စိုးနေလင်း ● တောင်ပံကျိုးနဲ့ ခံတွင်းပျက်

 စိုးနေလင်း ● တောင်ပံကျိုးနဲ့ ခံတွင်းပျက်
(မိုးမခ) မတ် ၉၊ ၂၀၁၇

ရာသီဥတုနဲ့ ပထ၀ီအနေအထား
စေစားရာအရ
လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာအုံးမလား
ပင်လယ်ကြမ်းပြင်အောက်မြေငလျှင်တခု လှုပ်လာအုံးမလား
အပူလှိုင်းများဖြတ်အုံးမလား
အားကောင်းတဲ့မုန်တိုင်းတွေကလည်း တခုပြီးတခု
ကွန်ပြူတာအတုပြုလုပ်ချက်တွေကြား
စာလုံးပေါင်းအကြိမ်ကြိမ်မှားခဲ့ကြ
ဘုရားကားအောက်မျောက်ကားအထက်
မျက်နှာပျောက်လုလုအခြေ။

လေရူးလို့ဆိုဖို့ကလည်း
နွေဦးစင်စစ်မဟုတ်သောကာလ
သူခိုးက လူလူဟစ်
မြစ်မချမ်းသာဖြစ်စဉ်ထဲ
ဘာနဲ့ပဲလဲရ လဲရဆိုပြီး
မီးကိုတိုးမယ့်ပိုးဖလံမျိုး
ရိုးတိုး ရွတ ဖြစ်နေကြပြန်ရဲ့။

မြစ်နက်တွေဟာ ရေစီးတည်ငြိမ်ကြသတဲ့
အမျိုးသား အမျိုးသားဆိုပြီး
နိုးကြားခဲ့တဲ့ကာလရှိခဲ့ပေမယ့်
အမိမဲ့သား ရေနည်းငါး
တုံးအောက်ကဖား ပြားပြားချည်းသာ
ရွာနာတာလည်း ကာလရှည်ကြာ…

ဟောဟိုမှာတော့….
ဘာလင်တံတိုင်းကြီးကိုဖြိုချလိုက်ကြတာ
နှစ်၂၀ ကျော် ကြာခဲ့ပေါ့။     ။