မိုက်ခဲစိန် - လူပြိန်းကြိုက် အမေရိကန်သမ္မတကြီး ထရန့်ကို အမျိုးသမီးထုက ဆန့်ကျင်ကန့်ကွက်ပွဲများနှင့် ကြိုဆို



မိုက်ခဲစိန် - လူပြိန်းကြိုက် အမေရိကန်သမ္မတကြီး ထရန့်ကို အမျိုးသမီးထုက ဆန့်ကျင်ကန့်ကွက်ပွဲများနှင့် ကြိုဆို
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၇

အမေရိကန်သမ္မတ ၄၅ ဦးမြောက်အဖြစ် မဲဆန္ဒရှင်များက သေဌေးကြီး ဒေါ်နယ်ထရန့်ကို ရွေးချယ် တင်မြောက်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့က ၀ါရှင်တန်ဒီစီမြို့တော်မှာ သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီး တိုင်းပြည်အာဏာကို လွှဲပြောင်းရယူခဲ့ပါတယ်။ လက်ရှိ ၂၀ ရာစုနဲ့ ၂၁ ရာစု အမေရိကန်သမ္မတသမိုင်းမှာ ပြည်သူတွေများကြားထဲ အငြင်းပွားစရာ အဖြစ်ဆုံး၊ လူထုချင်း စိတ်ဝမ်းကွဲပြားစရာ အဖြစ်စေခဲ့ဆုံးသော သမ္မတရွေးချယ်မှုနဲ့ တက်လာတဲ့ သမ္မတကြီးပါ။ သူရဲ့ မဲဆွယ်ပွဲမှာကော သမ္မတအဖြစ် အနိုင်ရပြီးနောက်ပိုင်းမှာပါ လောလောလတ်လတ် သမ္မတကျမ်းသစ္စာဆိုပြီး ပထမဦးဆုံး မိန့်ခွန်းမှာပါ ပါးစပ်ထဲရှိတာ ပြောချင်ရာ ကမူးရှူးထိုး တုတ်ထိုး အိုးပေါက် ပြောသွားတာတွေနဲ့ အဲသည်လို ပြောတာကိုမှ သည်းခြေကြိုက်တဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုတွေ ရှိနေတာကြောင့် သူ့ကို လူပြိန်းကြိုက် သမ္မတကြီးလို့ပဲ နောက်ဆို အာလုပ်ပြု ခေါ်ကြရတော့မှာ ဖြစ်ပါတယ်။



အမေရိကန်ပြည်ကြီးကို ပြန်ပြီး ကြီးကျယ်အောင်လုပ်မယ်။ အမေရိကန်သာ ပထမဦးစားပေးဖြစ်တယ်။ အမေရိကန်လုပ်ပစ္စည်းတွေသာ ၀ယ်ကြပါ။ အမေရိကန်ပေးစာကမ်းစာနဲ့ စားသောက်နေကြတဲ့ တစိမ်းတွေ နောက်ဆုတ်ကြ။ အမေရိကန်အာဏာကို အမေရိကန်ပြည်သူတွေဆီကို ပြန်ပေးအပ်လိုက်ပြီ။ အမေရိကန်ကို လုပ်စားနေတဲ့ နိုင်ငံရေးသမားတွေ နေ၀င်ချိန်ရောက်ပြီ။ အချုပ်အခြာအာဏာပိုင်စိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နဲ့ ပြည်ထောင်စု မပြိုကွဲရေးကို ဟောပါတယ်။ ပြည်တွင်း ပြည်ပ အဖျက်သမားရန်က ကာကွယ်ကြဖို့ကိုလည်း လှုံဆော်ပါတယ်။ ပုဆိန်ရိုးတွေကိုလည်း ဆန့်ကျင်မယ်လို့လည်း ကြွေးကြော်လိုက်ပါတယ်။ ဒါတွေဟာ မြန်မာပြည်က စောမောင်၊ သန်းရွှေ၊ ခင်ညွန့်၊ သိန်းစိန်တို့ စစ်ခေါင်းဆောင်တွေအောက်က ဖြတ်သန်းဖူးသူ မြန်မာပြည်သူတွေအတွက်ကတော့ အဆန်းတကျယ် မဟုတ်ပေမယ့် အမေရိကန်တွေကတော့ ထရန့်သမ္မတကြီးက အခုလို လူပြိန်းကြိုက်စကားတွေ ရဲရဲတောက် ပြောလိုက်တော့ အဟုတ်မှတ်ပြီး သည်းခြေတွေ ခွေ့နေ သဘောတွေ တွေ့နေကြပုံရပါတယ်။ ဒါကြောင့် လူပြိန်းကြိုက်သမ္မတကြီးလို့ ညွှန်းရတော့မှာ ဖြစ်ပါတယ်။



ဇန်န၀ါရီ ၂၀ ရက်နေ့ ၀ါရှင်တန်မှာ ကျမ်းသစ္စာကျိန်ဆိုတော့ ပွဲတော်ကို ထောက်ခံသူပရိသတ်ထက် သူ့ကို ဆန့်ကျင် ကန့်ကွက်တဲ့ လူထုပရိသတ်က ပိုများပါတယ်။ မဟာပူရိသဖိုဝါဒ ခေတ်နောက်ပြန်ဆွဲသူ ကုဋေကြွယ် အာဏာရှင်ဆန်သူ အမေရိကန်သမ္မတကြီးအဖြစ် အုပ်ချုပ်တော့မယ့် ဒေါ်နယ်ထရန့်ကို ခေတ်သစ် မျိုးဆက်သစ် အတွေးအခေါ်ဆန်းသစ်သူ ၂၁ ရာစု အမျိုးသမီးလူထုကြီးက လုံးဝထောက်ခံခြင်း မပြုကြောင်း၊ ကန့်ကွက် ဆန့်ကျင်သွားမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ women's march တွေမှာ လူထု သန်းနဲ့ ချီပြီး ချီတက် ကန့်ကွက်နေကြတာကို တကမ္ဘာလုံးက မြင်တွေ့နေကြပြီ ဖြစ်ပါတယ်။

