မောင်ခိုင်အောင် (စစ်တွေ) ● ကျောက်ဖြူမှသည် အိမ်ဖြူတော်ဆီသို့ (ဒုတိယပိုင်း)

မောင်ခိုင်အောင် (စစ်တွေ) ● ကျောက်ဖြူမှသည် အိမ်ဖြူတော်ဆီသို့ (ဒုတိယပိုင်း)
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇

(၅)
မေလ ၁၉ ရက်နေ့ ထုတ် "နယူးယောက်တိုင်းမ်" သတင်းစာကြီး၏ သဘောထားအမြင်ကဏ္ဍတွင် ဆောင်းပါးတစ်ပုဒ် ပါလာသည်။ ဤ သတင်းစာသည် နိုင်ငံတကာတွင် အလွန်သြဇာကြီးသည်။ ဆောင်းပါး၏ အမည်က "The Buddhist Bigots" ဗုဒ္ဓဘာသာ တဇောက်ကန်းများ။ ဆောင်းပါးအစတွင် ဗုဒ္ဓဘာသာသည် နူးညံ့သိမ်မွေ့သော ငြိမ်းချမ်းရေး၊ အနှစ်သာရရှိသော ဘာသာတစ်ခုအဖြစ် ချီးမွမ်းထားသည်။ (တစ်ခြား ဘာသာတွေထက် ပိုမြတ်သလိုလို စပြီး မြှောက်တယ်)။ နောက်ပိတ်မှာတော့ အယ်လ်ကိုင်ဒါလို တာလီဘန်လို ဗုဒ္ဓဘာသာ ဖြစ်သွားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ဘယ်လို နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်လဲ။ မူဆလင်တွေဘက်က မရပ်တည်လို့ အရှက်မဲ့သည်ဟု ရေးသားထားသည်။ သူတို့ ရေးပြောသမျှ အမှန်။ အလွန်အားကောင်းသော ပါဝါ အပျော့က သူတို့ လက်ထဲမှာ။ ကျွန်တော်တို့က လူရာမ၀င်။ ကျွန်တော်တို့ အသံက အိမ်ထဲမှာတင် ပျောက်သွားရသော ကိန်းဆိုက်နေသည်။

ရခိုင်သည် သမိုင်းစဉ်လာရှိသော လူမျိုး၊ သူတို့ မြေတွင် ထေရ၀ါဒ သာသနာ ထွန်းကားခဲ့သည်။ သူတို့၏ ဒုတိယ သမိုင်းခေတ် ဝေသာလီတွင် မဟာယန ထေရ၀ါဒနှင့် ဟိန္ဒူဝါဒတို့ အပြိုင်ရှိနေခဲ့သည်။ နေရာအနှံ့တွင် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ရှိသည်။ တောင်ထွဋ်တောင်ထိပ်များတွင် စေတီများရှိသည်။ ရိုဟင်ဂျာများကတော့ သူတို့ ဘိုးဘေးဇူဇာနယ်မြေဟု ပြော။ ဝေသာလီ သက္ကဋကျောက်စာတွင် ရိုဟင်ဂျာ စကားများပါသည်ဟု ပြော။ မဟာမုနိကုန်းကို မိုဟာမက်ကုန်းဟု ပြော။ လိမ်၊ ရဲရဲသာ လိမ်။ နည်းမျိုးစုံနှင့် လိမ်။ လိမ်ဖန်များလျှင် အမှားသည် အမှန်ဖြစ်လာသည်ဆိုသော ဟစ်တလာလော့ဂျစ်ကို သုံးကြသည်။

ရခိုင်တွင် ပင်လယ်ပြာကြီးရှိသည်။ ရိုးမ တောင်တန်းရှိသည်။ သယံဇာတိပေါသည်။ (ပြည်သူများ မခံစားရခြင်းသည် ကိစ္စတစ်ရပ်) ထိုဒေသသည် ဆင်းရဲမွဲတေပြီး စက်မှုလက်မှု မဖွံ့ဖြိုး၊ ဆယ်စုနှစ်များစွာ ကံဆိုးမိုးမှောင်ကျနေခဲ့သည်။ ယနေ့ ဒီမိုကရေစီ ခြေလှမ်းစရုံရှိသေး။ မီးလောင်မြေ ဖြစ်ဖို့ တာစူနေပြီ၊ ဘယ်သူတွေက ဖန်တီးနေသလဲ။ သွေးထိုးနေသလဲ။ မည်သည့် ရခိုင်မှ ဤအဖြစ်မျိုးကို ကြုံလိုမည်မဟုတ်ပေ။

