ဘိုင်အို ဦးတင်အေး - မြန်မာ့ဒီမိုကရေစီ၏ "မဟူရာသူရဲကောင်း" (သို့) "မြန်မာ့ပုလဲနက်"


ဘိုင်အို ဦးတင်အေး - မြန်မာ့ဒီမိုကရေစီ၏ "မဟူရာသူရဲကောင်း" (သို့) "မြန်မာ့ပုလဲနက်"
(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၇
ညီလေး-ကိုနီ ...

မနေ့ကသတင်းဆိုးကို စကြားရတော့ ရင်ထဲမချိတင်ကဲ ခံစားရလွန်းလို့၊ ပြည့်ကျပ်နေလွန်းလို့ ဘာကိုဘာမှ မရေးဖြစ်ခဲ့ပါ။ ဒီနေ့မနက် သားကိုဆုံးရှုံးလိုက်ရတဲ့ အမေ၊ လင်ယောက်ျားကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့ ချစ်ဇနီးနဲ့ သမီးတို့သားတို့ရဲ့သောကကို ရင်မှာပိုက် တိုင်းပြည်ဒီမိုကရေစီရေးအတွက် အသက်စတေးသွားရှာတယ့် ဖခင်အပေါ် နားလည်မှု ပေးနိုင်တဲ့မိသားစုရဲ့  ပုံရိပ်ကို တွေ့လိုက်ရတော့ မရေးဘဲမနေနိုင် နှလုံးသွေးကို သစ္စာတိုင်ပြီး ဒီစာစုကိုရေးပါသည်။

ဦးကိုနီသည်ကား ကျွန်တော့ထက် ငါးနှစ်ငယ်သည်။ ကျွန်တော်တို့ တိုင်းပြည်ကောင်းစားရေးအတွက် "လူစိတ်ရှိသူ နိုင်ငံသားကောင်း စိတ်ဓါတ်ရှိသူ” ဖြစ်၍ ညီအစ်ကိုရင်းသဖွယ် ခင်မင်စွာပေါင်းသင်းကြပါသည်။ ကျွန်တော်၏ မိခင်နှင့်ဖခင်တို့အားလည်း 'အမေ'၊ 'အဖေ' ဟုခေါ်၍ ကျွန်တော့မိဘများကလည်း အိမ်မှာ ဘုန်းကြီးဆွမ်းကပ်လျင် 'ငါ့တို့သား မောင်ကုလားလေးကိုပါ ဖိတ်ပါဟေ့' ဟုဆိုကာ ဖိတ်ကြားလေ့ရှိပါသည်။

ရဟန်းသံဃာတော်များကို လေးစားစွာ လျှောက်ထားပြောဆိုတတ်သူ ဖြစ်ပါသည်။

ယခု ဦးကိုနီ လုပ်ကြံခံရမှုအား ကျွန်တော့မိခင်ကြီး( ၉၇ )နှစ်အားအသိမပေးရဲသေးပါ။

ဦးကိုနီ လုပ်ခဲ့သမျှတွေထဲက …

(၁) ကျွန်တော်တို့ ၂၀၁၀ ရွေးကောက်ပွ္ဂဲ္ဂ၌ ကြိုတင်မဲနှင့် ပတ်သက်၍ ပြဿနာရှိခဲ့သဖြင့် ၎င်းကို ထိရောက်စွာကာကွယ်ရန် "ကြိုတင်မဲအန္တရာယ် မည်သို့ကာကွယ်နည်း" စာအုပ်လေးကို ပြုစု၍ ပညာပေးခဲ့ရာ များစွာထိရောက်သဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ တပြည်လုံးသို့ ဖြန့်ဖြူးဟောပြောစေရာ၌ ၂၀၁၅ ရွေးကောက်ပွဲအတွက် များစွာထိရောက်ခဲ့ကြောင်း အားလုံးအသိပင် ဖြစ်ပါသည်။ (ထိုစဉ်က ဆရာမောင်ဝံသလည်း မကွယ်လွန်သေး။ ထိုစာအုပ်လေးကို ဆရာဖေမြင့် (ယခုပြန်ကြားရေးဝန်ကြီး) နှင့် တိုင်ပင်၍ ပြည်သူ့ခေတ်မှ အများအပြား ထုတ်ဝေဖြန့်ဖြူးခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ NLD အောင်နိုင်ခြင်း၏ အရေးကြီးအပိုင်းတခု ဖြစ်ခဲ့သည်ကို အားလုံးအသိ ဖြစ်ပါသည်။

