ငြိမ်းသစ် - အမေ



ငြိမ်းသစ် - အမေ
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၇
အချိန်၃၀ လောက်ရှိတဲ့ဈေးဗန်းကို ခေါင်းမွှေးပြောင်အောင်ရွက်ပြီး ရှာဖွေရသမျှရောင်းကြေးလေးနဲ့ သူ့သားနှစ်ယောက် ရောက်လေရာထောင်တိုင်းကို ထောင်ဝင်စာလိုက်ပို့တယ်။
၉၀ခု ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေအောင်ပွဲခံတော့ အမေဟာလေ သနပ်ခါးလိမ်း သပြေပန်းပန်ပြီး ကွေးနေအောင် ကတော့တာပဲ။ ကျနောတို့က ရှက်လို့ လိုက်ဆွဲရတယ်။

 အမေက "သူ့ သားတွေ နောက်ထောင်မကျတော့ဘူး" တဲ့
နောက်တော့လည်း နိုင်ငံရေးသမားတွေ သောက်သောက်လဲ ထောင်ကျတော့တာပါပဲ။

ကျနော် မော်လမြိုင်ထောင်ရောက်တော့ ထောင်ဝင်စာ နှစ်ခါလာတွေ့တယ်။

 " မင်း အမေ့ကို ဝအောင်ကြည့်ထား နောက်အခေါက်တွေ အမေလာနိုင်တော့မှာမဟုတ်ဘူး ဒါ အမေနဲ့ နောက်ဆုံးတွေ့တာဖြစ်လိမ့်မယ် "တဲ့
ကျနော် ထောင်က လွတ်ဖို့ ၃ နှစ်အလို ၂၀၀၅ ခုနှစ်မှာ အမေဆုံးပါးခဲ့တယ်။
ကျနော်ထောင်ကလွတ်ရင် အမေ့ထမီလျှော်ပေးချင်တယ် ၊ အမေနဲ့အတူ ဝိပဿ နာ တရားစခန်း ဝင်ချင်တယ် ၊အမေ့လက်ရာ ဘယာကြော်ချက်လေးနဲ့ ငပိအုံးလေးစားချင်တယ်၊ အဲဒီအတွေးတွေ ဒီဘဝ ဒီသံသရာ ဝေးခဲ့ပါပြီ ။ အမေဟာ ဂေါ်ကီရဲ့ "အမေ"ဝတ္တုထဲက အမေဇာတ်ကောင်ကို အတော်သဘောကျတယ်။


ကျနော် အမေ့ကို ကျေးဇူးဆပ်နိုင်တာတစ်ခုပဲရှိတယ်။

ဘာလဲဆိုတော့ အမေ့ကို တော်လှန်ကဗျာတွေ ၊ဝတ္ထုတွေ၊ ဇာတ်တော်တွေဖတ်ပြခဲ့တယ် ။

ပြီးတော့ .. . စာလုံးလုံးမတတ်တဲ့အမေ့ကို အမေ့နာမည်လေးရေးပြီး လက်မှတ်ထိုးတတ်အောင်
သင်ပေးခဲ့တယ်။ 

ဒါပါပဲ
အမေ ကောင်းရာဘုံဘဝရောက်ရှိပါစေ။

(သူ့ဖေ့စ်လွတ်က ယူပါတယ်)