ဝင်းအောင်ကြီး ● အကာအကွယ်မပေးနိုင်သည့်အစိုးရပေါ် အယုံအကြည်မရှိအဆို


ဝင်းအောင်ကြီး ● အကာအကွယ်မပေးနိုင်သည့်အစိုးရပေါ် အယုံအကြည်မရှိအဆို
ကျနော်တွေးမိသလို ရေးပါမည် (၂၁၁)
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇

စိတ်နောက်ကျိသည့်ရက်များလာပြီ၊ သတင်းသမားဘ၀ ၀ဋ်မကျွတ်သေး၍ ဟိုလျှောက်ဖတ် သည်ဟာလိုက် နားထောင် ရှုပ် ထွေးပိုရှုပ်ထွေးနှင့် မျက်မမြင်ပုဏ္ဏား ဆင်ကြီးကိုစမ်းသလို မျက်စိမြင်ပါလျက်နှင့် ယပ်တောင်၊ နောက်တော့မြွေ- နောက် တော့--နောက်တော့၊ ဖောင်စီးနေရင်း ရေငတ်လာ၏။


ပြည်ထောင်စုနေ့စဉ်သတင်းစာ (၁၂.၆.၁၉၅၆)

ကိုအောင်မြင့်ဦး (မန္တလေး လူထုစာကြည့်တိုက်မှူး) သူ့ ဖေ့စ်ဘွတခ် Aungmyint Oo တင်လာသည့် သတင်းစာထဲကပုံ-- ရက်ကိုဖတ်ကြည့်လိုက်ရာ အတူနေသူ ကိုစိုးမင်း (နောက်ပိုင်း သတင်းထောက် ဈာန်ရ) အယ်ဒီတာလုပ်နေသော ပြည် ထောင်စုသတင်းစာထဲကပါလား။ ဘာမို့ ဒီလောက် နားထောင်နေချင်ကြပါလိမ့်။

၁၉၅၅ ခု၊ နိုဝင်ဘာလတွင် ထူထောင်ဖွဲ့စည်းသော မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု ပမညတ ပါလီမန်တွင် ပီပြင်သည့် အတိုက်အခံဖြစ်လာပြီး အစိုးရ၏ ပျော့ကွက်၊ ဟာကွက်၊ အမှားများကို ဝေဖန်လာ၍ သတင်းစာဖတ်သူပိုများလာ၏။

မှတ်မိပြီ၊ ၁၉၅၇ ခု၊ မတ်လ(၁၂)ရက်နေ့က-- ပါလီမန်တွင် ပမညတနှင့် အတိုက်အခံတို့က ဖဆပလအစိုးရသည် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်မပေးနိုင်၍ အယုံအကြည်မရှိ အဆိုကိုတင်သွင်းပုံ မြန်မာ့အသံက တိုက်ရိုက်အ သံလွှင့်ပေးသည်။

လွတ်လပ်ရေးရပြီးနောက် ပထမ ဆုံးသော အဆိုကို ဦးဆောင်တင်သွင်းသူ ဘုတလင် အမတ် ဦးသိန်းဖေမြင့် --၊ အစအဆုံး အပြည့်အ၀ နားထောင်ကြရ၏။

နောက်တော့ ဦးသိန်းဖေမြင့်၏ ဧည့်သည်အဖြစ် ပါလီမန်တွင်း ရောက်ဖူးလိုက်၏။

ဖဆပလ ၂ ခြမ်းကွဲတော့ တည်မြဲ ဦးဗဆွေက သန့်ရှင်း ဦးနု အစိုးရ အပေါ် အယုံအကြည်မရှိအဆိုတင်ပုံ၊ ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ဆက်လုပ်နိုင်ရေး ဖွဲ့စည်းပုံပြင်ရန် သန့်ရှင်းအဆိုတင်၊ တည်မြဲ ထောက်ခံ၊ ပမညတ ကန့် ကွက်ကြပုံများလည်း ရေဒီယိုဘေးက အပေါ့မသွားဘဲ နားထောင်ခဲ့ဖူးသည်။

၁၉၅၉ ခု၊ အောက်တိုဘာလ မြန်မာ့အသံတွင် အလုပ်ရတော့ Out door recordings out door broadcasts ၀ါသနာပါ၍ ပါလီမန်တွင်းသမက၊ ရွှေတိဂုံစေတီတော်၊ သမတ အိမ်တော်၊ ဘောလုံးပွဲတို့ ကနေအသံလွှင့်ရာ၌ ပါဝင်ခဲ့ရ၊ နောက်တော့ ကိုယ်တိုင်အသံလွှင့်ခွင့်ရခဲ့၏။ TV မပေါ်သေးသော်လည်း သောတရှင်များ မျက်စိထဲ မြင်နေရသည့်အလား ခံစားကြရအောင် ကြိုးစားခဲ့ကြသည်။

ဆရာဦးခင်ဇော် (K) တည်ထောင်ခဲ့သော လူထု၏ ယုံကြည်ကိုးစားမှု ရယူနိုင်ခဲ့သည့် ခေတ်ကောင်းတုန်းက မြန်မာ့အသံတွင် နှစ် ၂၀ တာဝန်ထမ်းခဲ့ဖူးသည်ကို ကိုအောင်မြင့်ဦး ၏ ကျေးဇူးကြောင့် ဂုဏ်ယူစွာ ပြန်လည်တွေးမိကြောင်းပါ။

ဝင်းအောင်ကြီး (မောင်အောင်မွန်)
၂၀၁၇ ခု၊ ဖေဖ်ာဝါရီလ ၃ နေ့။