နရီမင်း ● ပေါ်တင်လိမ်တဲ့ ဆောင်း


နရီမင်း ● ပေါ်တင်လိမ်တဲ့ ဆောင်း
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၇

အကြာကြီး ပူလောင်ခဲ့သမျှ
အေးမြစေရမယ်တဲ့
ဆောင်းဟာ
ကတိက၀တ်တွေနဲ့အတူ ရောက်လာခဲ့။

အပူဒဏ်ရာ မိတ်ဖုကြီးတွေကို
မိတ်ဖက်ပြုရင်း
ယုံစားမိတဲ့ဆောင်းကို
ငါတို့ မျှော်ခဲ့ရတယ်။

နွေနွေဆောင်းဆောင်း
ခလုတ်နှိပ်ပြောင်းလို့ရတဲ့
အဲကွန်းနဲ့ ဘဝတွေကတော့
ဆောင်းကို မျှော်မတဲ့လား။

အဲကွန်းတွေ ဖွင့်လွန်းတဲ့အခါ
အပြင်ကဘဝတွေက
ပိုပြီးပူလောင်လို့လာတယ်။

တကယ်တော့ ဆောင်းဟာ
ငါတို့ဆီ ရောက်မလာခဲ့ပါဘူး။

အဲကွန်းခန်းထဲ တန်းဝင်သွားတဲ့ ဆောင်းက
သူ့ကိုယ်သူတောင်
ပူမှန်းအေးမှန်း မသိတော့ဘူးတဲ့လေ။

ကိုယ်တိုင် အအေးကြိုက်တဲ့ဆောင်း
ဖွံ့ဖြိုးမှုမိတ်ဖက်တွေရဲ့ဆောင်းအတွက်
မိတ်ဖုကြီးတွေက
ရန်ဘက်ဖြစ်လာခဲ့ပြီ။

မိတ်ဖုတွေဟာ သူနဲ့မဆိုင်ဘူးလို့
တွင်တွင်ငြင်းရင်းက
ဆောင်းဟာ နွေထဲ ပျော်ဝင်သွားလိုက်တာ
ညတာရှည်ခြင်းသာ အဖတ်တင်ပါတယ်။

ကတိပျက်တဲ့ ဆောင်းမှာ
တစ်နေ့တာ အေးဖို့အရေး
ရေခဲတိုက်ထဲ ဝင်ကွေးဖို့သာ ရှိတော့ရဲ့။
နောက်နေ့ မီးရှို့မခံရခင်အထိပေါ့။

နရီမင်း
၇၊ ၁၊ ၂၀၁၇