မေ ၂၈ ထုတ် နယူးယောက်တိုင်းမ် သတင်းစာတွင် ပို၍ လက်သံပြောင်သော ဆောင်းပါး ပါလာပြန်သည်။ ပင်တိုင်ဆောင်းပါးရှင် Nicholas Kristof ၏ "တုန်လှုပ်ချောက်ချားစရာ မြန်မာ့အပ့်သိုက်ဝါဒ" သူသည် ပူလစ်ဇာဆုရှင် နာမည်ကြီး ဂျာနယ်လစ်။

အသက် ၂၃ နှစ်အရွယ် မူဆလင် မိန်းကလေး မီနူရာဆာဂင်သည် ဆရာဝန် မပါဘဲ သူမ၏ သားဦးကို မွေးဖွားဖို့ ပင်ပန်းခက်ခဲစွာ ကြိုးစားနေရသည်။ ဆေးဝါး မရှိ။ အားကိုးစရာမရှိ။ ဤသို့ စလာသော ဇတ်လမ်းရှင်ကဲ့သို့ ရိုဟင်ဂျာများ ရခိုင်ပြည်နယ်တွင် တစ်သန်းကျော် ရှိသည်။ အဆုပ်နာ ရောဂါနှင့် ဆေးဝါးမရှိဘဲ သေသွားရသော ဘစိန်လည်း ပါလာသည်။ မီးဖွားစဉ် သွေးလွန်၍ ကလေးငယ် ဆုံးသွားရသောအခါ မီနူရာ၏ ခင်ပွန်းက "ရိုဟင်ဂျာ ဖြစ်ရတဲ့အတွက် ငါတို့ ဆေးဝါးကုသမှု မရဘူး၊ အဖေ တစ်ယောက်ဘ၀ကို ငါ မရလိုက်တော့ဘူး" ဟု ခါးသီးစွာ ပြောဆိုသည်။

ဆောင်းပါးရှင်က အမေရိက၏ ပြောဆိုမှုများသည် ပျော့ညံ့လွန်းသည်။ ဥရောပနှင့် အာရှသည် အခြားနည်းရှာရန် ကြိုးစားခဲ့ပြီး အမေရိကသည် ဂျပန် ဗြိတိန်၊ မလေးရှားတို့နှင့် တွဲပြီး မြန်မာကို ဖိအားပေးရမည်။ သူ၏ နိုင်ငံခြားရေး ပေါ်လစီ ရွေးချယ်မှုလုပ်ငန်းများတွင် အကန့်အသတ်ရှိပြီး စစ်ရေးအရ ၀င်စွက်မှုများ ရလဒ်ဆိုးသည်ကို အိုဘားမား သိရှိလာပြီ။ သို့သော် အပြည့်အ၀ မသုံးသေးသော နိုင်ငံရေး အရင်းစွမ်းအား (Political Capital) သူ့မှာ ရှိသည်ဟု ရေးသည်။ မည်သည်ကို ဆိုလိုသနည်း။ ဘာတွေ လုပ်မည်နည်း။

တက္ကသိုလ် ကျောင်းသားတစ်ဦး ဘ၀တွင် တောင်အာဖရိက၏ အသားရောင် ခွဲခြားရေးဝါဒကို ဘိုဘားမား ဆန့်ကျင်ခဲ့သည်။ ထို့ထက် ပိုမို ထိတ်လန့်တုန်လှုပ်စရာဝါဒကို သာမက တစ်ဦးအနေနှင့် ရင်ဆိုင်သင့်သည် ဟု ရေးသည်။ မြန်မာသည် တောင်အာဖရိကထက် ဆိုးဝါးနေပါပေါ့လား။ မြန်မာသည် အမေရိက၏ ရင်းနှီး မြုပ်နှံမှုများ ရှာဖွေနေသည်။ ရိုဟင်ဂျာများကို လူလို မဆက်ဆံလျှင် တပြားတချပ်မှ ရမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောရမည်ဟု ပူလစ်ဇာဆုရှင်က နိဂုံးချူပ်ထားသည်။

