အောင်မော်ဦး ● မေမေနဲ့ တိုင်ပြောမယ်

အောင်မော်ဦး ● မေမေနဲ့ တိုင်ပြောမယ်
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၇

ပုံမှန်အားဖြင့်ဆိုလျှင် ကျနော်က facebook ကို သိပ်မသုံးဖြစ်။ ရွေးကောက်ပွဲမတိုင်မီက ပြိုင်တူတွန်းလျှင် ရွေ့ရမည်ဟူသည့် မူနှင့် စာနည်းနည်းရေးဖြစ်သည်မှလွဲ၍ ဇနီးသည် ဒေါ်နက်က ဒီဟာလာဖတ်ကြည့်ဟုခေါ်လျှင် သွားဖတ်လိုက်သည်။ ရံခါ သူဖတ်ပြီးသည်ကို ပြန်ပြောပြလျှင် နားထောင်လိုက်သည်။ ဒေါ်နက်ခရီးသွားချိန်တွင်မှ (သူ့ကိုသတိရတာပြေလိုပြေငြား) ဟိုဟိုသည်သည် လျှောက်ကြည့်ဖြစ်သည်။ လူဟောင်းများနှင့် ပြန်တွေ့ရသလို မိတ်ဆွေသစ်များလည်းတိုးရသည်။ သို့သော် အမည်ခွဲနှင့် အကောင့်ဖွင့်ထားသူများကိုမူ ဓာတ်ပုံနှင့်တွဲတွေ့ပါမှ သြော် ဘော်ဘော်တွေကိုး ဟူ၍ ငယ်ရုပ်ဖမ်းယူရသည်။

မူလက ကျနော်အကောင့်တွင် မိတ်ဆွေဟောင်းများနှင့် ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ စသည့်အနုပညာသည်များချည်းသာ ရွေးထည့်ထားသည်။ အဓိကအားဖြင့် စာဖတ်ချင်လှ၍ ဖြစ်သည်။ သို့သော် ယခုနောက်ပိုင်း စာလေးဘာလေးရေးဖြစ်သည့်အခါ ယခင်ကထက် မိတ်ဆွေနည်းနည်းပိုတိုးလာသည်။ ပုံမှန်အားဖြင့်ဆိုလျှင် မနက်အလုပ်မသွားမီ အကြမ်းတကြောဖွင့်ကြည့်၍ ညနေအလုပ်ပြန်ချိန်မှ မနက်က တေးထားသည်များကို စိမ်ပြေနပြေ ဖတ်ဖြစ်သည်။ သို့သော် တနေ့ထက်တနေ့ တိုးတိုးလာသည့်ပိုစ့်များကြောင့် ကျနော်ဖတ်ချင်သည့်စာ၊ ကဗျာ၊ ခံစားချင်သည့် ပန်းချီ၊ ဓာတ်ပုံ စသဖြင့် တော်တော်နှင့်ပြန်ရှာ၍မတွေ့တော့။ ဖတ်ပြီးသားများအား ပြန်ဖတ်ခွင့်ကိုမူ အိပ်မက်မျှပင် မမက်ရဲတော့။

ကိုယ့်ထက်မိတ်ဆွေပမာဏများသူများ မည်သို့များနေရှာလေမလဲဟူ၍ မေးစမ်းကြည့်မိသည်။ ခိုလိုငြီးတွားကြသည့် သူတို့၏ရင်ဖွင့်သံများအားကြားရသည့်နောက် “သြော် …အွန်လိုင်းဒုက္ခသည်များ ပါလား” ဟူ၍ ကရုဏာသက်မိသည်။ သို့နှင့် သူတို့ပြောသည့် အကောင့်များအား ဝင်ရောက်စူးစမ်း ကြည့်မိသည်။ ဤတွင်မှ အွန်လိုင်း၌ အုပ်စုဖွဲ့သောင်းကျန်းနေကြသည့် “အွန်လိုင်းဂိုဏ်းကြီးများ“ကို သွားတွေ့မိသည်။ ပထမတော့ ဒေါသထွက်ထွက်နှင့် သူဆဲကိုယ်ဆဲ၊ သူဆော်ကိုယ်ဆော် ချမည်ဟု စဉ်းစားလိုက်သေးသည်။ သို့သော် တဖြေးဖြေးနှင့် သူတို့ရည်ရွယ်ချက်ကို ကောက်ချက်ချလာနိုင်သည့် အခါ အွန်လိုင်းဂိုဏ်းဗျူဟာအောက် ထောင်ချောက်မိနေကြသည့် ကိုယ့်လူများ (မိမိဘက်တော်သား များ) ကို ပြန်ဆွဲထုတ်မှ ဖြစ်မည်ဟုဆုံးဖြတ်လိုက်သည်။

