိမ်းသိပြီးသော ဇာတ်လမ်း၊ ဇာတ်ကွက် ကြိုမြင်နေသော ဖြစ်စဉ်များ၊ အလားတူသဘောပေါက်နှင့်သောအရာများ ကြုံတိုင်း ကျွန်တော်တို့ တောင့်တမိတာတွေရှိသည်။ စိတ်ထဲ တဝါးဝါးသမ်းဝေရင်း အချို့အကွေ့တစ်ခုခုက ဘွားခနဲ အသစ် တစ်စုံတစ်ရာကို မျှော်မိတတ်ကြမြဲ။ ဒါကြောင့်လည်း အလှည့်အပြောင်း ကောင်းလှသောသိချင်စိတ်ကို နိုးဆွပေးနိုင်သော အနုပညာအပါအဝင်ဖျော်ဖြေတင်ဆက်မှု သတင်းများကို ကျွန်တော်တို့ မျှော်မိကြခြင်းပင်။

သို့နှင့် ကျွန်တော်တို့မှာ ဟာခနဲ ဟေးခနဲ ခံစားရတာမျိုး တောင့်တတက်လာသည်ဟု နားလည်ပါသည်။

ထိုရောအခါမျိုးမှာ ကြောင်မကြီးတစ်ကောင်ရှိနေခြင်းက ထိုကွက်လပ်ကို ဖြည့်ပေးပါလိမ့်မည်။ ကျွန်တော့်ဘဝမှာ လောက ထောင့်ကွေးတစ်နေရာတွင် အတန်ကြာ အထီးကျန်နေဖူးပါသည်။ တစ်နေ့လာလည်း ဒါ။ တစ်ခါလာလည်း ဒင်း။ ပျင်းရိခြင်းက ဖိဆီးခြင်းလွန်း၍ လျှာထွက်အောင်ပြားနေရချိန် ကြောင်မကြီးက ကယ်တင်ခဲ့ဖူးသည်။

ကြောင်မကြီးလို့ပြောရခြင်းကိုက ကလေးမွေးနိုင်စွမ်းရှိ၍ဆိုတာ ရိပ်မိကြပါလိမ့်မည်။ လူ့အသုံးအဆောင်တွေဘယ်လောက် စုံစုံ ကိုယ်ဝန်သည် ကြောင်မကြီးထံကရသော ရင်ခုန်မှုမျိုးနှင့် မတူစေရဟု ကျွန်တော် အာမခံပါသည်။ ဆိုခဲ့ဖူးသည့်အတိုင်း ကြိုတွက်ရသော ဇာတ်ကွက်ဇာတ်လမ်းလှည့်ကွက်များအပေါ် သင်ငြီးငွေ့နေသည်ဆိုပါတော့။ လူလူချင်း ဖန်တီးချက်တွေ အပေါ် သင့်ဟောကိန်းတွေက မှန်ကောင်းမှန်မည်။ ကြောင်မကြီးတစ်ကောင် ကိုယ်ဝန်ဆောင်ချိန်ကို ကြိုက်သလို ကြိုတွက် ကြည့်စမ်းပါဟု ကျွန်တော်က ရင်းရင်းနှီးနှီး စိန်ခေါ်လိုက်ချင်သည်။

သူ့ဗိုက်ကြီးကိုစောင့်ကြည့်ရင်း ဘယ်နှစ်ကောင်မွေးမည်ဆိုတာကစလို့ ကျွန်တော်တို့ မျှော်တွက်စောင့်ကြည်ကာ ကစား နည်းတစ်ခုရပြီ။ ပြီးတော့ အထီး ဘယ်နှစ်ကောင်၊ အမ ဘယ်နှကောင် ခန့်မှန်းရတာလည်း အလုပ်တစ်ခု။ ထိုထက် ပိုပျော်စရာအကောင်းဆုံးက ဘာအရောင်လေးတွေမွေးမယ်ဆိုတာပင်။

