Samsung Myanmar မှ ထူးချွန်ကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆု ရန်ပုံငွေအဖြစ် မြန်မာငွေကျပ်သိန်း ၁၀၀ အား မတည်လှူဒါန်း



Samsung Myanmar မှ ထူးချွန်ကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆု ရန်ပုံငွေအဖြစ် မြန်မာငွေကျပ်သိန်း ၁၀၀ အား မတည်လှူဒါန်း
(မိုးမခကြော်ငြာ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇
ရန်ကုန်၊မြန်မာ - ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၇ ။ ။ ပညာရေးနှင့် သက်ဆိုင်သည့် လူမှုအကျိုးပြုပိုင်းဆိုင်ရာ လုပ်ငန်းများကို မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar မှ ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာဌာန မှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအတွက်ပညာသင်ကြားစရိတ် ထောက်ပံ့ပေးမည့် ပညာသင်ဆု ရန်ပုံငွေ အား မြန်မာငွေကျပ် သိန်း ၁၀၀ ဖြင့် စတင်မတည်လိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ပညာသင်ဆုရန်ပုံငွေလှူဒါန်းပွဲအား ဖေဖော်ဝါရီလ ၁၃ ရက်၊ တနလာင်္နေ့ ၊ နေ့လည် ၃ နာရီတွင် ရန်ကုန်တက္ကသိုလ် သိပ္ပံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ ဆရာ၊ ဆရာမများ၊Samsung Myanmar မှ တာဝန်ရှိသူများ ၊ ကျောင်းသား၊ကျောင်းသူများ နှင့် ဖိတ်ကြားထားသော မီဒီယာများတက်ရောက်ခဲ့ကြသည်။

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်များ ဟု တင်စားခြင်းခံရသည့် လူငယ်များ၏ ပညာရေးမှာ အရေးကြီးသည့် အခန်းဏဏ္ဍတစ်ခုပင်ဖြစ်ပြီး လူငယ်များ ပညာရေးအုတ်မြစ်ခိုင်မာမှသာ ၄င်းတို့၏ အနာဂတ်လှပမည်ဖြစ်သည်။ ထိုအချက်ကို ကောင်းမွန်စွာနားလည်လက်ခံထားသည့် Samsung Myanmar သည် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား တစ်တပ်တစ်အား ထောက်ပံ့ပေးနိုင်မည့် ယခုပညာသင်ဆု ရန်ပုံငွေအား မတည်လိုက်ခြင်းဖြစ်သည်။

“Samsung Myanmar ကနေပြီးတော့ လာမယ့်မတ်လထဲမှာပဲ ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် Mobile Application Training ရက်တို သင်တန်းကိုလည်း ဖွင့်လှစ်ပေးဦးမယ်လို့ သိရပါတယ်။ SamsungMyanmar ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ပညာရေးကို အခုလို တတ်စွမ်းသရွေ့ကူညီထောက်ပံ့ပေးနေတာသိရတဲ့အတွက် ၀မ်းသာမိပါတယ်။ အခု Samsung Myanmar က မတည်လှူဒါန်းတဲ့ရန်ပုံငွေကနေပြီးတော့လည်း တကယ်ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကူညီထောက်ပံ့ပေးသွားမှာပါ” ဟု ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာဌာနမှ ပါမောက္ခ ဒေါက်တာစိုးမြမြအေး မှ ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်မှတာဝန်ရှိသူများ၏ ဦးဆောင်လမ်းညွှန်မှုနှင့် ယခု မတည်လှူဒါန်းလိုက်သော ပညာသင်ဆုရန်ပုံငွေအား အကျိုးရှိစွာသုံးစွဲသွားရန် ကော်မတီတစ်ခုဖွဲ့စည်းဆောင်ရွက်သွားမည်ဟု သိရသည်။ Samsung Myanmar မှ ယခုကဲ့သို့ ပညာသင်ဆုရန်ပုံငွေမတည်လှူဒါန်းခြင်းသည် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဌာနအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ပညာသင်ဆုရန်ပုံငွေအား ရေရှည်သုံးစွဲသွားရန် စီမံဆောင်ရွက်သွားမည်ဖြစ်သည်။

