သာထက်အောင် ● တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခကို လေဖြင့်မကယ်တင်နိုင်ပါ



သာထက်အောင် ● တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခကို လေဖြင့်မကယ်တင်နိုင်ပါ
မိုးမခ။ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇


စာမရေးဖြစ်တာကြာပါပြီ၊ တိုင်းပြည်ရဲ့ဆင်းရဲဒုက္ခသတင်းတွေ မြင်ရကြားရပြီး စိတ်မသက်မသာဖြစ်၊ ရန်ကုန်လေဆိပ်မှာ နေ့ခင်းကြောင်တောင်ကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တဲ့ကိစ္စမှ တရားခံလည်းမိ လက်နက်လည်းမိပါလျက် ဘာ့ကြောင့်သတ်တယ် ဘယ်သူကခိုင်းစေတယ်ဆိုတာ ခုထိမပေါ်သေးတော့ စိတ်မသက်သာဖြစ်ရုံကနေ စိတ်ဆိုးဒေါသဖြစ်တဲ့ အဆင့်အထိ တရိပ်ရိပ်တက်လာပြီး စာရေးဖို့ အာရုံမရလောက်အောင် စိတ်ရှုပ်ထွေးခဲ့ရပါတယ်၊

ရခိုင်ဘက်က ဘင်္ဂါလီအရေး UN ကဖိအားတွေပေးတော့မှ ပြူးတာပြာတာဖြစ်၊ စုံစမ်းရေးကော်မရှင်တွေဖွဲ့၊ ပြည်တွင်းမှလုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အသိအမြင်အတွေးအခေါ် တိမ်လွန်းတဲ့အကျိုးကျေးဇူးတွေ ခုတော့ကောင်းကောင်းကြီးခံစားနေရပါပြီ။

ဒီနှစ်ပြည်ထောင်စုနေ့မှာ အစဉ်အလာရှိခဲ့တဲ့ ပင်လုံမြို့လေးကို နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ကိုယ်တိုင် ကြွချီလာပြီး ကကြခုန်ကြ အောင်ပွဲတွေခံနေချိန်မှာ အရှေ့မြောက်ပိုင်းမှာတော့ လက်နက်ကြီးငယ် တအုန်းအုန်းထုသံနဲ့ ပြည်ထောင်စုနေ့ကို ကြိုဆိုရင်း စစ်ပြေးဒုက္ခသည်တွေ မျက်ရည်ပင်လယ်ဝေကြရပါတယ်/

ရွှေပြည်ကြီးရဲ့ အခြေအနေက အဖက်ဖက်ချွတ်ခြုံကျနေပါတယ်လို့ လုံးထွေးပြောရုံနဲ့ မလုံလောက်တော့ဘဲ နိုင်ငံတော် အချုပ်အခြာ အာဏာကို ထိပါးလာမှု? ပြည်တွင်းမလုံခြုံမှု၊ တရားဥပဒေအစိုးမိုးမှု၊ ငွေကြေးမတည်ငြိမ်မှု၊ အထွေထွေကုန်ဈေးနှုန်းကြီးမှု၊ လူတန်းစားကွာဟမှုကြီးလွန်းမှု၊ စစ်တပ်ရဲ့ သြဇာကို မလွန်ဆန်နိုင်မှု စတဲ့ပြဿနာပေါင်းမြောက်မြားစွာနဲ့ ကြုံနေကြရပါတယ်။ စစ်တပ်ရဲ့ဖိနှပ်မှုကို ကျောကော့နေအောင် ခံခဲ့ကြရတဲ့ သန်း ၅၀သော ပြည်သူတွေဟာ အတွေ့အကြုံပေါင်းမြောက်မြားစွာရခဲ့ပြီးပါပြီ။ ဒါ့ကြောင့်ပြည်သူတွေ တာဝန်ကျေခဲ့ကြပါတယ်။

လူကိုမကြည့်ပါနဲ့၊ ပါတီကိုကြည့်ပြီး မဲပေးပါဆိုတော့လည်း လက်သန်းလေးတွေ မင်အပေခံပြီး NLD ကို ပုံအောပေးခဲ့ကြပါတယ်။ သေနတ်သမားကို အုတ်ခဲကိုင်ပြီး လိုက်ဖမ်းတာလည်း ဒီပြည်သူတွေပါပဲ။ အသက်စွန့်သွားကြတဲ့ ဦးကိုနီ- ဦးနေဝင်းမိသားစုကို ငွေအားစိတ်အားနဲ့ ဝိုင်းဝန်းကူညီကြတာလည်း ဒီပြည်သူပါပဲ။ ဘတ်စ်ကားလိုင်းစနစ်ပြောင်းမယ်လို့ ရန်ကုန်တိုင်းအစိုးရကကြေညာပြီး မနိုင်မနင်းဖြစ်တော့ ကိုယ့်ထမင်းကိုယ်စားပြီး ကားစိုက်လာပြီဆိုလဲ ကူညီတာလည်း ဒီပြည်သူတွေပဲ။