ကျနော်တွေ့မိသည့် အွန်လိုင်းဂိုဏ်းများထဲမှ အကြီးမားဆုံးနှင့် ကြောက်စရာအကောင်းဆုံး ဂိုဏ်း တဂိုဏ်းမှာ “NLD ထောက်ခံ၊ အမေစုကိုချစ်ကြသူများ၊ သီးသန့်“ ဟူသည့် ဂိုဏ်းကြီးဖြစ်ပါသည်။ လောလောဆယ် အဖွဲ့ဝင်ပေါင်း တသိန်းသုံးသောင်းခန့်နှင့် စီမံခန့်ခွဲသူ ၂၀ ကျော်ရှိပါသည်။ အခြားမပြောနှင့် ဂိုဏ်းအမည်ကိုကပင် အထူးသံသယရှိစရာ ကောင်းနေပါသည်။ ယင်းဂိုဏ်း၏အမည်အား (၃)ပိုင်းခွဲ၍ နားလည်ရပါသည်။ ပထမတခုက “NLD ထောက်ခံ”ဖြစ်၍ NLD ပါတီကို ထောက်ခံသူများဟု နားလည်ရပါသည်။ ဒုတိယတခုက “အမေစုကိုချစ်သူများ”ဟုဆိုသဖြင့် သြော် .. အမေစုကို မိခင်သဖွယ်ချစ်ကြသူများဟု နားလည်ရပါသည်။ တတိယတခုက “သီးသန့်“ဟူ၍ ဖြစ်ပါသည်။ ဤစာလုံးအရောက်၌ “ဘ“ခြောက်လုံး ကုန်အောင်စဉ်းစားပါသော်လည်း နည်းနည်းမျှ နားမလည်ပါ။ သူ့တလုံးတည်း၏ အဓိပ္ဗာယ်ကို နားမလည်သဖြင့် အရှေ့က နှစ်လုံးဖြင့်တွဲကြည့်ပါသည်။ “NLD ထောက်ခံသူများ (သီးသန့်)”၊ “အမေစုကို ချစ်ကြသူများ (သီးသန့်)“၊ “NLD ထောက်ခံသူနှင့် အမေစုကိုချစ်ကြသူများ (သီးသန့်)” စသဖြင့် အဓိပ္ဗာယ် ထွက်လာပါသည်။ သု့ဆိုလျှင် NLD ကို သူတို့သာလျှင် (သီးသန့်) ထောက်ခံကြမည်။ သို့ဆိုလျှင် အမေစုကို သူတို့သာလျှင် (သီးသန့်) ချစ်ကြမည်။ သူတို့ချည်းထီးတည်း သီးသီးသန့်သန့်။ “ဗွီအိုင်ပီမှအပ မည်သူမျှ မဝင်ရ“။