ဒီမိုကရေစီနိုင်ငံကြီးမှ ထက်မြက်သည့် ဂျာနယ်လစ်တစ်ဦး ဤမျှ ပကတိတရားနှင့် ကင်းကွာ၊ ဤမျှ အမြင်တိမ်မည်မဟုတ်ဟု မထင်မှတ်ခဲ့ပါ။ မောဟများ ဖုံးနေသည်ဟုသာ တွေးမိသည်။

၁၉၈၈ မှ စခဲ့သော အမှောင်ခေတ်၏ အဆိုးဝါးဆုံး နှစ်ကာလများ၊ အိမ်ဖြူတော်၏ စီးပွားရေး ဒဏ်ခတ်မှု၊ နိုင်ငံတကာနှင့် အဆက်အသွယ် ဖြတ်တောက်မှု စသည်တို့၏ ရလဒ်တစ်ခု အဖြစ် တရုပ်-မြန်မာဆက်ဆံရေးသစ် ပေါ်ထွက်လာခဲ့သည်။ တရုပ် အစိုးရသည် မြန်မာအစိုးရ၏ ကျေးဇူးရှင်။ မြန်မာ့ ဒီမိုကရက်များအတွက်တော့ ကယ်တင်ရှင်လောင်းသည် အိမ်ဖြူတော်။ အာဏာရှင် ဗိုလ်နေ၀င်း၏ ဆိုရှယ်လစ် အစိုးရကို ကွန်မြူနစ် ဆန့်ကျင်ရေး ပြင်းထန်သည့်အတွက် အိမ်ဖြူတော် အင်္ဂလန်နှင့် အနောက် ဂျာမဏီတို့က သဘော ကျခဲ့ကြသည်။ ကွန်မြူနစ် တော်လှန်ရေးကိုတော့ တရုပ်ပါတီမှ ထောက်ပံ့အားပေးခဲ့သည်။ ထို ကာလများတွင် လူ့အခွင့်အရေးကို လေးစားပါ။ သဘာဝ ပတ်ဝန်းကျင်ကို လေးစားပါ ဆိုသော ဆောင်ပုဒ်များသည် အိမ်ဖြူတော်၏ အဘိဓါန်တွင် မရှိကြောင်းကို အင်ဒိုချိုင်းနား စစ်ပွဲသမိုင်းက သက်သေပြသွားပါပြီ။ အိမ်ဖြူတော်ရော၊ တိန်အန်မင်ပါ မြန်မာတိုင်းရင်းသား ပြည်သူများကို ချစ်ခင်လေးစားပါသည် ဆိုခြင်းမှာ မရယ်ရသော နိုင်ငံရေး ဟာသပင် ဖြစ်မည်။ တန်အန်မင် ကို ဦးညွတ်ရင်း လမ်းကြောင် လမ်းပျောက်သွားရသော ပစ္စည်းမဲ့ တော်လှန်ရေးပါတီမှ ဘော်ရှီဗစ် ရဲဘော်များ၊ အိမ်ဖြူတော်ကို ရှိခိုးကန်တော့ရင်း သူတောင်းစား ဖြစ်သွားခဲ့ရသော တော်လှန်သည့် ဒီမိုကရက်များ၊ ရွှေလီ - ချင်းမိုင် - မဲဆောက်မှာ ရှာစရာမလို။ ရန်ကုန်-မန္တလေး မြို့ကြီးများတွင် ရောက်နေပါပြီ။ ပြည်သူများမှာလည်း မွတ်ကျောပြာစု အမှောင်ထုထဲမှ ရုန်းမထွက်နိုင်သေး။ တော်လှန်ရေးကြီးက ကမ်းမမြင်၊ လမ်းမမြင်။ ပါဝါကြီးများက အကျိုးစီးပွားများအတွက် ဂိမ်းများကို တစ်ခုပြီး တစ်ခု ကစားနေကြဆဲ။ ကံဆိုးမိုး မှောင်ကျနေသော နိုင်ငံ၏ ပြည်သူများသည် စတေးခံ သားကောင်များ ဖြစ်ပေးနေရဦးမည်လား။