ဆိုရရင် ရာနှုန်းပြည့်နီးပါးသော ပြည်သူတွေဟာ ကိုယ့်ရွှေပြည်ကြီး ကောင်းစားတာ ဖွံ့ဖြိုးတိုးတက် ကမ္ဘာကြီးနဲ့ ရင်ပေါင်တန်းနိုင်တာကို မြင်ချင်တွေ့ချင်ကြတဲ့သူတွေချည်းပါပဲ၊ ဘယ်သူသေလို့ တိုင်းပြည်ကြီး ဘာဖြစ်ဖြစ် ဒို့ကောင်းစားရင်ပြီးရောဆိုတဲ့ လက်တဆုပ်သာသာ လူတန်းစားကလွဲရင်ပေါ့လေ၊ အဲသည်လိုနဲ့ ကယ်တင်နိုင်တန်ကောင်းရဲ့ဆိုတဲ့ အမြင်နဲ့ NLD ကို ကယ်တင်ရှင်သဖွယ် သဘောထားပြီး အားရပါးရကြီး မဲပေးခဲ့လို့ NLD အစိုးရရယ်လို့ ပေါ်ထွန်းလာပြီး ခုဆိုသက်တမ်း တနှစ်တောင်ပြည့်ခဲ့ပါပြီ။

သက်တမ်း တနှစ်ရှိပြီဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ ဘာတွေဘယ်နေရာတွေမှာ အောင်မြင်ပြီး ဘာတွေဘယ်နေရာတွေမှာ မအောင်မြင်သလဲဆိုတာတွေကို စစ်ကြောဝေဖန်မယ်ဆိုရင်ဖြင့် စာတမ်းတစ်စောင်ရေးမှ ပြည့်စု့ပါလိမ့်မယ်။ စာရေးသူအနေနဲ့ NLD နဲ့ သံယောဇဉ်မကင်းသူမို့ NLD ရဲ့ အပြစ်အနာဆာတွေ ဝေဖန်ထောက်ပြရမှာ စိတ်မပါသော်လည်း တိုင်းပြည်နဲ့လူမျိုးအရေး ရှေးရှုပြီး တဲ့တိုးပြောရရင်ဖြင့် ဒီချုပ်ခေါင်းဆောင်များတာဝန်ရှိသူများ အလုပ်ထက် အပြောကများနေတယ်လို့ ထင်ပါတယ။

စီမံခန့်ခွဲ့မှုအတွေ့အကြုံအားနည်းလှတယ်လို့ ပြည်သူတွေက ဝေဖန်နေတဲ့ကြားကပဲ လေကြီးမိုးကြီးတွေ မစားရဝခမန်းတွေ မကြာမကြာ ကြားနေရပါတယ်။ နိုင်ငံ့ခေါင်းဆောင်ကောင်းတိုင်း PhD မအောင်မြင်ပါဘူး။ ဒါပေမယ့် အရည်အချင်းရှိတဲ့ PhD တွေကို ဘယ်လိုပြုစုပျိုးထောင် မွေးထုတ်ရမယ်ဆိုတာ သူတို့သိပါတယ်။ တရုတ်ပြည်ကြီးမှာ တိန့်ရှောင်ဖိန်ထက် တော်သူတက်သူတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့ တရုတ်ပြည်ကြီး ဒီအဆင့်ရောက်လာတာ တိန့်ရှောင်ဖိန်ရဲ့ အမြော်အမြင်ကြီးမှုကြောင့်လို့ပြောရင် မမှားပါဘူး။

ဆိုလိုတာက ခေါင်းဆောင်ကောင်းတို့မည်သည် အမြော်အမြင်ကြီးရပါတယ်၊ တထွာတမိုက် ဉာဏ် နဲ့ မျက်ခုံးမွှေးတထောက် လောက်ပဲကြည့်တတ်ရုံနဲ့ အလုပ်မဖြစ်ပါဘူး၊ မျက်ဆန်တဆုံးမြင်တတ်ရပါမယ်၊ သာမန်မျက်စိထက် ဉာဏ် မျက်စိကို သုံးတတ်ပါမှ ခေါင်းဆောင်ကောင်းမည်ပါတယ်။