ကျနော်တို့ဖတ်ဖူးသည့်ဝတ္တုများ၊ ကြည့်ဖူးသည့်ရုပ်ရှင်များ၌ အမှုနှင့်ပတ်သက်သည့် သဲလွန်စအား လူဆိုးက ချန်ရစ်ခဲ့လေ့ရှိသည်ကများသဖြင့် ဤအမှု၌လည်း လူဆိုးမှပင် သဲလွန်စချန်ရစ်ခဲ့ပေ လိမ့် မည်။ ထို့ကြောင့် “သီးသန့်“ဟူသည့်စကားလုံးသည် ဤအမှုအတွက် လုံလောက်သည့် သဲလွန်စတခု ဖြစ်မည်ဟုထင်မိသည်။ နိုင်ငံနှင့်အဝန်း သန်းနှင့်ချီသည့်ပါတီဝင်များဖြင့် စုဖွဲ့ထားသည့်ပါတီကြီး တခုအား လူတသိန်းသုံးသောက်လောက်က အဖွဲ့ငယ်လေးတခုဖွဲ့၍ (သီးသန့်) ထောက်ခံခြင်း၊ (သီးသန့်) ချစ်ကြခြင်း။ ပါတီဝင်မဟုတ်သည့် သန်းငါးဆယ်ကျော် ပြည်သူလူထုကြီး၏ ထောက်ခံမှု၊ ချစ်ခင်မှုကို မထေမဲ့မြင်ပြု၍ (သီးသန့်) ထောက်ခံခြင်း၊ (သီးသန့်) ချစ်ကြခြင်း။ ကျနော့်စိတ်တွင် ပိုရှင်းသွားသည်။ “သီးသန့်“ဟူသည့် စကားလုံးအား “မောင်ပိုင်စီးခြင်း“ သို့မဟုတ် “အိမ်ကြီးကြီးထဲ၌ အိမ်သားသားလေးဆောက်ခြင်း” ဟု အဓိပ္ဗာယ်ဖွင့်နိုင်သွားသည်။

သို့နှင့် သူတို့ဂိုဏ်းသူဂိုဏ်းသားများတင်သည့် ပိုစ့်များအား လေ့လာကြည့်မိသည်။ အဓိကအားဖြင့် နှစ်မျိုးနှစ်စားသာတွေ့ရသည်။ ပထမအမျိုးအစားမှာ ဘုရားပုံ(စေတီပုံ၊ ဆင်းတုတော်ပုံ၊ ဘုန်းကြီးပုံ)များအား နေ့ညမပြတ်တင်၍ ရှယ်လိုက်လျှင် ကုသိုလ်ရမည်၊ ငွေဝင်မည်ဟုရေးထားမည်။ ဒုတိယအမျိုးအစားမှာ အမေစု၏ဓာတ်ပုံမျိုးစုံကို မူရင်းအတိုင်းရော၊ စိတ်ကြိုက်ပြုပြင်၍ပါ နေ့ညမပြတ်တင်၍ အမေစုကိုမထိနဲ့ မီးပွင့်သွားမယ်ဟူသည့်သဘော ရေးထားမည်။ ဘုံတူသည့်အချက်မှာ တဦးနှင့်တဦး မင်္ဂလာပါဟုပြော၍ အပြန်အလှန် like လုပ်မည်။ အပြန်အလှန် share ကြမည်။ ထိုသို့ တလုံးတည်းရေး၍ တသံတည်းထွက်နေကြပုံကိုကြည့်ရသည်မှာ စစ်ရေးပြအခမ်းအနားတခုကို ကြည့်နေရသည်နှင့်တူလှသည်။ ဤနည်းလမ်းများဖြင့် အွန်လိုင်းယာဉ်ကြောပိတ်ဆို့မှုဖြစ်အောင်လုပ်ဆောင်နေကြသည်။ အကြောင်းအရာတခုခုကို လေ့လာချင်သူများ၊ ရသတခုခုကို ခံစားလိုသူများ ရှာဖွေလေ့လာရခက်အောင်၊ ဘေလ်ကုန်အောင် လုပ်ဆောင်နေကြသည်။ အွန်လိုင်းဆက်သွယ်ရေးနှင့် အွန်လိုင်းလေ့လာရေးအား (အလံရှူးများက) အကောက်အယူလွဲအောင် လုပ်ဆောင်နေကြသည်။

