ထွန်းဝင်းငြိမ်း ● ကြားဖြတ်ရလဒ်၏ အချက်ပေးခရာသံ


ထွန်းဝင်းငြိမ်း ● ကြားဖြတ်ရလဒ်၏ အချက်ပေးခရာသံ
(မိုးမခ) ဧပြီ ၁၁၊ ၂ဝ၁၇

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂ သန်းကျော်ရှိခဲ့ပေမယ့် ပြည်သူလူထုရဲ့ စိတ်ပါဝင်စားမှု အားနည်းပြီး နိုင်ငံရေးပါတီတွေ ရဲ့ စည်းရုံးလှုပ်ရှားမှုတွေကလည်း နည်းပါးတာကို တွေ့ရှိရကြောင်း စောင့်ကြည့်လေ့လာရေး အဖွဲ့တွေရဲ့ ကနဦး အစီအရင်ခံစာတွေအရ သိရပါတယ်။ ဒီရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၉ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ပါတီ နဲ့ တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အာဏာရပါတီ NLD က သူယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် စုစုပေါင်း ၁၈ နေရာအနက် ၉ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ မွန်၊ ရှမ်း၊ ရခိုင် စတဲ့ တိုင်းရင်းသားဒေသတွေမှာ NLD ပါတီအနေနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ NLD ပါတီ ဝင်ရောက်မယှဉ်ပြိုင်ခဲ့တဲ့ ကယား ပြည်နယ် ဖရူဆိုမြို့နယ်မှာ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) က အနိုင်ရရှိခဲ့ပါတယ်။

NLD အနိုင်ရရှိခဲ့တဲ့ နေရာတွေကတော့ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းက ပြည်သူ့လွှတ်တော် ၅ နေရာ၊ ပဲခူးတိုင်း၊ ချင်းပြည် နယ်နဲ့ ရန်ကုန်တိုင်းတို့က အမျိုးသားလွှတ်တော်တနေရာစီနဲ့ ရှမ်းပြည်နယ်လွှတ်တော်တနေရာ အားလုံးပေါင်း ၉ နေရာဖြစ်ပါ တယ်။ USDP ပါတီက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာနဲ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်နေရာတို့မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းက နယ်မြေမတည်ငြိမ်မှု အကြောင်း ပြချက်နဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှူးမြို့နယ်တို့က လစ်လပ်နေရာ အားလုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ကျားခေါင်းပါတီလို့ခေါ်တဲ့ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၆ နေရာစလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။

NLD ဟာ ၁၉၉ဝ ရွေးကောက်ပွဲမှာ စစ်အစိုးရကို ဖြုတ်ချနိုင်ဖို့ လူထုက သောင်ပြိုကမ်းပြို ထောက်ခံခဲ့တယ်။ ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲ တုန်းက ၄၄ နေရာမှာ NLD ၄၃ နေရာအနိုင်ရခဲ့ပါတယ်။ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲမှာလည်း သောင်ပြိုကမ်းပြို နိုင်ခဲ့တယ်။ ၂ဝ၁ဝ ရွေး ကောက်ပွဲနဲ့ ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ရာခိုင်နှုန်းက ၇၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲမှာတော့ ရာခိုင်နှုန်း ၇ဝ လောက်အထိ မဲပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အခုကြား ဖြတ်ရွေးကောက်ပွဲမှာ ကနဦးသိရတဲ့ အချက်အလက်တွေအရ မဲပေးမှုဟာ တချို့နေရာတွေမှာ ၁၂ ရာခိုင်နှုန်းလောက်သာ ရှိတာမို့ ၂ဝ၁၅ ထက် အတော်လေးကို နည်းပါးတာ တွေ့ရပါတယ်။