“ထူးချွန်ပြီး ရည်မှန်းချက်မြင့်မားတဲ့လူငယ်တွေကို ကူညီပံ့ပိုးလိုတဲ့အတွက် ရန်ကုန်တက္ကသိုလ်က ဆရာကြီး ဆရာမကြီးတွေရဲ့ လမ်းညွှန်ဦးဆောင်မှုနဲ့ ဒီပညာသင်ဆုရန်ပုံငွေကို စတင်မတည်ဖြစ်သွားတာပါ။ ကျွန်တော်တို့ Samsung Myanmar အနေနဲ့ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ပညာရေးအတွက် တစ်ဖက်တစ်လမ်းက တတ်နိုင်သလောက် အမြဲကူညီပံ့ပိုးပေးသွားမှာပါ။ ဒီပညာသင်ဆုကို ရရှိမယ့် ကျောင်းသားကျောင်းသူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေဖန်တီးပေးနိုင်အောင် ဆက်လက်ကြိုးစားသွားမှာပါ။” ဟု Samsung Myanmar ၏ PR and Citizenship Manager ကိုစိုးသူရ မှ ပြောကြားသည်။

Samsung Myanmar သည် မြန်မာနိုင်ငံ၏ ပညာရေးကို တတ်စွမ်းသည့်ဘက်မှ ကူညီထောက်ပံ့နေကြောင်း ၄င်း၏ လုပ်ဆောင်ဆောင်ရွက်မှုများမှ တဆင့် သက်သေပြခဲ့ပြီးဖြစ်သည်။ Samsung Myanmar သည် မြန်မာနိုင်ငံအတွင်း ပညာသင်ကြားရန်အခွင့်အလမ်းဆုံးရှုံးလျက်ရှိသော ကလေးသူငယ်များကို ရွေ့လျားစာသင်ခန်းများဖြင့် သင်ကြားပေးသည့် ပြည်တွင်းမှ NGO မြန်မာရွေ့လျား ပညာသင်ကြားရေး အစီအစဉ် MyME စီမံကိန်းနှင့် ၂၀၁၅ ခုနှစ်အစောပိုင်းမှစတင်၍ ပူးပေါင်းခဲ့သည်။

Samsung Myanmar မှ မြန်မာနိုင်ငံ၏ မိုဘိုင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နှင့် မိုဘိုင်းအပလီကေးရှင်းများ ပြုလုပ်ဖန်တီးနိုင်သည့် အရည်အချင်းရှိ ထူးချွန်လူငယ်များ ပိုမိုထွက်ပေါ်လာစေရန် ရည်ရွယ်ကာ Samsung Tech Institute: Mobile Application Training အား ၂၀၁၃ ခုနှစ်မှ စတင်ကာ နှစ်စဉ်ပြုလုပ်ခဲ့ပြီး ကျောင်းသားကျောင်းသူပေါင်း ၄၀၀ ကျော်အား သင်တန်းပို့ချပေးခဲ့ပြီးဖြစ်သည်။ Samsung Tech Institute ၏ တိုးချဲ့အစီအစဉ်တစ်ခုအဖြစ် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်း၍ တီဗီနှင့် မိုဘိုင်းဖုန်းပြုပြင်သင်တန်းကိုလည်း ၂၀၁၆ ခုနှစ်မှစတင်၍ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်။

ထို့အပြင် Samsung Tech Institute ၏ နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် Networking Training အား သန်လျင်နည်းပညာတက္ကသိုလ်နှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဥာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ အိမ်သုံး လျှပ်စစ်ထုတ်ကုန်များ၊ Smartphoneများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ ကင်မရာများ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ထုတ်ကုန်များ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ၊ Semiconductor များနှင့် LED Solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် news.samsung.com တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။