မောင်မောင်ငြိမ်းအေး ● မြေဖြူကလေးအတွက်တေး

 မောင်မောင်ငြိမ်းအေး ● မြေဖြူကလေးအတွက်တေး
(မိုးမခ) မတ် ၁၁၊ ၂၁၀၇

ငယ်ငယ်ကလေး
သုံးဆယ်တောင်မပြည့်သေး
သွေးတွေ ခေါင်းမှာ။

စွန့်ပစ်မြေစာပုံနံဘေးမှာ
သူ့ခန္ဓာ
ငြိမ်သက်စွာ လဲလျောင်း
ပန်းပေါင်းစုံက ဦးညွှတ်လို့ပါ။

သူ
ဘာတွေစိုက်ပျိုးခဲ့လို့
အခုလိုကျည်ဆံတွေရိတ်သိမ်းခဲ့ရရှာတာလဲ
ကိုယ်စိုက်ပျိုးသမျှ
ကိုယ်ရိတ်သိမ်းရမယ်ဆိုတာ
ဒီနေရာမှာတော့ ရယ်စရာ။

သူ
အနာဂတ်ကို စိုက်ပျိုးခဲ့တာပါ
အနာဂတ်ကို ပေါင်းသင်ခဲ့တာပါ
အနာဂတ်ကို ရေလောင်းခဲ့တာပါ။

ဒီအနာဂတ်ရှင်သန်လာရင်
ဒီ အနာဂတ် ပွင့်လန်းလာရင်
ဒီ အနာဂတ် မွှေးမြလာရင်
တိုင်းပြည်လှပလာမယ်
လူမျိုးတွေ အေးချမ်းလာမယ်
တိုင်းပြည်နဲ့လူမျိုး
ငြိမ်းချမ်းဖွံ့ဖြိုးရေးတေး
ဟစ်ကြွေးသီဆိုနိုင်ပေလိမ့်မယ်။

မြေဖြူတတောင့်ဟာ
အိမ်ရာထောင်သောင်း တည်ဆောက်နိုင်စေတယ်
လူထုကျန်းမာရေး စိတ်အေးချမ်းနိုင်စေတယ်
စီးပွားရေးသမားတွေကိုလည်း မွေးထုတ်ကြီးပြင်းနိုင်စေတယ်
ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်စေတယ်
မျက်လုံးမဲ့ ပျံသန်းလာမယ့် ကျည်ဆံတွေကိုလည်း
ပစ်မှတ်မတွေ့အောင် နားချနိုင်ပေတယ်
အခုကျည်ဆံကတော့ ကျည်ဆန်မဟုတ်
မှန်ကန်စွာစဉ်းစား ဆင်ခြင်နိုင်ခြင်း
ကင်းနေတာဖြစ်တယ်။

သူ့ကို ဘယ်သူတွေက
သေစေခဲ့တာလဲ
သူ့ကိုသတ်တာဟာ
အနာဂတ်ကိုသတ်တာပဲမဟုတ်လား
လူကိုသတ်တာထက် အပြစ်ကြီးပါတယ်။

သူ့သွေးတွေ
ပေကျံသွားပြီဖြစ်တဲ့ ဒီမြေမှာ
အမှန်တရားပေါ်ပေါက်ပါစေ
တရားဥပဒေစိုးမိုးပါစေ
တရားမျှတမှုတွေ လွှမ်းခြုံပါစေ
သူ့ခေါင်းကိုဖောက်ဝင်သွားတဲ့ကျည်ဆံတွေကို
သူ နားလည်ခွင့်လွှတ်ပါလိမ့်မယ်
အဲဒီ့ကျည်ဆံတွေကိုယ်တိုင်ကတော့
နောက်မှရတဲ့နောင်တတွေနဲ့အတူ
ကိုယ့်ခေါင်းထဲကိုယ်
အရှိန်ပြင်းပြင်း
ပြန်လည်တိုးဝင် ပုန်းကွယ်နိုင်ကြပါစေ။ ။

မောင်မောင်ငြိမ်းအေး