ဆောင်းယွန်းလ ● မွေးနေ့ရောက်ကြောင်းတရား (၂)

 ဆောင်းယွန်းလ ● မွေးနေ့ရောက်ကြောင်းတရား (၂)
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၇

အခုလို အချိန်မျိုး
မိုးနောက်လိုက်ဖို့ မမီတော့ပါ။

အရာရာကို ကျားကန်ထားရတဲ့
ရာသီအမွဲတွေထဲ
နှင်းနဲ့လည်း လွဲခဲ့ရဖူးပါပြီ။

ဒီရာသီ
ပွင့်လင်းတယ် ပြောဖို့ကျပြန်တော့လည်း
နေရောင်ခြည်က မသဲကွဲပြန်ဘူး။

လူ့ဘဝ..
၄၈ နှစ်ဆိုတဲ့ ခဏမှာ
အမှန်တရားတွေက
ကိုယ့်ဆီလာဖို့ ကြာလွန်းလှတယ်။

အသီးသီး
အထီးတည်း
ထွက်ခွာသွားသူတွေရဲ့ ခရီးကို
ကြိုမမြင်နိုင်ခဲ့သမို့
ဘယ်သူ့ဘယ်သူကိုမှ လက်တို့လို့
ငိုဖို့ မျက်ရည်မရှိတော့ပါ။

ထိုနည်းနှင်နှင်
ရေလောင်း ပေါင်းသင်ရင်း
အညွှန့်တုံးသွားတဲ့ ပျော်ရွှင်ခြင်းအတွက်
ရယ်စရာ မျက်ခွက်လည်း မရှိတော့ပါ။

ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၇။