ဇာနီကြီး ● ကိုရီးယားသမတနှင့် ချမ်းသာခြင်း ဓမ္မဆရာများ


ဇာနီကြီး ● ကိုရီးယားသမတနှင့် ချမ်းသာခြင်း ဓမ္မဆရာများ
(မိုးမခ) မတ် ၁၉၊ ၂၀၁၇

တောင်ကိုးရီးယားရဲ့ ပတမဆုံးအမျိုးသမီးသမ္မတ Park Geun-hye (2013-2017) တာဝန် ၅ နှစ်ထမ်းဆောင်နေစဉ် ပြီးဖို့ တနှစ်အလိုမှာ တောင်ကိုးရီးယားလွှတ်တော်က ရာထူးကရပ်နားခြင်း ခံလိုက်ရပါတယ်။ အိမ်ပြာတော် Blue House ဆိုတဲ့ သမ္မတအိမ်တော်က ပြုံးရွှင်စွာထွက်ခွာသွားပြီး၊ တောင်ကိုးရီးယားနိုင်ငံရေးသမားများနဲ့ သတင်းမီဒီယာများ အုပ်စု ၂ ခု ကွဲ ပြီး ဝက်ဝက်ကွဲဖြစ်နေပါတယ်။ ယခင်သမ္မတတဦးဖြစ်တဲ့ Park Geun-hye (2003-2008) တုန်းကတော့ သမ္မတသက်တမ်း ကုန်ပြီးချိန် အလားတူ အဂတိလိုက်စားမှုနဲ့ (ဇနီးမြစ်သူရဲ့အဂတိကြောင့်) ဝက်ဝက်ကွဲဖြစ်ပြီး တိုင်းပြည်ညီညွတ်ကြဖို့ စာ ရေးတယ်။ မိမိကိုယ်အဆုံးစီရင်သွားတော့မှ နိုင်ငံရေးသမားများ မီဒီယာများ ငြိမ်သွား၊ အမှုတွေပိတ်သွားကြပါတယ်။

Park Geun-hye ရဲ့ ဘဝဖြစ်စဉ်ကလည်း စိတ်ဝင်စားစရာပါ။ နာမည်ကျော် အလွန်တင်းမာတဲ့ စစ်ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး Park Chung-hee (1961-1972) ရဲ့သမီးကြီးဖြစ်ပြီး၊ မိခင်အသတ်ခံရတဲ့အချိန် ဥရောပမှာ ပညာသင်နေဆဲက ပြန်လာပြီး ဖခင် သမ္မတကြီးကို First Lady အဖြစ် ကူညီလုပ်ကိုင်ပေးတယ်။ ၃ ကြိမ်တိုင်သမ္မတအရွေးခံရတဲ့ ဖခင်လည်း လုပ်ကြံခံရလို့ သမ္မတအိမ်တော်က ဝမ်းနည်းခြင်းများစွာနဲ့ စွန့်ခွာခဲ့သူပါ။ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေပြီး ၂၀၁၂ မှာ ရွေးကောက်ပွဲအနိုင်ရလို့ သမ္မတဖြစ်လာတဲ့ အိမ်ထောင်မရှိ ဘာသာမရှိ အမျိုးသမီးကြီး ဖြစ်ပါတယ်။

● ဘာသာရေးခေါင်းဆောင် Choi Tae-min နဲ့ သမီး Choi Soon-sil
ဒီဆောင်းပါးကတော့ တောင်ကိုးရိးယားနိုင်ငံမှာ ဘာသာရေးဂိုဏ်အုပ်ကြီး တနည်းအားဖြင့် ဘာသာရေးခေါင်းဆောင်နဲ့ မလိုက်အောင် ကြွယ်ဝချမ်းသာလှတဲ့ ခရစ်ယာန်ဂိုဏ်အုပ်ကြီး Choi Tae-min (1912-1994) အကြောင်း တစေ့တစောင်း ဖြစ်ပါတယ်။ သူဟာ Park Geun-hye စိတ်အားငယ်နေတဲ့ ကာလပတ်လုံး အားပေး မြှင့်တင်ပေးသူဖြစ်ပြီး၊ မှော်ဆရာတဦးပမာ တင်စားပြီး ကိုးရီးယားရက်စပြူတင် Korean Rasputin လို့ နာမည်ပေးခံရသူ ဖြစ်ပါတယ်။ Choi Tae-min ဟာ ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်သွားပေမဲ့ သူ့ရဲ့သမီးဖြစ်က သမ္မတရွေးကောက်ပွဲ ဝင်ဖို့၊ အောင်နိုင်ဖို့လဲ နောက်ကွယ်က မားမားမတ်မတ် ရပ်တည်၊ ထောက်ပံ့ပေးခဲ့သူဖြစ်ပါတယ်။

