မြတ်လှိုင်း ● ရန်ကုန်မြို့တော်ကြီးအတွက်ရေးလိုက်တဲ့ မော်ဒန်သရော်ကဗျာ

မြတ်လှိုင်း ● ရန်ကုန်မြို့တော်ကြီးအတွက်ရေး လိုက်တဲ့ မော်ဒန်သရော်ကဗျာ
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၇

ဘဝကို အစုန်အဆန်အိပ်မက်ထဲ
အကြိမ်ကြိမ် ပြန်ချဉ်းကပ်ခဲ့ရတဲ့ ရန်ကုန်မြို့တော်ကြီး
ခင်ဗျားသတင်းတွေကြားနေရတယ်
ခင်ဗျားမှာ ရန်မကုန်သေးဘူး
ဒီဆောင်းကလဲ အစာမကျေဘူးထင်ပါရဲ့
နှင်းတွေနဲ့ မနှစ်သိမ့်ပေးဘူး
ပူလောင်မှုနွေထဲကို အတင်းတွန်းပို့နေတယ်
တက်ခေါက်သံတွေကလဲ
ခင်ဗျားရဲ့ပလက်ဖောင်းပေါ်မှာချွေးဒီးဒီးကျနေကြ
အင်္ကျီအသစ်ပြောင်းဝတ်လိုက်ပါပြီလို့ပြောလဲ
ဘဝတွေအရောင်မတောက်ပခဲ့ဘူး
ခင်ဗျားမိခင်နိုင်ငံတော်ကလဲ
ခင်ဗျားကိုလူ့လောကမှာ ချမပြချင်လောက်အောင်
စိတ်ဓါတ်ကျနေတယ်။

အခုအချိန်မှာခင်ဗျားသိဖို့ကောင်းပြီ
ငါးမရှိတဲ့ကန်ထဲ၊ ငါးမျှားမနေနဲ့တော့
သုံးရာသီစလုံး အုံးဂွမ်အော်နေတဲ့ဖားတွေအကြောင်း
နည်းနည်းလေ့လာပြီး ဖားရိုက်ထွက်တော့
မြို့ပြကြီးကို တောရိုင်းအဖြစ်ပုံသွင်းနေတဲ့
ကျားတွေ ခြင်္သေတွေကိုဖမ်းဖို့ မုဆိုးလိုကျင့်တော့
ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ဆိုတဲ့
စကားပုံလိုတော့မဖြစ်စေနဲ့
ယုန်ကိုပညာရှိ အမတ်မင်းခန့်ပြီး မုန်လာဥဂိုဒေါင်သော့အပ်လိုက်ရင်တော့
ခင်ဗျားနောက်ကျောကို ဓားအထိုးခံလိုက်
ခင်ဗျားဝတ်ရုံထဲမှာ အတ္တခပ်ကြီးကြီး ဝိညာဉ်စိမ်းတွေ
ကပ်ပါနေကြတယ်ဆိုတာလဲ မမေ့လိုက်နဲ့။

ဒီမှာရန်ကုန်မြို့တော်ကြီး
ခင်ဗျားကလဲခပ်ညံ့ညံ့ဆိုတော့
သင်ပုန်းချေရေးဆိုတာလူကြားရုံပဲဖြစ်လိမ့်မယ်
ခင်ဗျားကလဲလေးဖက်နံရံထဲနေရသလို
လမ်းမထက်မှာကျခဲ့တဲ့သွေးတွေမခြောက်သေးဘူး
ဘယ်တော့မှလဲခြောက်သွားမှာမဟုတ်ဘူး
နှလုံးသွေးတွေပြန်ဆူပွက်လာရင်
သွေးတွေကျခဲ့တဲ့လမ်းပေါ် အော်သံတွေပြန်ကြားရလိမ့်မယ်
သမိုင်းဘာသာဟာ အနေတဲ့လူတွေရေးခဲ့တာမဟုတ်ဘူးဆိုတာတော့
သတိပေးလိုက်ချင်ရဲ့
ဒါပါပဲ၊ရန်မကုန်သေးတဲ့ရန်ကုန်ရေ။     ။

မြတ်လှိုင်း