အခုလောလောဆယ် ရန်ကုန်မှာဖြစ်ပျက်နေတဲ့ YBS ဘတ်စ်ကားစနစ်မအောင်မြင်တာဟာ ဉာဏ် မျက်စိကို လွှာမသုံးတတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။

လူဦးရေသန်းနဲ့ချီပြီး သုံးတဲ့ ရန်ကုန်ရဲ့အသက်သွေးကြော ဘတ်စ်ကားစနစ်ကို ရက်ပိုင်းလပိုင်းလောက်သာ အချိန်ယူပြီး မြန်မာ့ ဉာဉ် အတိုင်း ပြီးစလွယ်လုပ်ကိုင်တော့ မြင်တဲ့အတိုင်း ခုတော့ အားလုံး ကိုးရိုးကားရား ဖြစ်ကုန်တာပါပဲ။ ရန်ကုန်လောက်ဘတ်စ်ကားစီးသူမရှိတဲ့ ဆစ်ဒနီမြို့မှာတောင် ရထားလက်မှတ် ဘတ်စ်ကားလက်မှတ်ကို ငွေကြိုသွင်းကဒ်ပြားစနစ် (OPAL Card) ပြောင်းဖို့ရာ ၂ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ လိုအပ်တဲ့ ပစ္စည်းကိရိယာ နည်းပညာတွေ၊ ပြည်သူကို ပညာပေးရတာတွေ၊ အချိန်အများကြီးယူခဲ့ရပါတယ်။ ဒါတောင် ခုထိရနှုန်းပြည့်အောင်မြင်ပါပြီလို့ မပြောနိုင်သေးပါဘူး၊ လိုအပ်ချက်တွေ အားနည်းချက်တွေရှိနေဆဲပါ။

ခုလို လူဦးရေသန်းနဲ့ချီပြီးသုံးတဲ့ ဘတ်စ်ကားစနစ်ကြီး ပြောင်းမယ့်ကိစ္စကို လုံလောက်တဲ့အချိန် လုံလောက်တဲ့နည်းပညာ ပစ္စည်းကိရိယာမရှိဘဲနဲ့ စီမံကိန်းကြီး တခုကို စရဲတာကတော့ မိုက်မဲလွန်းရာကျပါတယ်၊

ရိုးရိုးရှင်းရှင်းဥပမာလေးတခုပဲပေးပါရစေ၊ လူတရာစာလောက်ကျွေးမယ့် အလှူတခုလုပ်ချင်တယ်ဆိုရင် ပထမဦးဆုံး စဉ်းစားရမှာက လူတရာစာကျွေးလောက်တဲ့ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး ရှိရဲ့လား၊ ပြီးတော့ ချက်မယ့် ပြုတ်မယ့် ဧည့်ခံမယ့် လူအင်အား၊ လူတရာစာကျွေးလောက်တဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာထိုင်ခင်း ရှိရဲ့လား၊ ဒါတွေမပြည့်စုံဘဲနဲ့ လူတရာဖိတ်ပြီး လို့ ရောက်လာမှ ဆန်က အချိန်မီရောက်မလာလို့ပါ၊ ဝက်သားက ပေါ်တုန်းမို့ မကြာမီရောက်လာမှာပါ ဆိုတဲ့အကြောင်းပြချက်တွေဟာ တကယ်တော့လက်ခံနိုင်ဖွယ်မရှိပါဘူး။ စားရင်းတန်းလန်း ထမင်းပြတ်သွားမယ်၊ တချို့ လုံးဝမစားရဘဲ ပြန်သွားရမယ်ဆိုရင် သူတို့လည်း ကျေနပ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးကို ပိုင်နိုင်ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်တဲ့ ခေတ်ပညာမဆိုထားနဲ့ ဘုန်းကြီးကျောင်းတောင်ကောင်းကောင်း မနေဘူးတဲ့ တောသူကြီးတွေ မြန်မာပြည်တလွှား အများကြီးပါ၊