(၆)
ကမ္ဘာ့နိုင်ငံရေးတွင် သမုဒ္ဒရာများ၏ အခန်းကဏ္ဍသည် အရေးပါသည်။ ၁၉ ရာစုတွင် အတ္တလန်တိတ်။ ၂၀ ရာစုတွင် ပစီဖိတ်။ ၂၁ ရာစုတွင်ကား နေရာဟောင်းများ နောက်သို့ ရောက်လာသည်။ ကမ္ဘာကို လွှမ်းမိုး ပိုင်စိုးလိုသော စူပါနိုင်ငံသည် သမုဒ္ဒရာကို ပိုင်စိုးနိုင်ရမည်။ သမုဒ္ဒရာကို မပိုင်ဘဲ ယနေ့ ကမ္ဘာကြီးကို စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးရန် လုံးဝ မဖြစ်နိုင်ပါ။ အိန္ဒိယသမုဒ္ဒရာ၏ အခန်းကဏ္ဍကို ယနေ့ ပထ၀ီ နိုင်ငံရေး၏ အဆုံးအဖြတ် ရေပြင်အဖြစ် သေနင်္ဂဗျူဟာ ပညာရှင်များက အသိအမှတ်ပြုခဲ့ကြပြီ။ အမေရိကသည် နံပါတ် ၁ နေရာကို ထိန်းထားရန် အိန္ဒိယသမုဒ္ဒရာကို ပိုင်စိုးရမည်။ သို့သော် ထိုရေပြင်သည် အမေရိကနှင့် အဝေးကြီး။ သဟာရ အဖျားကနေ အင်ဒိုချိုင်းနား ကျွန်းစုတွေအထိ ရှည်လျားကျယ်ပြောပြီး အာရေဗီယပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် နှစ်ခုရှိသော ထိုသမုဒ္ဒရာကြီးအတွက် မဟာနိုင်ငံကြီးများ ဗျူဟာ ခင်းနေကြပြီ။ မဟာဗျူဟာကစားပွဲတွင် တရုပ်နှင့် အိန္ဒိယအတွက် အိမ်ကွင်းသဖွယ် ဖြစ်နေသည်။ အိန္ဒိယနိုင်ငံနှင့် အိန္ဒိယ သမုဒ္ဒရာဆိုသည်မှာ အမျိုးဆက်ပြီးသား။ တရုပ်တို့အတွက်ကား မြန်မာ စစ်အာဏာရှင်တို့အပေါ် အိမ်ဖြူတော်၏ ဟိုကိုင်သည်ကိုင် ယောင်ချာချာ ပေါ်လစီကြောင့် ဘင်္ဂလားပင်လယ်အော်ကို မေတ္တာလက်ဆောင် အချောင်ရလိုက်လေသည်။ တရုပ်သည် အမေရိကကို ကျော်တက်ရန် နည်းမျိုးစုံ ကြိုးပမ်းနေသော စူပါ အာရှဆိုသည်ကို ပညာရှင်တိုင်း လက်ခံပြီးသား ဖြစ်သည်။ တချို့ ၂၀၅၀ တွင် အပြတ်ဖြတ်သွားလိမ့်မည်ဟု ဟောကိန်း ထုတ်ကြသည်။ တရုပ်နိုင်ငံတော်တွင်လည်း သိမ်မွေ့သော အတွင်း ပဋိပက္ခများစွာနှင့်။

