ကချင်လူငယ်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်

ကချင်လူငယ်နဲ့ မူးယစ်ဆေးဝါးအန္တရာယ် 
(ခွန်လတ်၊ ဆိုင်းဗျူ) မိုးမခပေးစာ၊ မတ် ၁၇၊ ၂၀၁၇

ဘိန်းပင်၏ဇစ်မြစ် မွေးဖွားရာဒေသသည် ဘာဘီလုန် (Babylon) ဟူသောနေရာဖြစ်သည်။ ဘိန်းပင်ကို စတင်တွေ့ရှိသော ဆူမာရီယာန်း (Sumerian) လူမျိုးများသည် ဘီစီလေးထောင်ကျော်ရှေ့ပိုင်းက တောမုဆိုးလိုက်ရင်း စတင်တွေ့ရှိခဲ့ကြသည် ။ ပထမတော့ မူးယစ်ဆေးဝါးဖြစ်မှန်းမသိခဲ့နောက်ပိုင်း တိရစ္ဆာန်တွေက စားမိလို့မူးယစ်လာတဲ့အခါမှ သိရှိခဲ့ကြသည်။ တစ်ဖြေးဖြေးနဲ့ လူတွေ သုံးစွဲလာလေတော့သည်။ မူးယစ်ဆေးဝါးအန္တရာယ်ကို ပိတ်ပင်တားဆီးဖို့ (၁၉၆၀) ခုနှစ် ဇွန် (၂၆) ရက်နေ့မှာ တရားဝင်အဖြစ်ကမ္ဘာကို ကြေညာခဲ့ကြသည်။

 မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တဲ့အချိန်တော့ (၁၈၈၅) ခုနှစ် ရန်ကုန်အနီး သန်လျှင်တွင် ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း (၁၉၆၁) ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဦးနေဝင်းလက်မှတ်ရေးထိုးပြီး မူးယစ်ဆေးဝါးကို တွန်းလှန်တိုက်ဖျက်ဖို့ စတင်ခဲ့ကြသည်။ ကေအိုင်အို၊ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းကလည်း (၁၉၉၀) ခုနှစ်  ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မူးယစ်ဆေးဝါး တွန်းလှန်ဖျက်စီးဖို့ ကမ္ဘာကို တရားဝင်ကြေညာခဲ့သည်။ တိုင်းရင်းသားနေရာတွေဖြစ်သည့် ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ပိုပြီးတော့ တွင်ကျယ်စွာ ရောင်းဝယ်ဖောက်ကားမှု သုံးစွဲမှု ပိုပြီး
အရှိန်တက်လာနေခဲ့သည်။

 ကျနော်ရောက်သွားတဲ့တနိုင်းမြို့၊ လမုန်ကျေးရွာဆိုရင် ညသန်းခေါင်အချိန် တစ်နာရီနှစ်နာရီကြားမှာ ဘိန်းရောင်းဝယ်မှုကို ရွာနေ ပြည်သူများက အရောင်းအဝယ်ပြုလုပ်လျှက်ရှိသည်။ အိမ်လာလည်တဲ့ဧည့်သည်တွေကို ဘိန်းချက်ကျွေးသည့်ဓလေ့ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပါပြီ။
ဝိုင်းမော်မြို့ ဝါရှောင်ကျေးရွာဆိုရင် လူငယ်တွေအတွက် ဘိန်းဖြူရရှိရေးမှာ များစွာအရေးပါသော အရပ်ဖြစ်လေတော့သည်။ လူငယ်တွေသည် ဘဝတိုးတက်ဖို့ နိုင်ငံတိုးတက်ရေးအတွက် အနာဂတ်ဘဝလှပဖို့ စဉ်းစားဖို့အချိန်မပေးနိုင်ဘဲ အမြဲမူးယစ်ဆေးဝါးမှုမှာ မွေ့လျော်လာလေတော့သည်။
တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံတော၏ လူသားအရင်းအမြစ် ထက်ဝက်ခန့်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။


ရပ်ကွက် ကျေးရွာတိုင်း မူးယစ်ဆေးထိုးပြီး သေနေတဲ့သတင်းတွေမှာ ကြောက်လန့်စရာ ကောင်းလှပါသည်။ တစ်ချို့သည် ထောင်ထဲတွင် ဘဝတစိတ်တပိုင်းကို အကျိုးမဲ့စွာ ဆုံးရှုံးခံနေရသည်။ ကချင်တိုင်းရင်းသားလူငယ်များသည် မူးယစ်ဆေးဝါးကြောင့် မျိုးတုန်းပျောက်ကွယ်လုနီးပါး အခြေအနေကို
ရောက်လာနေပါသည်။ အကြောင်းမှာ ကချင်ပြည်နယ်အတွင်း လွယ်ကူစွာ ရရှိနိုင်သောကြောင့်ဖြစ်သည်။

  အဓိကစိုက်ပျိုးသော ဒေသများမှာ ဆဒုံး၊ ကန်ပိုင်တည်၊ ပန်ဝါ၊ ချီဖွေ၊ တနိုင်း၊ မိုးညှင်း၊ ဟိုပင်၊ ပူတာအို ဒေသများဖြစ်သည်။ ဘိန်းခင်းဖျက်အဖွဲ့အစည်းများကလည်း ထိုဒေသများတွင် ဘိန်းခင်းဧကပေါင်း သုံးထောင်ကျော် သွားရောက်ဖျက်ဆီးခဲ့ပြီးလို့ ထုတ်ပြန်ခဲ့သည်။ ကချင်ပြည်နယ်အတွင်းရှိ ဆေးစွဲနေသည့် လူငယ်များကို မူးယစ်ကျေးကျွန်မှ လွတ်မြောက်အောင်  ကူညီဆောင်ရွက်နေသောအဖွဲ့အစည်းများမှာ
(YCC - Full Gospel All Nations ) ၊ KBC မှ ဖွင့်လှစ်ထားသော ကမ္ဘာ့အလင်း သာသနာသင်တန်းကျောင်းတို့ ဖြစ်ပါသည်။

မူးယစ်ဆေးဝါးများ ကချင်ပြည်နယ်အတွင်းက ပပျောက်ဖို့ အစိုးရရော ပြည်သူလူထုကပါ ဝိုင်းဝန်းဆောင်ရွက်မှ ဖြစ်မည်။ မြောက်ပိုင်းဒေသက သားကောင်းရတနာတွေ ဒီ့ထက်မဆုံရှုံးအောင် ကာကွယ်သွားကြရန် တိုက်တွန်း ရေးသားအပ်ပါသည်။



Photo By - ခွန်လတ်
Written By  - ဆိုင်းဗျူ
MoeMaKa News Group