မိုက်ခဲစိန် - ဒေါ်နယ်ထရန့် ရဲ့ တောပြော တောင်ပြော



မိုက်ခဲစိန် - ဒေါ်နယ်ထရန့် ရဲ့ တောပြော တောင်ပြော
(မိုးမခ) မတ် ၅၊ ၂၀၁၇

ဖေဖော်ဝါရီ ၂၅ မှာ မြန်မာပြည်က ပြည်ထဲရေးဝန်ကြီးဌာန ဦးကိုနီလုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး တရားဝင်သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အဲသည်မှာ ၀န်ကြီး ဗိုလ်ကျော်ဆွေ ပြောသွားတာက လုပ်ကြံသူတွေဟာ လူငယ်တို့ သဘာဝနဲ့ အစွန်းရောက်မျိုးချစ်စိတ်တွေ ထက်သန်ပြီး လူသတ်ကြတာလို့ ဆိုပါတယ်။ လုပ်ကြံဖို့ ကြံစည်သူတွေက ၄၀ကျော် ၅၀တွေချည်းပဲ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေမျက်စိထဲမှာ လုပ်ကြံလူသတ်သမားတွေဟာ လူငယ်လေးတွေ စိတ်လိုက်မာန်ပါ လုပ်ကြတာဆိုပြီး ပြောလိုက်တော့ အသက်ဘယ်လောက်ကြီးကြီး နိုင်ငံတော်နဲ့ ချီပြီး မိုက်ရင်တောင်မှ တချို့လူတွေအတွက်က ရေးကြီးခွင်ကျယ်မဟုတ်သလိုပါပဲလား။

သည်လိုနဲ့ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၈ မှာ လွှတ်တော်မှာ နိုင်ငံတော်မိန့်ခွန်း ပထမဦးဆုံးအကြိမ် ပေးပါတယ်။ ဒေါ်နယ်ထရန့်မိန့်ခွန်းကို နားထောင်ပြီး လက်ရှိ ထရန့်အစိုးရ လုပ်ပုံကိုင်ပုံတွေကြည့်မြင်ရင်း ဗိုလ်ကျော်ဆွေကို သတိရမိပါတယ်။ အမေရိကန်မှာလည်း အသက် ၇၀တန်းနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူတွေတောင် စိတ်လိုက်မာန်ပါနဲ့ အမှားမှားအယွင်းယွင်းလုပ်နေတာတွေဟာ တချို့လူတွေ နို်င်ငံရေးသမားတွေမျက်စိရှေ့မှာ ဘာတခုမှ အပြစ်မမြင် အချစ်ဝင်နေစရာချည်းပါလား လို့ တွေးမိပါတော့တယ်။

ဒေါ်နယ်ထရန့်က သူဟာ ကမ္ဘာ့အရေးကို ဦးဆောင်နေတာမဟုတ်ဘူး၊ အမေရိကန်တပြည်ကိုသာ ဦးဆောင်မှု ပေးနေတာလို့ ဆိုလိုက်ပါတယ်။ ရီပတ်ဘလစ်ကန်အမတ်တွေ သောင်းသောင်းဖြဖြ မတ်တပ်ထပြီး လက်ခုတ်တီးကြပါတယ်။ ကမ္ဘာအင်အားကြီးနိုင်ငံအဖြစ်နဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်သူ၊ အားနည်းသူတွေဘက်က တရားမျှတမှုကို ဆောင်ရွက်သူလို သမိုင်းနဲ့ချီပြီး လူတိုင်းအသိအမှတ်ခံနေရတဲ့ အမေရိကန်နိုင်ငံက သမ္မတအသစ်ကြီးက ငါတို့တွေက ပြည်တွင်းရေးပဲ လုပ်တော့မယ်၊ ပြည်ပအရေးတွေမှာ ဦးဆောင်မှု ပေးမှာ မဟုတ်ဘူး ဆိုပဲ။ အဲသလို ပြောလိုက်တော့ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ ၀မ်းသာပြီပေါ့ဗျာ။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ ကြီးစိုးနေတဲ့ အစွန်းရောက်အကြမ်းဖက်တွေအတွက်ကလည်း လက်ခမောင်း ထခတ်ချင်စရာပါ။ သို့သော်လည်း ထရန့်က အခြားတိုင်းပြည်တွေက စီးပွားရေးအမြတ်ထုတ်နေတာကိုတော့ သီးခံမှာ မဟုတ်ဘူး၊ တုန့်ပြန်မယ်လို့လည်း ဆိုလိုက်ပြန်ပါတယ်။