● ရွေးကောက်ပွဲက ဒီမိုကရေစီလား
လူထုက ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD သောင်ပြိုကမ်းပြို နိုင်ခဲ့လို့ တိုင်းပြည်က တစုံတရာပြောင်းလဲမလားလို့ မျှော်လင့်ခဲ့ကြတာ ပါ။ တကယ်တန်းကြ ရွေးကောက်ပွဲနိုင်ပေမယ့် လူထုအတွက် ထိထိရောက်ရောက် ဘာမှမလုပ်နိုင်တာကို တနှစ်တာဖြတ်သန်းမှု အတွေ့အကြုံအရ ပြည်သူတွေ သိလာခဲ့ကြတယ်။ ၂ဝဝ၈ ဖွဲစည်းပုံအောက်မှာ ရွေးကောက်ပွဲတို့ လွှတ်တော်တို့ဆိုတာ ပြည်သူတွေအတွက် ဒီမိုကရေစီ အခွင့်အရေးတွေကို အကောင်အထည်ဖေါ်ပေးဖို့ မဖြစ်နိုင်တာ ကလည်း နိုင်ငံရေးပါတီတွေနဲ့ အစိုးရအပေါ် ယုံကြည်မှုလျော့ပါးစေပါတယ်။

ဒီ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ NLD အပေါ် ယုံကြည်မှုနည်းပါးတာကို တွေ့နေရပါတယ်။ ဒါ့ကြောင့် ၂ဝ၂ဝ မှာ တိုင်းရင်းသားဒေသတွေမှာ မဲကွဲနိုင်ပါတယ်။ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ ပိုပြီးအနိုင်ရလာနိုင်ပါတယ်။ တ ကယ်လို့ ၂ဝ၂ဝ မှာ NLD ဟာ ၇၅ ရာခိုင်နှုန်းအောက်သာ အနိုင်ရမယ်ဆိုရင်တော့ အစိုးရဖွဲ့ဖို့ မလွယ်ကူတဲ့ အခြေအနေမျိုး ကြုံရပါလိမ့်မယ်။ မဟာမိတ်မူဝါဒမရှိ။ အခြား နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတာတွေက ကိုယ်နိမ့် ပါးတဲ့အခါ ဘယ်သူမှလှည့်ကြည့်ချင်ကြမှာ မဟုတ်ပါဘူး။ နိုင်ငံရေးလောကဓံဆိုတာ ရှိပါတယ်။ USDP ကတော့ တနိုင်ငံ လုံးမှာ ၂၆ ရာခိုင်နှုန်းနိုင်ရုံနဲ့ ၂၅ ရာခိုင်နှုန်း အပိုင်စားရထားတဲ့ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး အစိုးရဖွဲ့သွား နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးရည်မှန်းချက်တူတဲ့ အခြားအင်အားစုတွေနဲ့ ပြည်သူလူထုအသံကို အသေအချာစုစည်းဖို့ လို အပ်လာပြီဖြစ်ပါတယ်။

နောက်လာမယ့်‌ ရွေး‌ကောက်ပွဲ‌တွေမှာ NLD အနေနဲ့ အမျိုးသားလွှတ်‌‌တော်ကိုယ်စားလှယ်‌‌နေရာ‌တွေကို ဆက်လက် ထိန်းထားနိုင်ဖို့ဆိုတာ နယ်စပ်က တိုင်းရင်းသား‌တွေရဲ့ စားဝတ်‌‌နေ‌ရေးနဲ့ လူမှုဘဝလုံခြုံ‌ရေးကို အခုထက်ပိုပြီး လုပ်‌‌ဆောင်‌‌ပေး ဖို့ လိုအပ်ပါတယ်။ အစိုးရဖွဲ့နိုင် လောက်တဲ့ အင်အားမရှိပေမယ့် ဒီမိုကရေစီရေးကို နှစ်ပေါင်းများစွာ တကယ်စစ်စစ်မှန်မှန်ဆောင်ရွက်ခဲ့တဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို နည်းနာမျိုးစုံနဲ့ ဆက်သွယ်ပြီး စည်းရုံးစုစည်းထားဖို့ အရေးကြီး ပါတယ်။ အစိုးရဖွဲ့နိုင်ပြီး လူထုဖက်က ရပ်တည်မယ့် ရွေးစရာ အခြားပါတီ မရှိသေးတဲ့အချိန်မှာတော့ ရွေးကောက်ပွဲမှာ NLD နိမ့်တာဟာ တိုင်းပြည်ကံကြမ္မာ နိမ့်တာလည်း ဖြစ်ပါတယ်။