ပါတီဝင်အရေအတွက် သန်းနှင့်ချီရှိသည့် NLD သည် ပြည်သူ့ပါတီတရပ်ဖြစ်သဖြင့် မိမိပါတီ ကြီးထွား ရေးအား သေးကျုံ့စေမည့် (သီးသန့်) ဟူသည့်ကိစ္စမျိုးအား မည်သည့်အခါမျှ လုပ်လိမ့်မည် မဟုတ်။ အမျိုးသားနိုင်ငံရေးလမ်းစဉ်ကို ကိုင်စွဲထားသည့် NLD အနေဖြင့် အမျိုးသားနိုင်ငံရေးအား ကျဉ်းမြောင်း စေမည့် (သီးသန့်) ဟူသည့် ကိစ္စမျိုးအား မည်သည့်အခါမျှ စဉ်းစားလိမ့်မည်မဟုတ်။ ထို့အတူ ပါတီ ရှင်သန်ရေးနှင့် လူထုထောက်ခံမှု ပိုမိုရရှိရေးအတွက် အခြားပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ် စသဖြင့်တို့နှင့် လက်တွဲလုပ်ဆောင်ရန် အစဉ်ထာဝရ (သီးသန့်မဟုတ်သည့်) လမ်းဖွင့်ထား ပေလိမ့်မည်။ လက်တွေ့အားဖြင့်လည်း NLD က လူထုကြားဆင်း၍ လက်တွေ့ကျကျ စည်းရုံးနေပေ သည်။

ထို့အတူ ယခုကာလ၌ NLD ပါတီအနေဖြင့် ပါတီတည်ဆောက်ရေးနှင့် တိုင်းပြည်ထူထောင်ရေးအား တပြိုင်တည်းလုပ်နေရချိန်လည်း ဖြစ်ပေသည်။ ထို့ကြောင့် တကဲ့ NLD ပါတီဝင်များ၊ အမေစု ချစ်သူများအနေဖြင့် ပါတီတည်ဆောက်ရေးလုပ်ငန်း၊ တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတို့ကို မနားမနေလုပ်နေကြရပေလိမ့်မည်။ အလုပ်နှင့် လူပင်မမျှ၍ ဗော်လန်တီယာများပင် ပါဝင်ကူညီနေကြ ရသည်ကိုလည်း တွေ့နေရပေသည်။ ကျနော့်အထင်ဆိုလျှင် NLD ပါတီဝင်များ၊ အမေစုချစ်သူများ အနေဖြင့် ပါတီတွင်းလေ့လာရေးလုပ်ငန်းများ၊ စာဖတ်ဝိုင်းများ၊ သင်တန်းများ၊ လူထုစည်းရုံးရေး လုပ်ငန်းများ၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ စသဖြင့် နားရသည်မရှိ အားကြိုးမာန်တက် လုပ်ကိုင်နေကြရချိန်လည်း ဖြစ်မည်ထင်ပါသည်။ ထို့ကြောင့် မည်သူမျှ အားအား ယားယား အွန်လိုင်းပေါ်တက်၍ လတ်လျားလတ်လျား လမ်းသလားနေကြမည်မဟုတ်ဟု ယုံကြည်မိ ပါသည်။

ထို့ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးထင်ကျော်တို့က “လူငယ်တွေ စာဖတ်ဖို့၊ ရသစာပေတွေဖတ်ဖို့နှင့် အွန်လိုင်း၌ အချိန်မဖြုန်းကြဖို့” သတိပေး ပြောကြားနေကြခြင်း ဖြစ်ပေ လိမ့်မည်။ ထို့ကြောင့် ထိုဂိုဏ်းများ၏ လှည့်ဖျားမှုထောင်ချောက်ထဲသို့ ရောက်မှန်းမသိ ရောက်နေ ကြသည့် NLD ကို အမှန်တကယ်ထောက်ခံကြသူများ၊ အမေစုကို အမှန်တကယ် ချစ်ကြသူများ အနေဖြင့် အမေစုနှင့် သမ္မတကြီးတို့ပြောသည့်စကားကို သေချာ ဝေဖန်သုံးသပ်ကြစေလိုပါသည်။