ထရန့်က စိတ်လိုက်မာန်ပါ လူငယ်လေးလို ပြောဆိုနေတာတွေဟာ ဗိုလ်ကျော်ဆွေမျက်စိရှေ့မှာ အံ့သြစရာ မဟုတ်ပေမယ့် အမေရိကန်မျိုးဆက်သစ်တွေအတွက် မှင်သက်စရာပါ။ သူတို့အနာဂတ်အတွက် မျှော်လင့်စရာ ကြိုးပမ်းစရာ စိန်ခေါ်မှုတွေကို ခေါင်းဆောင်တဦးအနေနဲ့ ထုတ်ဖော် ဦးဆောင်မှုကို ပြသတာမဟုတ်ဘဲ ကိုယ်ကျိုးစီးပွားသက်သက်ကိုသာ စိတ်ဝင်စားကြဖို့ ပြောလိုက်တာ စိတ်ပျက်စရာပါ။

ကွန်ဂရက်မှာ သူဖိတ်ခေါ်တဲ့ ဒါးစာခံဆိုသူတွေက တရားမ၀င်နိုင်ငံသားတွေ သတ်လို့ သေဆုံးရသူတွေရဲ့ ကျန်ရစ်သူတွေပါ။ ပြောချင်တာက အမေရိကားကို ခြိမ်းခြောက်နေတာ ခိုးဝင်တွေကြောင့်လို့ အကြောက်တရား အမုန်းတရားကို ဦးစားပေးစေချင်ပုံပါ။ အတိုက်အခံ ဒီမိုကရက်တွေ ဖိတ်ခေါ်လာတဲ့ ပြည်သူတွေဆိုတာကတော့ တရားမ၀င် ဧည့်နိုင်ငံသားတွေထဲက ကလေးသူငယ် ကျောင်းသားတွေ၊ ပညာထွန်းချွန်လို့ ယာယီစောင့်ရှောက်ခံလက်မှတ်ကိုင်ပြီး ပညာသင်နေကြသူတွေ၊ အလုပ်အကိုင်လုပ်ကိုင်ပြီး ဆောင်ရွက်နေသူတွေပါ။ အသားအရောင် ဘာသာစုံတဲ့ ပြည်ပကနေ ပြည်တွင်းက လာအခြေချတဲ့ တရားဝင်နိုင်ငံသားပေါင်းစုံမိသားစုတွေထဲက စစ်မှုထမ်းမိသားစုတွေကိုလည်း အတိုက်အခံ ဒီမိုကရက်တွေက ထရန့်ရဲ့ လွှတ်တော်မိန့်ခွန်းကို နားထောင်ဖို့ ခေါ်ထားခဲ့ကြပါတယ်။

ထရန့်ရဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးဆိုတာမှာ အသားအရောင် ဘာသာစုံတွေ ပါဝင်တာထက် ရှေးရိုးစွဲ လူဖြူတွေချည်းသက်သက်ကို ဦးစားပေးတဲ့ မျိုးချစ်စိတ်ဓာတ်ကို ဇောင်းတင်နေတာပါ။ အမေရိကန်မှာက မျိုးဆက်သစ်တွေအားလုံးဟာ နိုင်ငံပေါင်းစုံက ရွှေ့ပြောင်းအခြေချလာတဲ့ အသွေးအရောင်စုံသူတွေပါ။ ပညာတတ်တွေ ပညာမဲ့တွေ၊ လူတန်းစား ပေါင်းစုံပါဝင်ပါတယ်။ သို့သော် ထရန့်ကတော့ တဆိတ်ရှိရင် ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူတွေကို သွေးခွဲစကားပြော ပြောပြီး နိုင်ငံရေး အမြတ်ပေါင်းစုံ ထုတ်နေတာလို့ ပြောရမယ် ထင်ပါတယ်။ ထရန့်က မဟာအမေရိကန်လို့ ပြောတိုင်းပြောတိုင်း၊ မြန်မာပြည်က မဟာဗမာမျိုးချစ်တွေ ဆိုဆိုပြီး တိုင်းရင်းသားတွေကို အဝေးရောက်အောင် တွန်းတွန်းပို့နေတတ်တဲ့ သူတွေကို မျက်စိထဲ မြင်ယောင်မိနေပါတော့တယ်။