လူပြိန်းကြိုက် ပေါ်လစီတွေကတော့ ပြောင်းရွေ့အခြေချသူတွေကို နှင်ထုတ် ကန့်သန့်မယ်ဆိုတဲ့ သဘောထား၊ ပညာရေးမှာ မိဘတွေက ရွေးချယ်ခွင့်ရှိတယ်၊ အစိုးရက ဘာမှ ၀င်ပါမနေနဲ့ ဆိုတာမျိုး၊ ကျန်းမာရေးဆိုတာ ကိုယ်ရေးကိုယ်တာကိစ္စမို့လို့ အစိုးရက လူတွေ နေမကောင်းဖြစ်တာ ၀င်ကုပေးနေစရာ မလိုဘူးဆိုတဲ့ သဘောထားတွေ။ လူတွေ ချမ်းသာတာ တော်လို့ ချမ်းသာတာ ဘာမှ ၀င်မနာလိုဖြစ်မနေနဲ့၊ ဆင်းရဲတာ ကိုယ့်ဖာသာ ညံ့လို့ မွဲနေတာ၊ သူတို့ကို ၀င်ကယ်ဖို့ မလိုဘူးဆိုတာမျိုးတွေဟာ သမ္မတကြီး ထရန့်ရဲ့ လူပြိန်းကြိုက် ၀ါဒတွေ ဖြစ်ပါတယ်။ မိန်းမတွေ ဆိုတာ ယောကျာ်းစကား နားထောင်ရမယ်၊ သူတို့ ကိုယ်ဝန်ဆောင်တာ ကလေးမွေးတာကို ဘုရားသခင်နဲ့ ယောကျာ်းသားတွေက ၀င်ရောက် စီမံခွင့်ရှိတယ်လို့ သဘောထားတဲ့ စကားတွေ ထရန့်က ပြောဆို ဟောပြောတာမို့ တိုးတက်တဲ့အတွေးအခေါ်ရှိတဲ့ အမျိုးသမီးတွေက ထရန့်ကို ခါးခါးသီးသီး ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။ သူတို့အတွက်ကတော့ လူပြိန်းကြိုက်သမ္မတကြီးဟာ သူတို့ သမ္မတမဟုတ်ဘူး။ Fake 45 လို့ ဆိုင်းဘုတ်တွေ ရေးထားကြပါတယ်။



ဒေါ်နယ်ထရန့်ဟာ သူ့ ၄ နှစ်တာ သမ္မတသက်တမ်းအစမှာတင် အဖုအထစ်တွေ အတိုက်အခံတွေနဲ့ စတင် ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။ ထရန့်ရဲ့ ပါတီ ကျောထောက်နောက်ခံ ရီပတ်ဘလစ်ကန်ကလည်း ထရန့်ဘက်က အပြတ်ရပ်မယ် ပြောနေသလို အတိုက်အခံ ဒီမိုကရက်ပါတီနဲ့ အမေရိကန်ပြည်က နိုင်ငံသားအခွင့်အရေး တိုက်ပွဲဝင်သူ အဖွဲ့အစည်းတွေကတော့ ထရန့်ရဲ့ လွဲမှားတဲ့ ပေါ်လစီတွေ အလုပ်တွေကို တောက်လျောက် ဆန့်ကျင် တိုက်ပွဲဝင်သွားကြမယ်လို့ ဆိုပါတယ်။

 လက်ရှိမှာတော့ သမ္မတကြီး ထရန့်က တချက်လွှတ်အာဏာနဲ့ အိုဘားမားကျန်းမာရေးစောင့်ရှောက်မှုဟာ ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် ဆက်လုပ်ကြဖို့ အမိန့်ထုတ်ထားပါတယ်။ သဘောကတော့ အိုဘားမားကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ပြင်ချင်သလို ပြင်ကြဖို့ မီးစိမ်းပြလိုက်တာ ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုမရှိတဲ့ လူ ၃၀ သန်းလောက် စောင့်ရှောက်မှုပေးထားတဲ့ ကျန်းမာရေးဥပဒေကတော့ မျက်ခုံးစလှုပ်နေပါပြီ။ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကတော့ လမ်းပေါ်ထွက် တိုက်ပွဲဝင်နေကြရပြီ ဖြစ်ပါတယ်။

ဆက်လက်ပြီး စောင့်ကြည့်ကြပါဦးစို့။ လူပြိန်းကြိုက် သမ္မတကြီးကတော့ လက်လွတ်စပယ် ပြောချင် ပြောနေဦးမှာပါ။ မိန်းမတွေက ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ လမ်းပေါ်ပဲ ထွက်ချင်တယ် ဆိုပြီးတော့။ ဒီလိုမျိုး တွစ်တာပေါ် တင်လိုက်ရင် လူပြိန်းတွေကလည်း သည်းခြေကြိုက်ပြီး ၀ိုင်း လိုက်ခ် နေကြဦးမှာပါ။