ဘုရားပုံများ၊ ဘုန်းကြီးပုံများ၊ အမေစုပုံများအား ဘေလ်ကုန်ခံ၍ ပလူပျံနေအောင်တင်နေကြမည့်အစား အွန်လိုင်းလူမှုကွန်ယက်ကို လေ့လာရေးကိရိယာသဖွယ် အသုံးပြုကြစေချင်သည်။ ပထမအဆင့်အားဖြင့် သူများရေးထားသည်များအား များများဖတ်ရှုကြရန်လိုပါသည်။ ထို့နောက် ကြိုက်နှစ်သက်လျှင် like လုပ်၍ အခြားသူများပါ ဖတ်သင့်သည်ထင်လျှင် share နိုင်ပါသည်။ ထိုသို့ စာများများဖတ်ပြီးပါက သူတို့ရေးထားသည့်စာပေါ်တွင် မြင်မိသည့် မိမိ၏အမြင် (ကွန်းမင့်) ကို ရေးဖြစ် လာပါလိမ့်မည်။ ထိုမှတဆင့်တက်၍ မိမိ၏ကုယ်ပိုင်အမြင်ကို မိမိဘာသာရေးသား ဖော်ပြသည့် အဆင့်သို့ တက်လှမ်းသွားပါလိမ့်မည်။ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်အယူအဆကို ကဗျာဟန်၊ စကားပြေ ဟန်၊ ကာတွန်းဟန် စသဖြင့် မိမိနှစ်သက်ရာပုံစံဖြင့် ဖော်ပြနိုင်ပေသည်။ ဤနည်းအားဖြင့် မိမိအတွက် အကျိုးရှိစေရုံမျှမက မိမိပါတီနှင့် မိမိချစ်သည့်အမေစုတို့ပါ အကျိုးရှိစေမည့် တာဝန်များကို ထမ်းဆောင်သွားနိုင်ပေလိမ့်မည်။

သူတပါး၏ဝေဖန်ထောက်ပြမှုအား ကြိုဆိုရုံမျှမက မိမိတို့ကိုယ်တိုင်ကပါ မိမိတို့ပါတီကို ဝေဖန်ထောက်ပြကြရန် လိုပေသည်။ သို့မှသာ ပါတီအကျိုး၊ အမေစုအကျိုးအား အမှန်တကယ် သယ်ပိုးရာ ရောက်ပေလိမ့်မည်။ ထိုသို့ဝေဖန်ထောက်ပြနိုင်ရန်အတွက် စာများများဖတ်ကြ၍ များများ လေ့လာကြရန်လိုပေမည်။ ထို့ကြောင့် ဘုရားပုံများ၊ ဘုန်းကြီးပုံများအား မိမိတို့ဦးထိပ်၌ပန်ဆင်၍ အမေစုပုံများအား မိမိတို့ရင်ထဲ၌သိမ်းထားကာ မိမိတို့အမြင်၊ မိမိတို့အယူအဆများအား တင်ပြကြရပေလိမ့်မည်။ ထို့အတူ အခြားသူများတင်ပြလာသည့် ၎င်းတို့အမြင်၊ ၎င်းတို့၏အယူအဆများ အားလည်း မိမိတို့၏ဖြတ်သန်းမှု၊ မိမိတို့၏အတွေ့အကြံများနှင့် ပေါင်းစပ်၍ ဝေဖန်ပိုင်းခြားကြရန် လိုပေလိမ့်မည်။

အကယ်၍ NLD ပါတီဝင်တဦးဦး အွန်လိုင်း၌ အရည်မရအဖတ်မရလုပ်၍ လတ်လျားလတ်လျား လမ်းသလား နေသည်ကို တွေ့မိပါက ကျနော်တို့ကတော့ သူတို့ချစ်သည့် မေမေနှင့် တိုင်ပြောရ ပေလိမ့်မည်။

လူငယ်များအား ထောင်ချောက်ထဲဆွဲသွင်းနေကြသူများအနေဖြင့် “မေမေဆူရင် ငါ့ဆီပြေးခဲ့“ ဟူ၍တော့ ပြောမည်မကြံလေ နှင့်။ ဂိတ်ဝ၌ အန်ကယ်ဦးဝင်းထိန် မားမားကြီးရပ်နေပေသည်။ စည်းကမ်းကြီးသည့် အန်ကယ့်အကြောင်းကိုလည်း သိကြသည့်အတိုင်းမို့ ပြောမရလျှင် “နားရင်း ဖုန်ထအောင် ကျင်းပစ်မည်“မှာ မြေကြီးလက်ခတ်မလွဲဟု ထင်မိပေသည်။

ချစ်ကြည်စွာဖြင့်
အောင်မော်ဦး
၂၇၊ ဇန်န၀ါရီ၊ ၂၀၁၇။