ထရန့်က ပြောပါတယ်။ သူဟာ တိုင်းပြည်အရှုပ်ထုပ်ကြီးကို အမွေရလိုက်တာပါတဲ့။ အိုဘာမားလုပ်သွားလို့ ပျက်နေတဲ့ တိုင်းပြည်ကို သူက အဖတ်ဆယ်နေရတာပါ လို့ လွှတ်တော်မှာ ပြောပါတယ်။ အိုဘားမားက အမေရိကန်ကို စီးပွားပျက်ထဲက ကယ်ပြီး တိုင်းပြည်စီးပွားရေး ဦးမော့လာချိန်မှာ ထရန့်လက်ထဲကို ထည့်ပေးခဲ့တာပါ။ အလုပ်လက်မဲ့ ဦးရေကလည်း သမိုင်းမှာ အနိမ့်ဆုံး အချိန်ပါ။ လက်ရှိမှာ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အာမခံချက်ဥပဒေကလည်း တိုင်းပြည်ကို ဆွဲနှစ်နေတယ်၊ အမြန်ကို ပြင်ဆင်ရမယ်လို့လည်း ပြောလိုက်ပါသေးတယ်။ အခုအချိန်မှာ ပြည်နယ်တွေက ပြည်သူတွေဟာ အိုဘားမားကျန်းမာရေးဥပဒေရဲ့ စောင့်ရှောက်မှု အရသာနဲ့ အသီးအပွင့်ကို ကောင်းမှန်း သိလာကြလို့ ရီပတ်ဘလစ်ကန်တွေကသာ ခြေနဲ့ ဖျက်မယ်ဆိုရင် ဘယ်လိုများ လုပ်ရပါ့မလဲလို့ စိတ်ပူပင် သောကရောက်နေရတဲ့ အချိန် ဖြစ်နေပါတယ်။

ထရန့်ဟာ လွှတ်တော်မိန့်ခွန်းမှာ တောပြော တောင်ပြော ပြောချင်တာ ပြောတော့တာပဲ။ သူ့ထောက်ခံတဲ့ ရီပတ်ဘလစ်ကန်အမတ်တွေကလည်း တခွန်းပြော တခွန်း လက်ခုပ်တီးပြီး အားပေးထောက်ခံမှုတွေ ပြနေတော့တာပါပဲ။ သူ မပြောတာတွေက အမေရိကန်တွေ လုပ်ခလစာတွေ တိုးတက်ရရှိဖို့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ အာခံချက်စကား၊ သူမပြောပါ။ ခေတ်ရှေ့က ပြေးနေဖို့ ပညာရေးအခမ်းကဏ္ဍကို တိုးမြှင့်ဖို့ ကျောင်းသားတွေကို အထောက်အကူပေးဖို့၊ ကောလိပ်ကျောင်းစာရိတ် သက်သာဖို့ သူ မပြောပါ။ လွတ်လပ်မှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် လူ့အခွင့်အရေးဆိုတာတွေ စောင့်ရှောက်ဖို့ ကာကွယ်ပေးဖို့ကို သူ မပြောပါ။ သတင်းစာ စာနယ်ဇင်းတွေဟာ သူရဲ့ ရန်သူဖြစ်တယ်၊ ပြည်သူတွေရဲ့ ရန်သူဖြစ်တယ်လို့ တွင်တွင် ပြစ်တင်ပါတယ်။ လွတ်လပ်စွာ လက်နက်ဝယ်ယူခွင့်တွေကို ပိုမို အားပေးမယ်လို့လည်း ဆိုပြန်ပါတယ်။ ဆိုလိုချင်တာက လူတိုင်းလက်ထဲမှာ ကင်မရာတွေ ကလောင်တံတွေ ရှိဖို့ထက် သေနတ်တွေ မောင်းပြန်တွေ ရှိနေဖို့က ပိုအရေးကြီးတယ်လို့များ ဆိုနေတာလား မသိပါ။

အလုပ်အကိုင်တွေကို သူက ကာကွယ်ပေးတယ်၊ ဖန်တီးပေးနေတယ် ဆိုတာက လွတ်လပ်စွာ ယှဉ်ပြိုင် ပြိုင်ဆိုင်မှုကို အားပေးတဲ့ အလုပ်အကိုင်ဈေးကွက်မျိုး ပေါ်ထွန်းရေးကို ထရန့်က မဆိုလိုပါ။ ခေတ်နောက်ပြန်ဆွဲနေတဲ့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ခလစာအများကြီး ပေးနေရတဲ့ ကာလလုပ်သားတွေကို ဆက်ပြီး အလုပ်တွေ ရှိနေစေရမယ်ဆိုပြီး စိတ်ကူးယဉ်စကားတွေ ပြောနေတာမျှသာ ဖြစ်ပါတယ်။ ကာလလုပ်သားတွေကို ဥာဏလုပ်သားတွေအဖြစ် အဆင့်မြှင့်ဖို့၊ လေ့ကျင့်သင်ကြားပေးဖို့၊ သူတို့ကို အလုပ်အကိုင်ဈေးကွက်ထဲမှာ ပြန်လည်နေရာချနိုင်ဖို့၊ လုပ်ခလစာ သင့်တော်အောင်ပေးပြီး စားဝတ်နေရေး ချောင်လည်အောင်လုပ်ပေးဖို့ ဆိုတာတွေကို ထရန့် က ပြောနေတာ မဟုတ်ရပါ။ သူတို့အလုပ်တွေ ပြည်ပကို ထွက်ကုန်တာ ပြည်ပနိုင်ငံတွေ အပြစ်ဖြစ်တယ်၊ သူတို့ကို အရေးယူမယ် ဘာညာ အသံကောင်းဟစ်ရုံ ဟစ်တာပါ။ လူပြိန်းကတော့ ကြိုက်တာပေါ့လေ။

