စိုးနေလင်း ● အလင်းမှုန်

 စိုးနေလင်း ● အလင်းမှုန်
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၁၇

မြင်ကွင်း   မရှင်းသေးဘူး
ကျွဲကူး ရေပါ ဖြစ်မလား
ဆင်သွား လမ်းဖြစ် ဖြစ်မလား
များရာ လက္ခဏာတပ်
ချပ်ချပ်ရပ်ရပ် ရှိနေကြချိန်။

တိမ်တောင်တွေကလည်း
ရောင်ပြောင်းတောက် ကြလွန်း
တံလျှပ်တွေကလည်း ဖျတ်ဖျတ်စူးရဲလွန်း
ဘယ်ဟာ ပုံရိပ်စစ် ဘယ်ဟာပုံရိပ်ယောင်
ဖောင်တွေကို ပြန်ဆောက်နေကြသောကာလ။

ဒီတဆောင်းကတော့
သူကောင်းဖြစ်မဖြစ် မသေချာ
မြစ်ကိုပစ်လို့ချောင်းကို ရှာကြတော့မယ့်ပုံ။ ။