ခက်သီ - အခွံမာသီး

artist - Than Htay Maung


ခက်သီ - အခွံမာသီး
(မိုးမခ) မတ် ၃၊ ၂၀၁၇

နေရောင်က ဖွဲဖွဲလေးရယ်
နေ့တွေက ကြောင်တောင်ကန်း
သွားပိုးစားနေရှာသူ လမ်းမထက်
လူနဲ့လူချင်း တက်နင်းကြရ
လူနဲ့လူချင်း
ဖက်နမ်းနှုတ်ဆက်ကြရ
လူနဲ့လူချင်း
လက်ရမ်းနှုတ်ဆက်ကြရ ။

အိပ်နေရှာသူ ခွေးလောက်မှ
အပြစ်ကင်းစင် တောက်ပရတဲ့အဖြစ်
လူတွေက ညစ်ညမ်းတယ်
အိုးအိမ်တွေက ညစ်ညမ်းတယ်
ရပ်ရွာတွေက ညစ်ညမ်းတယ် ။

ဘယ်နေရာမဆို ဖြတ်လမ်းရှိနေတော့
အရှင်မွေနေ့ချင်းကြီးတွေ
ဒူးတနှံ့နှံ့
မနက်ဖြန်ဟာ လန့်ဖို့ကောင်းတယ် ။

အမှောင်ထဲ ဆုပ်ထားတဲ့လက်သီး
ခရီးဆောင်အိတ်ထဲက ဒိုင်ယာရီ ခေါက်သိမ်း
အိပ်ရာအောက်က မောင်းချဓား
တို့အားလုံးဟာ
ဒီစာအုပ်ရဲ့ ရှေ့ပိုင်းအခန်းတွေမှာတော့
လူကြမ်းတွေချည်ပေါ့ကွာ။

ခင်ဗျားတို့သိကြရဲ့လား
နွားမကြီး လွယ်ထားတဲ့ဇီးက
နွားထီးကြီးကြောင့်ရခဲ့တာပါ ။

ဘယ်နေရာကြည့်ကြည့်
အများစုက လူညံ့ချည်းပဲ
ဘုရားတခွန်းထူး တစ်မတ်နဲ့
ကိုယ့်အနာဂတ်ကိုယ် သတ်ပစ်ကြတော့မှာလား
ဟေ့ နာမည်ကောင်းလက်မှတ်ကိုင်ပြီး
သမိုင်းကို ရှက်နေရမယ့်အစား
ဘေးထွက်ထိုင်နေလိုက်မယ်
ဒီပွဲမျိုး ငါ မကစားနိုင်ဘူး ။ ။

ခက်သီ

(သန်းဌေးမောင်၏ ပန်းချီကား - ငြိမ်းချမ်းရေးသီချင်း၊ စန္ဒယားခလုတ်ဟောင်းများနှင့် အခွိုင်းလစ် အော်န် ကင်းဗတ် ၂၂X၂၈ ၊ ဖေဖေါ်ဝါရီ၊၁၉၊၂၀၁၇ )