အခရာ - အလှမွေးငါး


အခရာ - အလှမွေးငါး
(မိုးမခ) မတ် ၅၊ ၂၀၁၇

သတိမရဖြစ်တဲ့ အကြောက်တရား။
ဝဋ်ကြွေးထဲက
ခုန်ထွက်မရတဲ့အစွမ်းစ။
စက္ကန့်တိုင်း အလှီးဖြတ်ခံနေရတဲ့
စကားလုံးကန်ထဲက ငိုကြွေးသံ။
ပင်လယ်လိုအသက်မဝင်တဲ့
အလင်းပြုကျောက်ဆောင်တုပေါ်က
ရေနှောခံမေတ္တာကမ္ဘာ။

ဘဝကို နောက်ပြန်မွေးဖွားလာပြီး
အတည့်တိုင်း ကျင်လည်ချင်မိသူ။

ခုတော့
ဘောင်သွင်းခံရတဲ့ခြေလက်တွေနဲ့
အသက်ကယ် အောက်ဆီဂျင်တုဆီ
လမ်းလျှောက် အရောင်တောက်နေရရဲ့။