Choi Tae-min ဟာ ယခင်က ဗုဒ္ဓဘာသာဘုန်းကြီးဖြစ်ပြီး ရိုမင်ကာသိုလစ်ခရစ်ယာန်ဖြစ်လာတယ်။ ဓမ္မဆရာဖြစ်လာပြီး “Church of Eternal Life” ဆိုတဲ့ အသင်းတော်တခု တည်ထောင်ခဲ့ပါတယ်။ Park Geun-hye အပေါ် များစွာလွှမ်းမိုးနိုင်သူ ဖြစ်ပါတယ်။

Choi Tae-min ကွယ်လွန်အပြီး သမီးဖြစ်သူ Choi Soon-sil နဲ့ Park Geun-hye တို့ ရင်းနှီးမှုဟာ ဆက်လက်တည်မြဲပါတယ်။ သမ္မတဖြစ်လာဖို့ နောက်ကွယ်က အားပေးထောက်ခံ ပံ့ပိုးပါတယ်။ အာဏာရလာတဲ့ကာလအတွင်းမှာတော့ တရားမဝင် အကြံပေးအရာရှိလို လုပ်ဆောင်တယ်။ သမ္မတကလည်း နိုင်ငံတော်လျှို့ဝှက်ချက်တွေကို အဲဒီအမျိုးသမီးထံ ဖေါ်ပြ အကြံ ဉာဏ်တောင်းပြီး လိုက်လုပ်တယ်၊ အခုတရားရုံးမှာ ကမ္ဘာကျော် Sumsung ကုမ္ပဏီအကြီးကဲပါ တရားစွဲခြင်းခံနေရပါတယ်။ Choi Soon-sil နဲ့ နီးစပ်သူများစွကိုလည်း အရည်ချင်းမရှိပဲ ရာထူးကြီးတွေကို ခန့်အပ်ခဲ့တယ်လို့ တောင်ကိုးရီးယား လွှတ် တော်မှာစွတ်စွဲပြီး မဲခွဲ၊ တာဝန်က ရပ်စဲလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သံအမတ်ကြီးလုပ်ခဲ့သူလည်း အရည်အချင်းမရှိပဲ Choi Soon-sil နဲ့ နီးစပ်သူဖြစ်လို့ အလုပ်ခန့်ခံခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။

● ကျန်းမာခြင်းနဲ့ ချမ်းသာခြင်းဓမ္မဆရာများ Prosperity Gospel
ခရစ်ယာန်လောကမှာ လူကြိုက်များ တရားတွေဟောတယ်၊ ရောဂါတွေပျောက်ကင်းစေတယ်၊ ချမ်းသာကြွယ်ဝနည်းလမ်းများ ဟောတဲ့ ဓမ္မဆရာများစွာဟာ အလွန်ဝင်ငွေကောင်းပြီး အလွန်ချမ်းသာကြွယ်ဝတဲ့ ဘာသာရေးဆရာများလို့ သတ်မှတ်ပါ တယ်။ ဒီပုဂ္ဂိုလ်များက အခြေခံ ဘာသာရေးပညက်ချက်များကို အခြေခံပြီး လူတွေရဲ့ စိတ်ဓါတ်မြှင့်တင်ရေးအတွက် စကား ပြော အလွန်ကောင်းသူများဖြစ်ပါတယ်။ သူတို့က ကျန်းမာချမ်းသာတရား Prosperity Gospel ကိုဟောကြားပြီး ကျော်ကြား လာပါတယ်။ လေယာဉ်၊ စက်မှုလုပ်ငန်းများ၊ မိုးမျှော်တိုက်များ ပိုင်ဆိုင်လာကြပါတယ်။

တောင်ကိုးရီးယားနိုင်ငံရေးသမားများနဲ့ မီဒီယာများက Choi Tae-min ကို ဒီထက်မက မှော်ဆရာအဆင့်ထိအောင် ညှို့နိုင် စွမ်းအားကြီးသူအဖြစ် အလွန်ချမ်းသာကြွယ်ဝတဲ့မိသားစုအဖြစ် ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓ၊ ခရစ်ယန်၊ မွတ်ဆလင် ဘာသာရေးခေါင်းဆောင်များစွာ ကျမ်းမာချမ်းသာတရားများ ဟောကြားပြီး အလှူငွေမြောက်များစွာရရှိနေတဲ့ ဆရာကြီးတွေ ရှိပါတယ်။ သူတို့ဟာ အစိုးရဥပဒေကို လက်တလုံးခြားလုပ်တဲ့ ဂိုဏ်သားများကြောင့် အစိုးရရဲ့ တရားစွဲဆိုခြင်းများ ခံရပါတယ်။ အခု တောင်ကိုးရီးယားသမ္မတရဲ့ တာဝန်မှရပ်စဲခံရပေမဲ့ သူမကတော့ ခပ်ပြုံးပြုံးပါပဲ။

ဇာနီကြီး
၁၈-၃-၂၀၁၇

ကိုးကား
သတင်းဌာများနဲ့ ဝီကီ https://en.wikipedia.org/wiki/Choi_Soon-sil