တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၆)

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၆)
(စစ်အုပ်စုက သြခက်စတြာဝိုင်းကြီးနဲ့ ဘီလူးဆိုင်းတီးနေတာ)
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၆

သင်္ကန်းဝတ်နဲ့ တိုင်းရင်းသားဝတ်စုံဝတ်ထားကြရသူတွေပါတဲ့ “ဆန္ဒပြပွဲ” တစ်ခု ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပေါ် ပေါက်လာပါတယ်။ မီဒီယာမျိုးစုံကနေတင်ပြတဲ့ ဒီ “ဆန္ဒပြပွဲ” သတင်းတွေကြည့်ရတော့ “မျက်ခမ်းမြင်တာနဲ့ ငတာကြီး သားမှန်း သိတယ်” ဆိုတဲ့စကား မစဉ်းစားဘဲ ခေါင်းထဲအလိုလိုပေါ်လာတယ်။  ဘာမှ ရှည်ရှည်ဝေးဝေးစဉ်းစားနေဖို့ မလိုဘူး လေ။

ဒီပွဲမှာ “ ငါးမင်းဆွေနဲ့ တပ်ကုန်းက ဦးစု” ဆိုတဲ့သူတွေပဲ မပါတာတော့ သတိထားမိတယ်။

“ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” ကိစ္စတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို တပ်ကုန်းက “ဦးစု” ဆိုတဲ့ လူပြောတဲ့စကားတွေ ပြန်ပြီး နား ထောင်ကြည့်ပါ။ ဦးစုပြောတာတွေထဲမှာ “ဘယ်ပါတီမှ လက်ခံတဲ့ကောင်မဟုတ်ဘူးနော်၊ အမျိုးသားနိုင်ငံရေးစစ်စစ် လုပ်နေတာ” တဲ့။ သူ့စကားက သူဘာကောင်လဲဆိုတာ အတိအလင်းဖော်ပြနေတယ် မဟုတ်ပါလား။

“အမျိုးသားနိုင်ငံရေးစစ်စစ်” လုပ်နေတာ ဒီတိုင်းပြည်မှာ “တပ်မတော်နဲ့ မဘသ” ပဲ ရှိပါတယ်။ (ကြံ့ဖွံ့နဲ့ တစညပါတီကတော့ “ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး” ကို ပူးပြီးလုပ်နေတာ)

ဒီပွဲမှာ ငါးမင်းဆွေနဲ့ဦးစုတို့ကို “အထက်” က ဝင်မပါဖို့တားထားပုံပေါ်ပါတယ်။ ဒါကြောင့် ဦးလှဆွေနဲ့ဒေါ်ခင်ဝိုင်းကြည်တို့ တွဲပြီး အလှည့်ကျ ပွဲထွက်ကြရတာလို့ ထင်ပါတယ်။ နောက်ပွဲတွေမှာ “ငါးမင်းဆွေနဲ့ ဦးစု” တို့ ပွဲထွက်လာကြလိမ့်မယ်လို့ ထင်ရတာပါပဲ။

စင်မြင့်နောက်ခံမှာ ဘာရေးထားသလဲဆိုတော့ “မြန်မာ့တပ်မတော်နှင့် တရားသောစစ်အောင်မြင်စေကြောင်း ထောက်ခံပွဲ” တဲ့။ ပိုစတာကြွေးကြော်သံတချို့က ဟောဒီလိုဖြစ်ပါတယ်။

- “အမျိုးဘာသာ၊သာသနာ တပ်မတော်သာလျှင် အားထားရာ”
-“အမျိုးစစ်မှ အမျိုးချစ်သည်”
-“ဒီမိုကရေစီ၏ခရီးဖော် မြန်မာ့တပ်မတော်”  တဲ့။

အဲဒါတွေကို ဖတ်ကြည့်လိုက်တော့ (NCA) စာချုပ်နှစ်ပတ်လည်ပွဲမှာ “ကာချုပ်” ပြောတဲ့ “ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒကို ကာကွယ်ဖို့ဖြစ်တယ်” ဆိုတဲ့အထဲက “ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ” ဆိုတဲ့စကားရပ်ကို ရေရေလည်လည် သဘော ပေါက်သွားပါတယ်။

“ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ” ဆိုတာ
ပထမအချက်က ၂၀၀၈ အခြေခံဥပဒေ၊ တည်ဆဲဥပဒေနဲ့တွေနဲ့ ကိုက်ညီရမယ်။
ဒုတိယအချက်က စစ်တပ်ကိုသာလျှင် အားထားတဲ့၊ အားကိုးတဲ့၊ ထောက်ခံတဲ့ သဘောထားနဲ့ဆန္ဒဖြစ်ရမယ်။

ဒီတော့ ဆန္ဒပြပွဲတစ်ခု၊ လူထုလှုပ်ရှားမှုတစ်ခုဟာ “၂၀၀၈ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေ” နဲ့တော့ ညီညွတ်ပါရဲ့ စစ်တပ် ကိုအားမထားဘဲ၊ အားမကိုးဘဲ၊  မထောက်ခံဘဲ။  “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုတဲ့ ကြွေးကြော်သံကို ဦးထိပ်ထားပြီး ဆောင်ရွက်မယ့် လှုပ်ရှားမှုမှန်သမျှဟာ “ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ” ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ ပါဘူး။

လွှတ်တော်အဆင်ဆင့်နဲ့ အစိုးရအုပ်ချုပ်ရေးယန္တယားအဆင့်ဆင့်မှာ ထည့်သွင်းထားတဲ့ ကာချုပ်ရဲ့စစ်ဗိုလ်တွေကို လျှော့ချ ဖို့/ ဖယ်ရှားဖို့ ပြည်သူလူထုက ဆန္ဒပြုရင်တောင် ဒီဆန္ဒဟာ စစ်တပ်ကို ဆန့်ကျင်နေတဲ့အတွက် ဥပဒေနဲ့ညီညွတ်တဲ့ပြည်သူ့ ဆန္ဒ မဖြစ်နိုင် တော့ပါဘူး။

ဒါ့အပြင် “ပုဒ်မ ၄၃၆” ရဲ့ ဆိုလိုရင်းအချက်ကလည်း ပြည်သူလူထုက ရွေးကောက်ပွဲမှာရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇၅ % က ဘယ်လိုပဲပြင်ဆင်လိုသည်ဖြစ်စေ ကာချုပ် ကိုယ်စားလှယ် စစ်ဗိုလ် ၂၅% က လက်မခံရင် ပြောင်း ဖို့/ပြင်ဖို့ဆို တာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာပါပဲ။

ချုပ်လိုက်တော့ စစ်တပ်ကိုမထောက်ခံရင် စစ်တပ်ပါဝင်မှုကို တနည်းနည်းနဲ့ လျှော့ချဖယ်ရှားဖို့လုပ်ရင် ဒီလိုလှုပ်ရှားမှုနဲ့ ဒီလို သဘောထားဆန္ဒဟာ ဥပဒေနဲ့ ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ ဖြစ်မလာနိုင်တော့ပါဘူး။

တကြောင်းထဲနဲ့ဖော်ပြရရင် ၂၀၀၈ အခြေခံဥပဒေရဲ့အနှစ်သာရဟာ စစ်တပ်ကို မောင်ပိုင်စီးထားတဲ့ စစ်အုပ်စုက ပြည်သူ လူ ထုဆန္ဒကို စစ်ဖိနပ်နဲ့ ထာဝစဉ်နင်းချေထားခြင်းပဲ ဖြစ်ပါတယ်။

အခုလည်း “မြန်မာ့တပ်မတော်နှင့် တရားသောစစ်အောင်မြင်စေကြောင်း ထောက်ခံပွဲ” တဲ့။ ဒီထောက်ခံပွဲက အချက် နှစ် ချက်ကို အထင်အရှား ဖော်ပြနေပါတယ်။

ပထမအချက်က လူမျိုးပေါင်းစုံပြည်သူများရဲ့ “ပြည်တွင်းစစ်ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေး” သန္နိဋ္ဌာန်ကို သွေးတိုးစမ်း လိုက်တာဖြစ်ပြီး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို ဖျက်လိုဖျက်ဆီးလုပ်မယ်လို့ အတိအလင်း ကြေညာလိုက်တာလည်းဖြစ်ပါတယ်။

