တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၉)



တူမောင်ညို - အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၉)
(ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု)
မိုးမခ၊ ဇန်န၀ါရီ ၃၀ ရက်၊ ၂၀၁၇


အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ ယုတ်မာပက်စက်တဲ့ ခြိမ်းခြောက် လုပ်ကြံ သတ်ဖြတ်မှုကို ကြုံတွေ့လိုက်ကြရပြီ။

ဒီချုပ်ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီ။

ဦးကိုနီ ကို ခြိမ်းခြောက် လုပ်ကြံ သတ်ဖြတ်ပြလိုက်တာဟာ ဦးကိုနီဆိုတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အသက်တစ်ချောင်းကို ကွက်ပြီး ခြိမ်းခြောက်ပြတာတင်မကပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံး၊ ဒီမိုကရေစီလိုလားသူတိုင်း၊ “၂၀၀၈ အခြေခံဥပဒေ”ကို ပြင်ဆင်လိုသူတွေ၊ ဖျက်သိမ်းပစ်လိုသူတွေ၊ အခြေခံဥပဒေသစ်ရေးဆွဲလိုသူတွေအားလုံးကို ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။ အကြမ်း ဖက်လိုက်တာဖြစ်ပါတယ်။ ဒါကို တိတ်ဆိတ်ငြိမ်သက်မှုနဲ့ ကြိတ်မှိတ်သည်းခံနေလို့မဖြစ်ပါဘူး။ မည်သည့်လူမျိုး၊ မည်သည့်အသားရောင်၊ မည်သည့်ဘာသာတရား၊ မည်သည့်နိုင်ငံရေးအယူဝါဒကိုမဆို သက်ဝင်ယုံကြည်လက်ခံသူတိုင်းက ရဲရဲဝံ့ဝံ့ မတ်တပ်ရပ်ပြီး ကန့်ကွက်၊ ဆန့်ကျင်၊ တိုက်ဖျက်ကြရမှာဖြစ်ပါတယ်။

နံပတ်တစ် လက်သည် တရားခံမှာ ဖမ်းဆီးထားတဲ့ သေနတ်သမား “ကြည်လင်း”မဟုတ်ပါ။ “ကြည်လင်း” ရဲ့တကိုယ်တော် ရူးသွပ်မိုက်မဲမှု၊ “ကြည်လင်း” ရဲ့ တကိုယ်တော် တစောက်ကန်းလုပ်ဆောင်မှုလည်း မဟုတ်ပါ။

သေနတ်သမား“ကြည်လင်း”ဟာ တာဝန်ပေးစေခိုင်းချက်အရ ဒီအကြံယုတ်ကို လက်တွေ့အကောင်အထည်ဖော်သူ၊ လက်မရွံ့ လူသတ်သမား၊ရာဇဝတ်ကောင်မျှသာဖြစ်ပါတယ်။ “ ကြည်လင်း” ကို ဥပဒေကြောင်းအရ အပြစ်ပေးအရေးယူရမှာပါ။ သို့သော်လည်း ဤသည်မှာ အပေါ်ယံကျတဲ့ကိစ္စကို ဖြေရှင်းခြင်းမျှသာဖြစ်ပါသေးတယ်။

လက်သည်နံပတ်တစ်တရားခံမှာ “၂၀၀၈ အခြေခံဥပဒေ” ကို မပြင်ဆင်လိုသူတွေ၊ “၂၀၀၈ အခြေခံဥပဒေ” ကို အထိပါး မခံလို သူတွေရဲ့လက်ချက်ဖြစ်ပါတယ်။ တနည်းအားဖြင့်“စစ်အုပ်စု” ရဲ့လက်ချက်ပဲဖြစ်ပါတယ်။ အဲဒီဇစ်မြစ် အကြောင်းအချက်ကနေ အခုလို ခြိမ်းခြောက်လုပ်ကြံသတ်ဖြတ်မှု တိုက်ရိုက်ပေါ်ထွက်လာတာပါ။

“ကြည်လင်း”ဟာ အဲဒီအုပ်စုရဲ့အသုံးတော်ခံ၊ ကြေးစားလူသတ်သမားမျှသာဖြစ်ပါတယ်။ စနစ်တကျအကွက်ချပြီး “ကြည်လင်း” ကို တာဝန်ပေးစေခိုင်းသူနဲ့ အုပ်စုရှိပါတယ်။ အဲဒီအုပ်စု၊ အဲဒီဇစ်မြစ်နဲ့အဲဒီအကြောင်းတရား ကို ဖော်ထုတ်ပြီး ရှင်းလင်း၊ဖယ်ရှား၊ တိုက်ဖျက် ပစ်ကြရမှာပါ။

ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ လက်ရှိနေ နေထိုင်နေကြသူတိုင်းရဲ့ လွှဲရှောင်လို့မရတဲ့ တာဝန်ဝတ္တရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ်မှာ ပူဆွေးတမ်းတကြေကွဲနေရုံနဲ့မပြီးပါ။ နာကျည်းတက်ခေါက်နေရုံမျှနဲ့လည်း မလုံ လောက်သေးပါဘူး။

