အောင်မော်ဦး - နားထင်တေ့ခံထားရတဲ့ နိုင်ငံ


အောင်မော်ဦး  - နားထင်တေ့ခံထားရတဲ့ နိုင်ငံ
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇


လူ့ ယဉ်ကျေးမှုရဲ့ မုခ်ဦး
အနုသုခုမတို့ရဲ့ အထွဋ်အမြတ်ပြုရာ
ပါရီရေ
ဒီတခါ ငါတို့အလှည့်ကွဲ့
ငြိမ်းချမ်းရေးဟာ
လက်ပါးစေတယောက်ရဲ့ မောင်းတချက်တညှစ်စာနဲ့
နိုင်ငံတော်ဟာ
တည်းတည်းလေးပဲရှိတော့တယ်။

ဒီလိုပါပဲ
ခဏခဏလဲကျ
ပြီး
အခါခါပြန်ထခဲ့ကြသလိုပေါ့

ဒီတခါလည်း
တရားစီရင်ရေးရဲ့ ပြောင်းဝမှာ
ရင်ကော့ပြီး
ငါတို့ ထူကြထကြရပေဦးမယ်။

ပါရီရေ
ငါတို့ကို သနားတောင့်သနားနာ
ကြည့်ပါ

ငါတို့ကိုယ်ကို
ရှက်ရွံ့မှုတွေနဲ့ထုပ်သိမ်း
ကျုံ့နိုင်သမျှ ကျုံ့ထားပါ့မယ်

ပါရီရေ
ငါတို့ကို တဖွဖွစုပ်သပ်ပါ
ငါတို့ဦးခေါင်းကို ကြေကွဲမှုတွေနဲ့ ဖုံးအုပ်
ငုံ့နိုင်သမျှ ငုံ့ထားပါ့မယ်
လူသားယဉ်ကျေးမှုရဲ့ရှေ့မှာ
ဖိနှိပ်ခံတို့ရဲ့ သိမ်ငယ်မှုမျိုးနဲ့ပေါ့။

ပါရီရေ အစွန်းရောက်ဝါဒဟာ
ငါတို့ကို ယဉ်ကျေးမှုအရ နောက်ကျစေခဲ့ပြီ
ရာဇဝင်ဘီးဟာ
နောက်တရစ် အတင်းမခံနိုင်တော့လောက်အောင် သွေးဝလို့
ငါတို့သမိုင်းဟာလည်း ရိုင်းခဲ့ပြီ
ငါတို့အနာတ်ဟာလည်း
ငါတို့နိုင်ငံရဲ့သမိုင်းလိုပဲ ရိုင်းခဲ့ပြီ 
ငါတို့နိုင်ငံတော်ဟာလည်း
လူသိမ်လူဖျင်းတို့ရဲ့လက်မှာ
အခါခါကျဆုံးခဲ့ရပြီ။

သွားနှင့် ပါရီ
ဘဝပေးမကောင်းသူတွေကို မစောင့်နဲ့
ထပ်တခါ ကြိုးစားကြည့်ပါရစေ
မျိုးဆက်တဆက်နဲ့မလုံလောက်သေးရင်
နောက်မျိုးဆက်တဆက်နဲ့ပေါ့
ငါတို့သွေး ငါတို့ခင်းပြီး
မရောက်ရောက်အောင်လာခဲ့မယ်
လူ့ ယဉ်ကျေးမှုရဲ့ မုခ်ဦး
အနုသုခုမတို့ရဲ့ အထွဋ်အမြတ်ပြုရာ
မင့် နိုင်ငံတော်ဆီ။


အောင်မော်ဦး
၃၀၊ ဇန်နဝါရီ၊ ၂၀၁၇။