အောင်ငြိမ်း - ဆရာစွမ်းသို့မေတ္တာစာ


အောင်ငြိမ်း - ဆရာစွမ်းသို့မေတ္တာစာ
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇


လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ်ကို ဖြတ်သန်းရင်း
 ‘မန်းတကသ’ နဲ့‘လူထု’ရင်ခွင်မှာ ကြီးပြင်း
အညာမှု မြန်မာမှု ကမ္ဘာမှု အစုစုကို ကဗျာမှုပြုရင်း
တမာခါးကြိုက်တဲ့ အညာသားကဗျာဆရာ

‘ပြည်သူ့ရှုထောင့်ဝေဖန်ရေး’
‘မြန်မာစာပေဘာလဲဘယ်လဲ’
 လောကဓာတ်တခေတ်မှာ ပြောစမှတ်ဖြစ်ပါရဲ့ - ကွယ်တို့လို့
 ဇော်(ပျဉ်းမနား) လေနဲ့ ပြောရရင်
 ‘အပစ်အခတ် အညစ်အပတ် အညှစ်အသတ်’ရယ်လို့
စာပေဝေဖန်ရေးမျက်နှာစာမှာ ‘တွင်’¯ကျန်ရစ်ခဲ့အောင်
ကလောင်ထက် အမြင်စူးတဲ့
 တော်လှန်ရေးအမြင်သန်တဲ့ ကဗျာဆရာ

ဂန္ထဝင်နဲ့ခေတ်စမ်းကိုလည်း အလှမ်းမဝေးဘူး
စာပေသစ်နဲ့ပြည်သူ့စာပေကိုလည်း ဆက်ခံတယ်
မှိုင်းအစ တာရာနဲ့ လင်းယုန်အလယ်
 မော်ဒန် ပို့စ်မော်ဒန် ဘာဒန်ညာဒန်
စစ်အေးလွန် ကမ္ဘာမှုလွန် ဘာလွန်ညာလွန်
နီယိုကွန်နဲ့နီယိုလစ် ဘာဖြစ်ညာဖြစ်
စည်းစနစ်ဟောင်းတွေပြိုပျက်
စည်းစနစ်သစ်လည်း မပေါ်ထွက်သေးတဲ့ မရေမရာ အခြေအနေမှာ
တပြည်တရွာမှာ အနေကြာပေမဲ့
 ပြည်မြန်မာအရေးကိုတော့ စေတနာသွေးပူဆဲ ကဗျာဆရာ

အမေကိုလည်းလွမ်း  ပြည်ကိုလည်းလွမ်း
 ကျောင်းတော်ကိုလည်းလွမ်း  အပေါင်းအဖော်ကိုလည်းလွမ်း
ညီကိုလည်းလွမ်း  အနီကိုလည်းလွမ်း
ဆရာများကိုလည်းလွမ်း  ကဗျာသမားကိုလည်းလွမ်း
လွမ်းတော်မူလို့စာကိုစီတယ်
 စောင့်ဖတ်ရတဲ့ စာများချည်းပါပဲ

အသက် ၈၀ ပြည့် ရှေ့မျိုးဆက်ဆရာအိုကို
ကဗျာတညို့စာတတို့ဖြင့် ကန်တော့လိုက်ပါရဲ့
သက်ရှည်ကျန်းမာ ကဗျာတွေလည်းသီနိုင်ပါစေကြောင်း
စာတွေလည်းစီနိုင်ပါစေကြောင်း။

အောင်ငြိမ်း(၂၄ ဇန်နဝါရီ ၂၀၁၇)