ဒီတာဝန်ဝတ္တရားကို ကိုယ်နဲ့မဆိုင်သလို၊ မသိသလို ၊ အသံတိတ်နေကြမယ်၊ နှာစေးနေကြမယ်ဆိုရင် ဦးကိုနီကြုံတွေ့ခဲ့ရတဲ့ ခြိမ်းခြောက်လုပ်ကြံသတ်ဖြတ်ရေးဆိုတဲ့ အရိပ်မည်းကြီးဟာ သင်တို့ အိမ်တံခါးကို မလွဲမသွေ လာပြီးခေါက်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ရက်စက်ယုတ်မာတဲ့ သတ်ဖြတ်လုပ်ကြံမှုကို ဖြစ်ပေါ်စေနဲ့ စနစ်ဆိုးနဲ့အုပ်စုကို မြန်မာလူ့အဖွဲ့အစည်းမှာနေထိုင်နေကြသူတိုင်းက တညီတညွတ်တည်းဝိုင်းဝန်း ဆန့်ကျင်တိုက်ဖျက်သွားကြရမှာဖြစ်ပါတယ်။ အာဆီယံ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းက ဒီလုပ်ကြံမှု ကို လက်ပိုက်ကြည့်မနေသင့်ပါဘူး။

ဒါကြောင့် ပထမဦးစွာ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတိုင်း၊ လူပုဂ္ဂိုလ်တိုင်း၊ ကိုးကွယ်ယုံကြည်ရာ ဘာသာရေးအဖွဲ့အစည်းတိုင်း၊ လူထုအဖွဲ့အစည်းအသင်းပင်းတိုင်းက မိမိတို့ရဲ့ရပ်တည်ချက်၊ သဘောထားနဲ့သန္နိဋ္ဌာန်ကို ရှင်းလင်း ပြတ်သားစွာထုတ်ဖော်ပြောဆို၊ ကြေညာကြဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အဲဒီလိုဖော်ထုတ်လိုက်တဲ့ ရပ်တည်ချက်၊ သဘောထား၊ သန္နိဋ္ဌာန် တွေကို သွေးစည်းညီညွတ်တဲ့ လက်တွေ့အကောင်အထည်ဖော်မှုနဲ့ မလွဲမသွေပေါင်းစပ်ဖို့ လိုအပ်ပါတယ်။

အစိုးရပိုင်သတင်းစာအယ်ဒီတာ့အာဘော်က ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် အခုလိုသဘောထားဖော်ပြထားတွေ့ရပါ တယ်။ “ယနေ့အဖြစ်အပျက်သည် လွန်စွာစိတ်မကောင်းဖွယ်ဖြစ်ရပ်ဖြစ်သည်၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာ ကိုးကွယ်သူဖြစ်ပါစေ အစိုးရတွင် တရားခံနှင့် နောက်ခံအသိုင်းအဝိုင်းများကို ဖော်ထုတ်ရန်တာဝန်ရှိလာပါသည်၊ ဤသို့သော လုပ်ကြံသတ်ဖြတ်သည့် အစဉ် အလာများကို မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြရန်လိုပါသည် ” ဟူ၍ဖြစ်ပါတယ်။

ထို့အပြင် ဦးကိုနီ သတ်ဖြတ်ခံရမှုနဲ့အပေါ် ဒီချုပ်ပါတီပြောရေးဆိုခွင့်ရှိသူက “နိုင်ငံရေးလုပ်ကြံမှုဖြစ်နိုင်ကြောင်း” မှတ်ချက်ပေး တာလည်း ကြားသိရပါတယ်။

မကောင်းဆိုးဝါးကောင်ကြီးရဲ့ခေါင်းဖြစ်တဲ့ “စစ်အုပ်စု” နဲ့ကိုယ်ခန္ဓာဖြစ်တဲ့ “စစ်ဗျူရိုကရေစီယန္တရား” တည်ရှိနေသမျှ အတား အဆီးတွေ၊ အနှောင့်အယှက်တွေ၊ အကန့်အသတ်တွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေဟာ (ကာလ၊ ဒေသ၊ ပရောဂနဲ့အညီ) တံဆိပ် မျိုးစုံ၊ ပုံစံမျိုးစုံနဲ့ မရိုးရအောင်ထွက်ပေါ်နေအုံးမှာပါ။ “ဒီပဲယင်းအကြမ်းဖက်သတ်ဖြတ်မှု”နဲ့ ရဲဆေးတင်ထားကြတဲ့ အကြမ်းဖက်သမားတွေဟာ ဦးကိုနီကို လက်ရဲဇက်ရဲလုပ်ကြံသတ်ဖြတ်ပြလိုက်ခြင်းဖြင့် သူတို့ရဲ့ နိုင်ငံရေးချွတ်ခြုံကျမှု၊ တဇောက်ကန်းနိုင်မှု၊ ဘာမဆိုလုပ်မယ်ဆိုတဲ့ မိုက်ရူးရဲဆန်မှုကို ပြသလိုက်ကြပြီ။

ဒါကြောင့်ဒီလိုရက်စက်ယုတ်မာတဲ့ သတ်ဖြတ်လုပ်ကြံမှုကို ဖြစ်ပေါ်စေနဲ့ စနစ်ဆိုးနဲ့စစ်အုပ်စုကို မြန်မာလူ့အဖွဲ့အစည်းမှာနေ ထိုင်နေကြသူတိုင်းက တညီတညွတ်တည်းဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်သွားကြပါစို့။