မောင်မောင်စိုး - ကိုးကန့်စစ်မြေပြင်


မောင်မောင်စိုး - ကိုးကန့်စစ်မြေပြင်
(မိုးမခ) မတ် ၁၁၊ ၂၀၁၇

 ၂၀၁၇ ခုနှစ် ဇန္နဝါရီလ အစောပိုင်းကထဲက စခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲများဟာ တစတစပို၍ ပြင်းထန်လာသည်ဟုဆိုရမည်။ အရပ်ရပ် သတင်းများအရ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA ) ဟာ လက်ရှိ အချိန်မှာ မော်ထိုက်၏အရှေ့ဘက် ဟုန်အိုင် ( ဟုန်ဟိုင်) ဒေသ တောင်ကြော
များမှာ အခြေပြု ထားသည်ဟု ယူဆရပါသည်။

ထို့ပြင် ဟုန်အိုင်၏တောင်ဖက် ကိုးကန့်ဒေသအခေါ် ပယ်ရီဟော်ဒေသတွင်လည်း ကိုးကန့်တပ်ဖွဲ့များ အခြေချ တပ်စွဲထားခဲ့ပုံရသည်။ ၂၀၁၇ ဇန္နဝါရီလမှစ၍ ဖြစ်ပွါးသည့် တိုက်ပွဲများမှာ ပယ်ရီဟော်ဒေသတွင်ဖြစ်ပြီး တပ်မ တော်မှ ထုတ်ပြန်သည့်ကြေညာချက်များတွင် ပါရှိသည့် ပွို င့် ၂၁၄၅ တောင်ကြောဖြစ်သည်။

လက်ရှိအချိန်တွင် တပ်မတော်စစ်ကြောင်းများသည် ပယ်ရီဟော်ဒေသ (ပွိုင့် ၂၁၄၅ တောင်ကြော) အား ဇန္နဝါရီမှစ၍ နှစ်လခန့် အပြင်းအထန်တိုက်ခိုက်၍ ထိမ်းချုပ်ထားပြီးနောက်  ဟုန်အိုင်ဒေသသို့ ဆက်လက် ထိုးစစ်ဆင်ဦးမည်ဆိုပါက တိုက်ပွဲများ ဆက်လက်ပြင်းထန်မည်ဟု ခန့်မှန်းရပါသည်။

မြင့်မားမတ်စောက်သည့် ကျောက်တောင်များတွင် ဖြစ်ပွါးသည့် တိုက်ပွဲများတွင် အကျအဆုံး နည်းလှမည်မဟုတ်ဟု ခန့်မှန်းရသည်။ ၂၀၁၅ ခုနှစ် အတွင်းက အကြီးအကျယ်တိုက်ခဲ့ကြသော ပွိုင့် ၂၀၂၂ (ဒေသအခေါ် နန်ထင်း မင်စမ်း) တုန်းကလည်း လနှင့်ချီ တိုက်ခိုက်ခဲ့ကြပြီး အကျအဆုံးမနည်းလှပေ။ မိမိအမှတ်မမှားလျင် ခလရ ၄ တပ်ရင်းမှူးကျဆုံးခဲ့သည်ဟုထင်သည်။

ပြသနာကို စားပွဲဝိုင်းပေါ်တွင် မဖြေရှင်းနိုင်သ၍ ကိုးကန့်ဒေသ၏ မြင့်မားသော တောင်ကုန်းများပေါ်တွင် ပွို င့်နံပတ်များသာပြောင်းသွားမည် နှစ်ဖက်အကျ အဆုံးများကား ပြောင်းသွားလိမ့်မည်မဟုတ်ပေ။ ထို့ပြင် လောက်ကိုင်သည်လည်း တည်ငြိမ်ရန်ခက်ခဲနေပေအုံးမည်ဖြစ်သည်။

မောင်မောင်စိုး ( Mg Mg Soe )