ဒုတိယအချက်က  ၁၉၄၈ ကနေ ဒီကနေ့ထိ မပြီးဆုံးနိုင်သေးတဲ့ ပြည်တွင်းစစ်ဟာ “မတရားသောစစ်” ဖြစ်ပါတယ်။ စစ်ကို “မတရားသောစစ်နဲ့ တရားသောစစ်” ဆိုပြီး ခွဲခြားဖို့လိုအပ်ပါတယ်။ ခွဲခြားဖို့လည်းမခက်ခဲပါဘူး။ ကျူးကျော်စစ်တဲ့ စစ်မှန်သ မျှ၊  ပြည်သူကို လက်နက်နဲ့အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်တဲ့ စစ်မှန်သမျှဟာ “မတရားသောစစ်” ဖြစ်ပါတယ်။

ကျူးကျော်စစ်ကို ခုခံတွန်းလှန်တဲ့စစ်၊ အုပ်စိုးသူလူတန်းစားက လက်နက်နဲ့အကြမ်းဖက်ဖိနှိပ်တာကို လက်ကိုင်စွဲပြီး ခုခံ တော်လှန်တဲ့စစ်ဟာ “တရားသော စစ်” ဖြစ်ပါတယ်။ “မတရားသောစစ်” ကို ဆန့်ကျင်ပြီး၊ “တရားသောစစ်” ကိုထောက်ခံရ မယ်။ စစ်မှန်သမျှ ခွဲခြားမှုမရှိဘဲ သိမ်းကျုံးဆန့်ကျင်တာဟာ မိုက်မဲတဲ့ စိတ်ကူးယဉ်မှုသာဖြစ်တယ်။

ဗမာပြည်သမိုင်းလက်တွေ့အရ ပြောရရင် ကိုလိုနီဆန့်ကျင်တဲ့၊ ဖက်ဆစ်တော်လှန်တဲ့စစ်ဟာ “တရားသောစစ်” ဖြစ်တယ်။

“ဥုံ အရဟံ သစ္စာကတိတွေနဲ့ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့” လို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကရေးခဲ့တာဟာ ဆရာစံ တောင်သူလယ်သမား လက်နက်ကိုင်တော်လှန်ရေးဟာ “တရားသောစစ်” ဖြစ်လို့ပဲ။ ဒါကြောင့် ဆရာကြီးက သူ့ကလောင် လက်နက်နဲ့ ထောက်ခံ ညွှန်ပြပြီး ပြည်သူတွေကို လှုံ့ဆော်ခဲ့တာပဲဖြစ်ပါတယ်။

(ဖဆပလ) အစိုးရနဲ့ ၁၉၆၂ နောက်ပိုင်း တက်လာတဲ့ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ) နဲ့ လက်ရှိ စစ်အုပ်စု က စစ်တပ်ကို လက်ကိုင်တုတ်သဖွယ်လုပ်ပြီး တိုက်နေတဲ့ ပြည်တွင်းစစ်ဟာ “မတရားသောစစ်”  ဧကန်စင်စစ်ဖြစ်ပါတယ်။
ဒီပြည်တွင်းစစ်က အုပ်စိုးသူစစ်အုပ်စုအဆက်ဆက်ကို ကျိကျိတက်ချမ်းသာကြွယ်ဝလာစေပြီး တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံပြည် သူများကို ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲပြာကျစေတဲ့စစ်ဖြစ်တယ်။ ဒီပြည်တွင်းစစ်ကို စစ်အုပ်စုက ထိန်းသိမ်းမွေးမြူ ထားတယ်။  ဒီပြည်တွင်းစစ်ဟာ “မတရားသောစစ်” ပဲ။ ဒီပြည်တွင်းစစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ ရပ်ဆိုင်း အောင် လုပ်ရမယ်။

စစ်အုပ်စုက ပြည်တွင်းစစ်ကို တဖက်က အရှိန်မြင့်နေတယ်။ ဒီလိုအရှိန်မြင့်ဖို့အတွက် ပြည်သူ့လွှတ်တော်ထဲမှာ ကြိုးပမ်းကြည့် တယ်။ “ထောက်ခံမဲ (၁၄၁) မဲ၊ ကန့်ကွက်မဲ (၂၄၄) မဲ၊ ကြားနေမဲ (၇) မဲ” နဲ့ ရှုံးသွားတယ်။ ရှမ်းပြည်နယ်လွှတ်တော်မှာ ထပ်တင်တယ်။ ထောက်ခံမဲ (၆၃) မဲ၊ ကန့်ကွက်မဲ (၄၅) မဲ၊ ကြားနေမဲ (၇)မဲ နဲ့ အနိုင်ရသွားတယ်။ ကြံ့ဖွံ့နဲ့ တစညကို ခေါင်း ဆောင်ခိုင်းပြီး “ကာလုံ” အစည်းအဝေး ခေါ်သံပေးခိုင်းပြန်တယ်။