ယနေ့ ပထ၀ီနိုင်ငံရေးတွင် စွမ်းအင်သည် ထိပ်ဆုံးတန်းမှ ပြဿနာဖြစ်သည်။ အိန္ဒိယနှင့် တရုပ်တို့အတွက် စွမ်းအင်ပြဿနာ၏ ထိန်းချူပ် ပွိုင့်များသည် အိန္ဒိယသမုဒ္ဒရာအတွင်း ဟောမုတ်ရေလက်ကြားနှင့် မလက္ကာရေလက်ကြားတို့ဖြစ်သည်။ တရုပ်တို့သည် မြန်မာနိုင်ငံကို ဖြတ်ကာ ဘင်္ဂလား ပင်လယ်အော် ထွက်ပေါက်ကို ရရှိထားသောကြောင့် သမုဒ္ဒရာ နှစ်စင်းကို တံတားထိုးနိုင်ရန် အခွင့်အလမ်းသာခဲ့ပြီ။ ကျောက်ဖြူ - ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံလှောင်ကန်ကြီးများ၊ တရုပ်ပြည်သို့ ရေနံပိုက်လိုင်းများ၊ အထူးစီးပွားရေး ဇုန်နှင့် ကျောက်ဖြူ - တရုပ်ပြည် မီးရထားလမ်းတို့သည် အိန္ဒိယ သမုဒ္ဒရာကို လွှမ်းမိုးရန် အခြေခံ အုတ်မြစ်များ ဖြစ်သည်။ တဘက်တွင် အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ ကုလားတန်မြစ်ကြောင်း ဘက်စုံ စီမံကိန်းကြီး တစ်ခုသည် စစ်တွေဆိပ်ကမ်းကို ဗဟိုပြုကာ မကြာမီ ပေါ်ထွက်လာတော့မည်။

၂၀၁၂ ခုနှစ်တွင် အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒီမိုကရေစီ သတင်းစကားကို လက်ဆောင်ပါးသည်။ သူ့ ခရီးစဉ်တွင် တရုပ်၏ ဂြိုလ်ပတ်စက်ဝိုင်းတွင်းမှ မြန်မာနိုင်ငံကို ဆွဲထုတ်ဖို့၊ တရုပ်ကို စတင် ထိန်းချူပ်ဖို့ သဘောထားများ ပါမည် သေချာသည်။ ဘင်္ဂလား ပင်လယ်အော်ထဲ၌ အမေရိကန်တို့ ခြေလှမ်းနောက်ကျသွားခဲ့ပြီ။ သို့သော် ပေါ်လစီ မိန့်ခွန်းထဲတွင် "ရိုဟင်ဂျာ" ဆိုသည်ကို ပြောဖြစ်အောင် ထည့်ပြောသည်။ သူ့အတွက် လူ့အခွင့်အရေးနှင့် ရိုဟင်ဂျာကို တွန်းတင်ပေးရ၊ အရှေ့အလယ်ပိုင်း မူဆလင်ကမ္ဘာကို မျက်နှာချိုသွေးရ၊ မြန်မာ့နွေဦးကို အားပေးလိုက် ဖိအားပေးလိုက်နှင့် နှစ်မျက်နှာ လုပ်နေရ၊ တရုပ်ကို ထိန်းချူပ်ဖို့ ကြိုးစားရနှင့် စမ်းတ၀ါးဝါး အဆင့်မှာ ရောက်နေသည်။ အမေရိက၏ ရင်းနှီးမြုပ်နှံမှုက ၁ ရာခိုင်နှုန်းသာ ရှိသော မြန်မာနိုင်ငံတွင် ဖျာခင်းသူက ခင်းနေကြပြီ။ အမေရိကန်တို့၏ ဖျာခင်း ချင်တာက ဖျပ်ဖျပ်လူး၊ ၀င်ခင်းဖို့ကလည်း ခက်ဆိုသည့် အခြေအနေမျိုး ရောက်နေသည်။

အမေရိကအတွက် အကြပ်ဆိုက်ကာလမှာ တရုပ်အတွက် သမုဒ္ဒရာ အိပ်မက်သည် တဖြည်းဖြည်း ပီပြင်လာသည်။ ဘင်္ဂလား ပင်လယ်အော်တွင် အခြေကျတော့မည်။ ရခိုင်သည် တရုတ်တို့၏ အခြေစိုက် စခန်းဖြစ်လာတော့မည်။ အိန္ဒိယ သမုဒ္ဒရာကို လက်လွှတ်ရလျှင် မဝေးသော အနာဂတ်၌ ရာဇပလ္လင် နံပါတ်တစ်မှ ဆင်းပေးရန် ပြင်ဆင်ပေတော့။