ကျွန်တော်တို့ မှန်းချက်တွေကို ကြည့်ပါစို့။ ဘယ်နှကောင်မွေးမည်ဆိုတာပင် အတိအကျ မှန်ချင်မှန်လိမ့်မည်။ ဒါတောင် သူ့ဗိုက်ကြီး ဖုဖောင်းနေတာကြည့်ပြီး မရဲတရဲပြောရတာမျိုးမို့ပျော်စရာ စကောင်းနေပြီ။ နှစ်ကောင်၊ သုံးကောင်၊ လေးကောင် စသည် သင်မှန်ချင်လည်းမှန်၊ လွဲချင်လည်းကပ်လွဲပြီးလျှင် စိတ်လှုပ်ရှားစရာ ကျန်ပါသေးသညည်။ အထီး အမ ဘယ်နှကောင်၊ ဒီနေရာမှာလည်း ကြောင်ချစ်သူ၊ မချစ်သူ ဘယ်လိုမှ မနေသူဖြစ်စေ စိတ်ဝင်စားဖို့ ကောင်းပါတယ်ဗျဟု ကျွန်တော် မျက်နှာ ချိုသွေး အကြံပေးချင်သည်။

တတိယတစ်မျိုးကတော့ အခက်ဆုံးဆိုတာ သဘောပေါက်ပြီးဖြစ်ကြပါလိမ့်မည်။ ကြောင်မကြီးက အဖြူဆွတ်ဆွတ် ဖြစ်ပါလျက် အနက်ကလေးပါလာတာ၊ ရွှေဝါရောင်လေး ထွက်လာတာကျွန်တော်တို့ ရာနှုန်းပြည့်မှန်တာမျိုး မရှိသလောက် ရှားတာတွေ့ရပါလိမ့်မည်။

တစ်ကောင်တလေ ကိုယ်ခန့်မှန်းသည့်အတိုင်းပါလာလျှင်ကဲ ငါမပြောဘူးလားဟု ဂုဏ်ကလေးဝင့်နိုင်သလို ထင်တာနှင့်တက် တက်စင်လွဲလျှင်လည်း အရှက်ပြေ ရယ်ချလိုက်ခွင့်ရနိုင်ပါသေးသည်။

ကြောင်တွေမှာက အဖေဆိုတာလည်း အမြဲသိတတ်တာမဟုတ်တော့ ကလေးတွေအရောင်ကို ကျွန်တော်တို့ မှန်းရပိုခက် သည်က ပိုပျော်စရာတစ်မျိုးဟု ကျွန်တော်ထင်သည်။ အဖေကို အပ်ကျမပ်ကျ သိတော့ကော။ သူ့အဖေအရောင်အတိုင်း မွေးလာလျှင် ထင်သားပဲဟု ဘဝင်ကျနိုင်သလို၊ တလွဲစီဖြစ်နေလျှင်လည်း ငါပြောသားပဲဟု ပြောရင်းရယ်နိုင်ပါသေးသည်။

ကြောင်ကလေးတွေ၏ အရောင်အပေါ် သင့်ခန်းမှန်းချက်ကတစ်ကောင်တစ်လေမှန်လျှင်တောင် အလွန်အကျွံတော့ ဘဝင် မမြင့်သွားရန် ကျွန်တော် သတိပေးချင်သေးသည်။ ဘာကြောင့်ဆိုသော သင့်စိတ်ထဲ ခန့်မှန်းကတည်းက မသေချာဘူးဆိုတာ သင်ဝန်ခံပြီ မဟုတ်လား။ မှန်ကာမှမှန်ရောဆိုတာ အပိုင်တွက် အပိုင်တွေးမရတဲ့သဘောသင်လက်ခံလျှင် ကျေနပ်ပါပြီ။
=-=-=

သင်က ပြောနိုင်သည်။ လူ့ဘဝမှာ မရေရာမှုတွေ များလွန်းလို့ သောက ရောက်ရတာမျိုး ကျတော့ကောဟုအငေါ်တူးနိုင်သည်။ ဒါကြောင့် တိုက်တွန်းခဲ့တာပေါ့။စံပယ်ရုံကလေးပျိုးထားပါဟု။ သင်ပဲ စဉ်းစားကြည့်ပါ။

သင့်ဘဝမှာ စိတ်တထင့်ထင့်နဲ့ နေရတိုင်း၊လွဲမလားချော်မလား ပူပန်ရတိုင်း၊ စိတ်မချရတဲ့လူတွေ အရာတွေအတွက် ဘဝင် မကျတိုင်း စံပယ်ရုံလေးကို သတိရစေချင်သည်။

