ကမ်လူဝေး ● နိုင်ငံသားတယောက်ရဲ့ဝမ်းနည်းမှတ်တမ်း

ကမ်လူဝေး ● နိုင်ငံသားတယောက်ရဲ့ဝမ်းနည်းမှတ်တမ်း
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၇

မြန်မာပြည်လား ဗမာပြည်လား
ငါ့ကို အဲ့ဒီမှာ မွေးတယ်

မြို့တော်လို့ပြောတဲ့
ရန်ကုန်မြို့လယ်က ဆေးရုံမှာ မွေးတယ်

ငါ့မှာ နိုင်ငံသားစိစစ်ရေးကဒ် ရှိရဲ့
ငါ့အဖေမှာလည်း ရှိရဲ့
ငါ့အမေမှာလည်း ရှိရဲ့။

ခက်တာက
ငါ့ကိုနိုင်ငံသားအဖြစ် လက်ခံထားတဲ့ နိုင်ငံက
နိုင်ငံထဲ နေချင်ရာနေရာ နေဖို့
သန်းခေါင်စာရင်း ဝင်ခွင့်မပြုဘူး
ငါ့ရဲ့နိုင်ငံသား စိစစ်ရေးကဒ်မှာ
ရေးထားတဲ့ လူမျိုးက
ဗမာတရုတ် ဖြစ်နေလို့ဆိုပဲ။

ခင်ဗျားတို့ရဲ့ နိုင်ငံတော်ကြီးမှာ
နိုင်ငံဝန်ထမ်း ကျွန်ဘဝနဲ့
နိုင်ငံသား တာဝန်ကိုထမ်းခဲ့ပါတယ်
နိုင်ငံသားတယောက်ဟာ
သူမွေးဖွားရာ သူ့နိုင်ငံတော်အတွက်
တာဝန်ကျေအောင် အလုပ်အကျွေးပြုပေမဲ့
တိုင်းရင်းသားမဟုတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့
ခွဲခြား ဆက်ဆံခံနေရတဲ့ နေရာဟာ
ငါတို့ရဲ့နိုင်ငံတော်ဖြစ်တယ်။

ငါ့အဘိုး တရုတ်ကြီးက
ငါ့အဘွား ဗမာမကို ချစ်မိတော့
ငါ့အဖေ တရုတ်ဗမာကပြား မွေးလာတယ်
ငါ့အဖေ တရုတ်ဗမာကပြားက
ငါ့အမေ ဗမာမနဲ့အိမ်ထောင်ကျတော့
ငါ့ကိုမွေးထုတ်လိုက်တယ်
ငါ့ရဲ့နိုင်ငံသား စိစစ်ရေးကဒ်မှာ
ဗမာတရုတ်ဖြစ်နေတာ ဆန်းလို့လား။

ငါဟာ ဘာလူမျိုးပါလဲ
တခါမှမတွေးမိခဲ့ဘူး
ငါဟာ ဒီမြေမှာမွေးတယ်
ဒီလေကိုရှူ ဒီရေကိုသောက်
ဒီနေရာကိုချစ်တယ်
ဒီမြေကို အလုပ်အကျွေးပြုရင်း
ဘဝကို ကျေနပ် ကျော်ဖြတ်ချင်တယ်။

ဒီနေ့မှာတော့
ငါဟာ နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ထားပေမဲ့
နိုင်ငံသားစစ်စစ် မဟုတ်တဲ့
အခွင့်အရေး ချို့တဲ့နေတဲ့
ဂီလာန တကောင်အဖြစ်
ဝမ်နည်းမိပါရဲ့။ ။

ကမ်လူဝေး