ခင်လွန်း ● မိုးလေ အရိပ်အမြွက်



ခင်လွန်း ● မိုးလေ အရိပ်အမြွက်
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇

နွေလဲ မိုးရွာတယ်
ဆောင်းလဲ မိုးရွာတယ်
မိုးလဲမိုးရွာတယ်
မိုးချည်းပဲရွာနေတော့
ဆိုစကားလေးတခုကို ဒီလိုပြင်ရင်ကောင်းမလား

"နှင်းတွေ ဒီလောက် သိပ်သိပ်သည်းသည်းကျနေမှတော့
ပဲပင်လေးတွေ အညှောင့်ထွက်နိုင်ကြမှာမဟုတ်ဘူး .."

မိုးတွေ ဒီလောက်ရွာနေရင်
င့ါအိမ်ရှေ့ဆင်ဝင်အောက်လာနေကျ
ငှက်ကလေးတွေ လာနိုင်ပါတော့မလား
မင်းတို့အစာစားကြရရဲ့လား
မင်းတို့အချင်းချင်းကြား ချစ်ကြ မျိုးပွားကြသေးရဲ့လား
ငါ့မှာတော့
ကဗျာသာ မိုးခေါင်ကောင်းတုန်းရာသီဖြစ်ရပေါ့ကွယ် ။ ။
-
ခင်လွန်း
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
နံနက်- ၉း၁၅ နာရီ
+ ဟလ်မီတန် - ၅