စံပယ်ရုံလေးလောက် စိတ်ချရတာ ရှိဦးမလား။ သင်ကသာစိတ်ပါလက်ပါ ပြုစုပေးစမ်းပါ။ စံပယ်ရုံလေးက သင့်ကိုတုံ့ပြန်လက်ဆောင်အဖြူရောင်သာ ပြန်ပေးမှာ မုချ။သူ့ဘာသာ စံပယ်အိုးပုတ်လေးမို့ စံပယ်ကြက်ရုန်းလေးမို့အပွင့်သဏ္ဍန် မတူတာရှိ မည်။ အရောင်အတွက်တော့မပူပါနှင့်။ စံပယ်ဆိုတာ အမြဲဖြူလျှက် စိတ်ချရသည်မဟုတ်လား။ မျိုးရိုးဗီဇ အင်ဂျင်နီယာတွေကို တစ်ခုတောင်းပန်ချင်သည်။ တခြားအရာတွေကို ကြိုက်သလိုလက်တည့်စမ်းကြပါ။ စံပယ်ရုံးလေးကိုတော့ လက်တည့် မစမ်းကြပါနှင့်ဟု။

လူဆိုတာ ဘဝမှာ ကိုယ်ကသာ အမြဲ မဖြူလျှင်နေမည်။ကိုယ့်အပေါ်တော့ လူတွေဖြူစင်မှ ကြိုက်တာ၊ ကိုယ်ကသာ ကောက် ချင် ကောက်မည်၊ တွေ့သမျှလူတွေကိုတော့ ဖြောင့်စေချင်တော့ လူသဘာဝမဟုတ်ပါလား။

အထူးသဖြင့် သင်ကဖြူပါလျက် တစ်ဖက်က မည်းညစ်တာကြုံတိုင်း၊ကိုယ်က ဖြောင့်မတ်ခဲ့ပါလျက် တစ်ဖက်ကကောက် ကွေ့တိုင်း၊ သင်ဘယ်လို ခံစားရတယ်ဆိုတာစာနာနိုင်ပါသည်။ အရင်းအနှီးကြီးသော ကိစ္စဆိုလျှင်ပိုနစ်နာတတ်တာ ကြုံဖူးပါ လိမ့်မည်။ အပြောင်းအလဲမြန်လှသော လူ့သဘောတွေ၊မျက်နှာလည့် ကျောခိုင်းလိုက်တာနှင့် အရင်နှင့်မတူတော့သည့် သင့် အပေါ်ဆက်ဆံရေး အရည်ကျဲကျဲတွေ ဒီလိုဘဝမှာ ကြုံတိုင်းစံပယ်ရုံကလေးက သင့်အမောတွေကို နံ့သာယပ်တောင်ခတ်ပေးပါလိမ့်မည်ဆိုတာ ကျွန်တော်အာမခံပါရစေ။ဘဝကို အနာဖြင့် မနေစေလိုပါ။

သင်ဖြူသမျှ ပြန်မည်းခဲ့သူများ၊ သင်ဖြောင့်သမျှ ကောက်ခဲ့သူများအတွက် လုပ်ရက်လေခြင်းဟု နာကျင်ရတိုင်းသင့်အတွက် အမြဲဖြူနေမည့် စံပယ်ရုံကလေးကို ပျိုးထားစမ်းပါဟု တိုက်တွန်းခဲ့ရခြင်း ဖြစ်ပါသည်။ကျနော်ကတော့အယူတိမ်း၍ မလွဲမ ရှောင် သာရုက္ခစိုးဖြစ်ရမည်ဆိုလျင် ညောင်ပင်လိုအပင်ကြီးတွင်မဖြစ်ချင်၊ စံပယ်ရုံရုက္ခစိုးသာဖြစ်ချင်သည်။ စေတနာ့ဝန်ထမ်း မီးနေစောင့်လုပ်စမ်းပါဆိုလျှင်လည်း ကြောင်မီးနေစောင့်သာ လုပ်လိုက်စမ်းချင်ပါကြောင်း….။ ။

- မင်းကိုနိုင်
(သရဖူမဂ္ဂဇင်းမှ ....)