YBS စီမံကိန်းကြီးစပြီး တရက်နှရက်အတွင်းမှာပဲ လူတွေရဲ့မကျေနပ်မှုတွေ စီစီညံညံထွက်ပေါ်လာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောဆိုပဲ၊ ကားတွေ စတစ်ကာကပ်နေရလို့ အချိန်မီမထွက်နိုင်လို့ပါတဲ့၊ ကားတစီး စတစ်ကာကပ်ချိန် နာရီဝက်ကြာပါသတဲ့။ မြတ်စွာဘုရား ဧရာမအခက်အခဲကြီးပါလား၊ လူအသိ ဉာဏ် နဲ့ ဖြေရှင်းလို့မရနိုင်လောက်တဲ့ ပြဿနာကြီးပါလား။ ပြီးတော့ ပြောပါသေးတယ်၊ ခရီးသည်တွေ အဆင်ပြေဖို့ ဘတ်စ်ကားအစီး ၃၀၀၀လောက် မှာဖို့စီစဉ်နေပါသတဲ့။ ပေါချောင်ကောင်း ကားလည်းကောင်းရမယ်၊ ဈေးလည်းပေါရမယ်၊ Warranty ၂ နှစ် လည်းပါရမယ်၊ အကြွေးလည်းရမယ်ဆိုရင် ကျွန်တော်တို့ မကြာခင် ဘတ်စ်ကားအသစ်ကြီးတွေ စီးရတော့မှာပါ။

စီမံကိန်းကြီးမစခင် လိုအပ်တာတွေ ကြိုတင်မပြင်ဆင်ဘဲနဲ့ စီမံကိန်းကြီးစပြီးမှ လိုအပ်တာတွေ တစချင်းလိုက်ကောက်နေတာကတော့ ထူလွန်းပိန်းလွန်းတာပဲလား၊ စေတနာတွေ ပိုတောင်လွန်ကဲနေတာလား ဆိုတာတော့ စာရှုသူပဲဆုံးဖြတ်ပါတော့။

တကယ်တော့ ရန်ကုန်မြို့နေ ဘတ်စ်ကားကိုစီး ပြည်သူတွေရဲ့မျှော်လင့်ချက်က များများကြီးမဟုတ်ပါဘူး၊ အသစ်ကြီးမဟုတ်တောင် စုတ်ပြတ်သတ်နေတဲ့ ကားမဟုတ်ဘူး၊ လူတိုင်း ထိုင်ခုံစေ့ထိုင်ပြီး စတိုင်ကျကျမစီးရတောင် တိုးကြိတ်မနေရဘူး၊ အမျိုးသမီးလေးတွေ လူယုတ်မာတွေရဲ့ အစော်ကား ဘတ်စ်ကားပေါ်မှမခံရဘူး၊ လမ်းစည်းကမ်း ယာဉ်စည်းကမ်းကို ချိုးဖောက်တဲ့ ဒရိုင်ဘာရဲ့ လက်ထဲ အသက်ကို ဝကွက်အပ်မထားရဘူး၊ မိုက်ရိုင်းအောက်တန်းကျတဲ့ စပယ်ယာရဲ့ အဆူအငေါက်မခံရဘူး၊ သင့်တင့်တဲ့ ယာဉ်စီးခထက် ပိုမပေးရဘူးဆိုရင်…. ပြည်သူတွေက ဘတ်စ်ကားစီးရခြင်းကို ငရဲပြည်သွားရသလို သဘောမထားတော့ဘူးဆိုရင်… ဝန်ကြီးချုပ် ကျန်းမာပါစေလို့ ဆုတောင်းနေမှာပါ။

ရန်ကုန်ဘတ်စ်ကားဟာ သူများနိုင်ငံတွေထက် သာရမယ်လို့ကြွေးကြော်နေတာ ဘယ်နိုင်ငံတွေထက် သာရမယ်ဆိုတာလေးတော့ ထည့်ပြောစေချင်ပါတယ်၊ ဂျပန်ထက်လား၊ အမေရိကန်ထက်လား ဆိုမာလီးယားထက်လား၊ တိတိကျကျလေးပြောပြပေးပါ။ ဘတ်စ်ကားပေါ်မှာ Wifi သုံးမရလို့ ဘယ်သူကမှ ဝန်ကြီးချုပ်ကို အပြစ်မပြောပါဘူး၊ အမျိုးကောင်းသမီးပျိုလေးတွေ ဘတ်စ်ကားပေါ်တက်ရင် တွယ်ချိတ်အသင့် ဆောင်ရတဲ့ ဘဝကလွတ်ဖို့ပဲ ဆုတောင်းပါတယ်။

သာထက်အောင်
၁၉-ဖေဖော်ဝါရီ၊ ၂၀၁၇