လွတ်လပ်မိုး ● သားကြီးလာရင် လူရွှင်တော်လုပ်မယ်... မေမေ

လွတ်လပ်မိုး ● သားကြီးလာရင် လူရွှင်တော်လုပ်မယ်... မေမေ
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇

ယမ်းခင်းထဲ
ငိုနေတဲ့ပန်းကလေးတွေအတွက်
သားလူရွှင်တော်လုပ်မယ်...မေမေ။

ပြည်တွင်းစစ်မှာ
အိမ်လိပ်စာပျောက်သွားတဲ့
အဖေ့ရဲ့ကျည်သင့်အင်္ကျီဖားဖားကြီးဝတ်ပြီး
စစ်ဘေးသင့်ကလေးငယ်တွေဆီ ချိုချဉ်တွေသွားပို့မယ်...မေမေ။

စာမလာ၊ သတင်းမကြား
လူပွဲစားနဲ့ပါသွားတဲ့
တဖက်နိုင်ငံရောက် အမဆီကို
မီးပုံးပျံလေးနဲ့စာထည့်
အိမ်ကလေးဟာပြုံးရယ်တတ်ပြီဆိုတဲ့သတင်းလည်း
ပြောရဦးမယ်... မေမေ။

ငှက်ဖျားတိုက်ဖျက်ရေးဆေးရုံကိုသွားပြီး
ရောဂါသည်လူနာတွေကြား
ပေါ်တာပါသွားရင်းငှက်ဖျားမိသေသွားတဲ့အကို ကိုရှာဖွေရင်း
လူနာတွေကို ဟာဒယရွှင်ဆေးတိုက်ကျွေးဖို့
သားလူရွှင်တော်လုပ်မယ်... မေမေ။

သားတို့တောင်ယာထဲ
က,ဒေါင်းတွေ အလေ့ကျမျိုးပွားနိုင်သလောက်
ခွပ်ဒေါင်းတွေ ကျော့ကွင်းမိနေသေးတဲ့အကြောင်းတော့
သားပြက်လုံးထဲ ထည့်မပြက်နိုင်ဘူး...မေမေ။

သားဒီနေ့ကျောင်းမတတ်ချင်ဘူး...မေမေ
ဆရာမပေးလိုက်တဲ့အိမ်စာစကားပြေက
မိမိအနာဂတ်ရည်မှန်းချက်... တဲ့
စစ်ဗိုလ်ကြီးလုပ်ချင်သူတွေကို အမှန်ခြစ်
ဆရာဝန်ကြီးဖြစ်ချင်သူကို အမှန်ခြစ်
အင်္ဂျင်နီယာကြီးဖြစ်ချင်သူကို အမှန်ခြစ်
............................................
.........................................
သားရည်မှန်းချက်ကိုရေးရင်
ဆရာမအပါအဝင်တခန်းလုံးရယ်မောကြပြီး
ဆရာမကကြက်ခြေခတ်ပေးလိမ့်မယ်... မေမေ
ဒါပေမယ့် ...
သားကြီးလာရင် လူရွှင်တော်ပဲလုပ်မယ်... မေမေ
မရယ်၊ မပြုံးတတ်တော့တဲ့နိုင်ငံတော်ကြီးရဲ့
တခစ်ခစ်အူရွှင်သံကြားချင်လို့...။ ။

လွတ်လပ်မိုး