 အခုလည်း (KIA) ရဲ့ဂီဒုန်စခန်းကို တိုက်သိမ်းပြီးတဲ့ နောက်တစ်ရက်မှာပဲ ချိန်ကိုက်ပြီး “မြန်မာ့တပ်မတော်နှင့် တရားသောစစ် အောင်မြင်စေကြောင်း ထောက်ခံပွဲ” ကို ဖော်ထုတ်လာတာဖြစ်တယ်။

သူတို့ နည်းကုန်လမ်းကုန်၊ မီးကုန်ယမ်းကုန်လုပ်မယ်ဆိုတာ သေချာပါတယ်။ ပက်ပက်စက်စက်လည်းလုပ်ပါလိမ့်မယ်။ ပြည် သူအားလုံး အစဉ်သတိရှိကြဖို့လိုပါတယ်။

သင့်မြတ်ရေးပန်းသပြေကို ကိုင်ဆောင်ထားသူတွေက “ပြည်တွင်းစစ်ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေး၊၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး” ကို အလွန့်အလွန်ပျော့ပျောင်းစွာနဲ့ ချဉ်းကပ်လှုပ်ရှားနေတာကို မြင်ရပါတယ်။ ဒါပေမယ့် စစ်တပ်ကို မောင်ပိုင်စီး ထားတဲ့ စစ်အုပ်စုက ပြည်တွင်းစစ်ကို မရပ်စဲလိုဘူး၊ ၂၀၀၈ အခြေခံဥပဒေကိုလည်း မပြင်ဆင်လိုဘူးဖြစ်နေတာပါ။ ဒီနှစ်ချက် ကလည်း စစ်အုပ်စုရဲ့မကောင်းဆိုးဝါး ဝိညာဉ်မှန်သမျှ ထည့်သွင်းထားတဲ့ အသက်ဗူး ဖြစ်ပါတယ်။

 ဒီတော့ ဒီအချက် နှစ်ချက်ကို ပြင်ဆင်ဖို့ ဖျက်သိမ်းဖို့  ဦးတည်တဲ့လှုပ်ရှားမှုမှန်သမျှကို ဖျက်ဆီးပစ်ဖို့ ဘယ်နည်းနဲ့မဆို သူတို့ မိုက်မိုက်ကန်းကန်း လုပ်ကြမှာပဲဖြစ်ပါတယ်။ နည်းပေါင်းစုံနဲ့ ကပျက်ယပျက်လုပ်ခဲ့ကြပြီ။ လုပ်နေကြဆဲ။ ဆက်လက်ပြီးတော့ လည်း လုပ်နေကြမှာ ဖြစ်ပါတယ်။

“ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး”  ဆိုတဲ့ကိစ္စဟာ  အတိုင်ပင်ခံပုဂ္ဂိုလ်အတွက်တော့ ကျားမြှီးဆွဲပြီး ကျားဂုတ်ပေါ်ခွစီးရမယ့်ကိစ္စမျိုး ဖြစ်ပါတယ်။ သင့်မြတ်ရေးနည်းက မစို့မပို့နဲ့ ကျားနားရွက်ဆွဲပြီး တရားပြ သလိုပဲဖြစ်နေပါ တယ်။

စင်္ကာပူခရီးစဉ်မှာ တစ်ယောက်က အတိုင်ပင်ခံပုဂ္ဂိုလ်ကို မေးပါတယ်။ “ဘေးဆိုင်းတွေတီးနေတာကို ဘယ်လိုလုပ်ရမလဲ” လို့ မေးပါတယ်။  “ကိုယ့်ဆိုင်းလေးနဲ့ကိုယ် ပြန်တီးလိုက်ပေါ့” ဆိုလား အတိုင်ပင်ခံက ပြန်ဖြေပါတယ်။ အခုတီးနေတဲ့ ဘေး ဆိုင်းက မသာမှာတီးတဲ့ “ခါးပြတ်ဆိုင်း” မဟုတ်ပါဘူး။ စစ်အုပ်စုက သြခက်စတြာဝိုင်းကြီးနဲ့ ဘီလူးဆိုင်းကို မြိုင်မြိုင်ဆိုင်ဆိုင်တီးနေတာပါ။

ဆက်ရေးပါအုံးမယ်။