ထရန့်အကြောင်းကတော့ ပြောလို့မကုန် ရေးလို့ မခမ်းပါပဲ။ လွှတ်တော်မှာ သူ မပြောတာက ရုရှားလိုတိုင်းပြည်က အမေရိကန်ရွေးကောက်ပွဲမှာ ၀င်ပြီး နှောက်ယှက်ခဲ့တယ် ဆိုတာပါ။ ထရန့်တို့ ကင်ပိန်းအဖွဲ့တွေနဲ့ ရုရှားအာဏာပိုင်တို့ ရွေးကောက်ပွဲမတိုင်ခင် ဆက်ဆံရေးကို အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးနေကြရတယ် ဆိုတဲ့ အကြောင်းပါ။ ဖေဖော်ဝါရီ ၁၃ ခန့်မှာ ထရန့်အကြံပေး လုံခြုံရေးခေါင်းဆောင် မိုက်ကယ်ဖလင်းတယောက် ရာထူးက နှုတ်ထွက်ပေးလိုက်ရတာ အဲသည်အကြောင်းတွေ ပါဝင်ပါတယ်။ လက်ရှိ ထရန့်ခန့်ထားတဲ့ အစိုးရရှေ့နေချုပ်ဆိုသူကလည်း ထရန့်ရွေးကောက်ပွဲကာလမှာတုန်းက ရုရှားသံတွေနဲ့ တွေ့တယ်ဆိုတာ ဗြောင်ကွယ်နေလို့ အခုကျမှ အတိုက်အခံတွေက ပြစ်တင် ဝေဖန်နေကြပါတယ်။ ဒါနဲ့ ရှေ့နေချုပ်ကလည်း ထရန့်ကင်ပိန်းကာလ ရုရှားနဲ့ ဆက်ဆံခဲ့တာ ရှိမရှိ စုံစမ်းနေတာမှာ သူကိုယ်တိုင် စုံစမ်းမှု မလုပ်တော့ဘဲ နောက်ဆုတ်နေပါမယ်လို့ ထုတ်ပြန်ရပါတယ်။

ရုရှားကိစ္စ အရေးပေါ်လာတော့ ထရန့်က ဒီမိုကရက်တွေကလည်း ရုရှားနဲ့ ဆက်ဆံရေးတွေလုပ်နေပါတယ်လို့ တန်ပြန် စွပ်စွဲပါတယ်။ ဒီမိုကရက်တွေကလည်း သူတို့ဆက်ဆံရေးဆိုတာ လျို့ဝှက်ဆက်ဆံတာမဟုတ်ဘူး၊ လူသိရှင်ကြား နိုင်ငံရေးမျက်နှာစာမှာ ဆက်ဆံတာမို့လို့ ထရန့်လိုမျိုး နောက်ကွယ်မှာ ဆက်ဆံတာတွေ မဟုတ်ဘူးလို့ တုန့်ပြန်ကြပါတယ်။

ကဲ … တော်လောက်ပါပြီ။ တောပြော တောင်ပြောတွေကတော့ နိုင်ငံတော်အဆင့်ဆိုတော့ အားလုံး စိတ်ဝင်စားစရာ ဖေ့စ်ဘွတ်ပေါ်က သတင်းတွေ အတင်းတွေ လိုပါပဲ။ ဟစ်ဖြစ်ပါတယ်။ ထရန့်က လူငယ်ပီပီ စိတ်လိုက် မာန်ပါ ပြောချင်ရာ ပြော လုပ်ချင်ရာ လုပ်ပါတယ်။ ပြီးတော့ လူငယ်ပီပီ အဝေဖန်ခံရရင် စိတ်ဆိုးပါတယ်။ ပြီးတော့ လူငယ်ပီပီ အမြှောက်လည်း ကြိုက်ပါတယ်။