အမေရိကသည် ရိုဟင်ဂျာ အရေးတွင် အဘယ်ကြောင့် ရှေ့တန်းမှ မားမား ရပ်တည်နေသနည်း။ လူ့အခွင့်အရေးသည် သူတို့၏ စံနှုန်း၊ မူဆလင် ကမ္ဘာနှင့် OIC သည် သူတို့၏ အစားထိုး မရနိုင်သော မိတ်ဆွေကြီးများ ဖြစ်သည်။ ရခိုင်ဒေသတွင် တရုပ်တို့ အခိုင်အမာ ခြေကုပ်စခန်း တည်ဆောက်သွားနိုင်မှုသည်လည်း ပါဝင်နိုင်သည်။ ရခိုင်ဒေသ တည်ငြိမ်မှုသည် တရုပ်တို့အတွက် အခွင့်အလမ်း သာစေပြီး တရုပ်ကို ထိန်းချူပ်မည့် ပေါ်လစီအတွက် အားနည်းချက် ဖြစ်နေသည်။ တရုပ် အသာစီးရနေသော ဒေသတွင် မတည်ငြိမ်မှုများ ရှိနေစေဖို့၊ နိုင်ငံတကာ လက်မဲကြီးက ၀င်ကစားနေတာလား။ ဒီကစားပွဲမှာ ကုလား လက်မဲတွေ၊ နောက်ကြောင်း ပြန်လှည့်ချင်တဲ့ ဗမာ့လက်မဲတွေက ပျော်ရွှင် ကျေနပ်စွာ ၀င်ကနေကြတာလား။ အိမ်ဖြူတော်ဟာ မြန်မာ့နွေဦးကို ရိုဟင်ဂျာ တစ်သန်းနဲ့ လောင်းကြေးထပ်နေတာလား။ ကမ္ဘာပထ၀ီ နိုင်ငံရေး ကစားပွဲကြီးမှာ ရခိုင်ဒေသဟာ မီးလောင်မြေ ဖြစ်ပေးရမှာလား။ ရခိုင်သုံးသန်းဟာ နယ်ရုပ်တွေလို စတေးခံပေးရမှာလား။

ကျွန်တော်တို့ နိုင်ငံမှာ နာကျင်ဆုံးရှုံး စတေးရမှု များပြားလွန်းသော၊ ခါးသီးဆိုးဝါးလွန်းသော ပြည်တွင်း စစ်ကြီးကို နိဂုံးချူပ်စေလိုပါသည်။ တန်းတူသော၊ ချစ်ကြည်စည်းလုံးသော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှင်သန်ဖူးပွင့်မှုကို တွေ့မြင်ခံစားလိုပါသည်။

နိုင်ငံတော် ခေါင်းဆောင်များ၊ ဒီမိုကရေစီ မြတ်နိုးသော တပ်မတော် ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဗမာ့ ခေါင်းဆောင်များ၊ တိုင်းရင်းသားပြည်သူများအားလုံးကို ကျွန်တော်တို့ ရခိုင်များ၏ ရင်ထဲတွင် တငွေ့ငွေ့ လောင်နေသော သောကဗျာပါဒများကို စာနာပေးကြပါ၊ နားလည်ပေးကြပါလို့ လေးစားအားကိုးစွာ ပန်ကြားအပ်ပါသည်။

ရခိုင်ပြည်သူများ၏ အရှိတရားကို နားလည်ဖို့ ကြိုးစားပါ။ လူသားချင်း စာနာသော အကူအညီ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများကို သန့်ရှင်းသော စိတ်စေတနာဖြင့် ကူညီပါ။ မြန်မာနွေဦး စိမ်းမြသော ရွက်နုရွက်သစ်များသည် သင်တို့၏ ဓါတုဆေးဝါးများကြောင့် မကြွေစေလို။ မြန်မာနွေဦးကို ရေစင်ဖြန်းပါ။ ပျော်ရွှင်ခံစားပါဟု အိမ်ဖြူတော်အား မေတ္တာရပ်ခံအပ်ပါ သည်။

မောင်ခိုင်အောင် (စစ်တွေ)