(၂) ကျွန်တော်တို့ တက်ရောက်ခဲ့ဘူးသော ဥပဒေပညာရပ်တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကျန်ပြဌာန်းဥပဒေတို့်၏ မိခင်ဥပဒေဖြစ်၍ ၎င်းကိုကျော်၍ (သို့) ဆန့်ကျင်၍ ပြဌာန်းမရပါ။ ၎င်းဖွဲ့စည်းပုံဥပဒေ ကို ပြည်သူများ နားလည်စေရန် ရှင်းရှင်းလင်းလင်း ဟောပြောနိုင်သူဖြစ်ပြီး အဘယ်ကြောင့် ယခု ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲ (သို့) အသစ်ဆွဲရန် လိုအပ်ကြောင်း ကျိုးကြောင်းခိုင်လုံစွာ ဟောပြောရှင်းလင်းနိုင်သူ ဖြစ်လေသည်။ (၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က NLD ကိုယ်စားလှယ်တော်ကြီးများကို နေပြည်တော်၌ ဒေါ်စု ကိုယ်တိုင်တက်ရောက်၍ ဦးကိုနီအား ဟောပြောစေပြီး အကျိုးရှိသဖြင့် ဒေါ်စုက ဦးကိုနီ နောက်နေ့ ဆက်နေပေးနိုင်မလားဟု မေးခဲ့သည်ကို ဆက်နေဟောပြောခဲ့ကြောင်း ထိုစဉ်က ကိုယ်စားလှယ်တော်ကြီးများ အသိဖြစ်ပါသည်။

(၃) ၂၀၁၅ ရွေးကောက်ပွဲအတွက်လည်း ၎င်းကိုယ်တိုင် America ၌ လေ့လာခဲ့သော ရွေးကောက်ပွဲမြေပုံဖြင့် NLD အင်အားကောင်းသောနေရာ ၊ NLD အားနည်း၍ ပိုမိုအားစိုက်ရမည့်နေရာ၊ သေခြာပေါက်နိုင်မည့်နေရာများကို ခွဲခြားပြနိုင်ခဲ့သည်။ တိုင်းပြည်အပေါ် စေတနာထားသူဖြစ်၍ "ခေတ်မီပညာတတ်ပေါများ၍ ဒီမိုကရေစီဝါဒဖြင့် "တိုင်းပြည်တိုးတက်စေလိုသူ ဖြစ်ပါသည်။

(၄) NLD အပေါ်၌ သစ္စာစောင့်သိ၍ ဒေါ်စုအား လေးစားသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ခန့်အပ်နိုင်ရန်ဆောင်ရွက်ခဲ့သူ ခေါင်းဆောင်များအနက် အဓိကတဦး ဖြစ်ခဲ့ပါသည်။ NLD ကိုယ်စားလှယ်တော်များအားလည်း သင်တန်းပို့ချရာ၌ စိတ်ရောကိုယ်ပါ စေတနာအပြည့်ဖြင့် မျှဝေပို့ချကြောင်း ကိုယ်စားလှယ်တော်ကြီးများ အသိဆုံးဖြစ်ပါသည်။

ယခုအခါ ပြုပြင်တည်ဆောက်နေဆဲ ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်အတွက် အကောင်းဆုံး ဖွဲ့စည်းပုံတရပ် ပေါ်ပေါက်ရေး၊ အပြည်ပြည်ဆိုင်ရာ ဖွဲ့စည်းပုံများထဲက မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး၊ အနာဂတ်လူငယ်များအတွက် အကောင်းဆုံး Constitution ဖြစ်လာရန် လေ့လာကြိုးပမ်းနေဆဲ …

"ဆရာရေ ကျွန်တော်တို့က နောက်ကျပေမယ့် သူများတွေရဲ့ အမှားတွေကိုယူပြီး ကျွန်တော်တို့ရဲ့နိုင်ငံ၊ အနာဂတ်လူငယ်တွေ၊ တိုင်းရင်းသားတွေအတွက် အကောင်းဆုံး ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတခုပေါ်လာဖို့ ကြိုးပမ်းရမယ်" ဆိုတဲ့ ညီငယ် နိုင်ငံသားကောင်းတယောက် ကြိုးပမ်းနေဆဲ မနေ့က သွေးအိုင်ထဲမှာလဲလျက် …

ကျွန်တော်တို့ ရင်ထဲမှာ၊ ဆရာကိုချစ်သော ပြည်သူတွေရဲ့ ရင်ထဲမှာတော့ ထာဝရ…

ဦးကိုနီ သို့မဟုတ်

မြန်မာ့ဒီမိုကရေစီ၏ "မဟူရာသူရဲကောင်း" သို့မဟုတ်

“မြန်မာ့ပုလဲနက်” …

ခင်မင်လေးစားလျက်
ဘိုင်အို - ဦးတင်အေး

ဆရာဦးတင်အေး၏ ခွင့်ပြုချက်နဲ့ သူ့ Facebook စာမျက်နှာပေါ်တွင် ရေးတင်ထားသော ဒီစာစု ပြန်လည်ဖော်ပြလိုက်ပါသည်။ ဓါတ်ပုံ -  နေပြည်တော်တွင် ဒေါ်စုအား အကြုံပြုစာတမ်းတင်ပြီး ပြန်ထွက်လာသော ဦးကိုနီ၏ပုံ။