● SNLD ရဲ့ မူဝါဒ
အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD လွှတ်တော် ကိုယ်စားလှယ် ၆ ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြား ထားတဲ့အကြောင်း SNLD တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော် ညွန့်က အခုလို ပြောကြားတာကိုတွေ့ရပါတယ်။ "ကျနော်တို့ ပါတီအနေနဲ့ ကတော့ ကိုယ်စားလှယ်တွေအားလုံးကို ညွှန်ကြားထားတာက အခု လက်ရှိ NLD အစိုးရနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်သွား ဖို့လည်း ညွှန်ကြားထားပါတယ်၊ နောက်တစ်ခုသေချာတာက ဒီမိုကရေစီကို ယုံကြည် တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို ယုံကြည်ပါတယ်ဆိုတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို ကျနော်တို့က လက်တွဲသွားမယ်ဆိုတာလည်း ကျနော်တို့ပါတီရဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်"

NLD အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်ရှိချိန်မှာ တိုင်းရင်းသားဒေသတွေက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ် ဆောင်ပေးဖို့ လိုကြောင်းနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ SNLD ပါတီအနေနဲ့ ပါတီရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့လည်း ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။ NLD ဘက်က တုန့်ပြန်မှု မတွေ့ရသေးပေမယ့် ဒါဟာ တိုင်းရင်းသား ပါတီ ဖြစ်တဲ့ SNLD ရဲ့ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုကို NLD အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာ ဖြစ်ပါတယ်။

● လူထုစိတ်ဝင်စားတဲ့ အဖြေ
၂ဝ၁၅ ရွေးကောက်ပွဲအနိုင်ရပေမယ့် လွှတ်တော်လမ်းကြောင်းကနေ ၂ဝဝ၈ဖွဲ့စည်းပုံကို မပြင်နိုင်တဲ့အခါ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ NCA လမ်းကြောင်းကနေ အပစ်အခတ်ရပ်စဲမယ်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပမယ်၊ ပြီး ရင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်မယ်။ နောက်ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ လမ်းကြောင်းကို NLD က မျှော်ကြည့်ခဲ့ပုံရပါတယ်။ ဒါပေမယ့် NCA လက်မှတ်ထိုးမှ ၂ဝဝ၈ ပြင်လို့ရမယ်ဆိုတဲ့ NLD ခေါင်း ဆောင်ပိုင်းရဲ့ တွေးဆပုံက တိုင်းရင်းသားတွေအတွက် အခက်တွေ့စေပါတယ်။ NLD အနေနဲ့ ကိုယ်တိုင်မတည်နိုင်ခဲ့တဲ့ ရွေး ကောက်ပွဲကတိကို နိုင်ငံရေးကစားကွက်တခုလို တိုင်းရင်းသားတွေအပေါ် လွှဲချတာမျိုးက မသင့်တော်ပါဘူး။ ပိုပြီးဆိုးတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တချို့က သောင်းကျန်းသူလို့ သတ်မှတ်မှုကို မတားဆီးနိုင်တာ ပါတီပုံရိပ်ကို ထိခိုက်စေပါတယ်။

ဒါဆိုရင် NCA ထိုးလိုက်ရင် ၂ဝဝ၈ ပြင်လို့ရမှာလားလို့ မေးစရာရှိလာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဝ အဖွဲ့ပါ မကျန် အားလုံးလက်မှတ် ထိုးရင်တောင် ပြင်ဖို့မလွယ်ပါဘူး။ NCA စာချုပ်မှာက အပစ်ရပ်လက်မှတ်ထိုးမယ်။ နိုင်ငံရေးမူဘောင်ရေးမယ်။ ရေး တဲ့ မူဘောင်အရ နိုင်ငံရေး ဆွေးနွေးပွဲ၊ ၂၁ရာစုပင်လုံညီလာခံ ကျင်းပမယ်။ ညီလာခံကရလာတဲ့ သဘောတူညီချက်တွေကို အနီးဆုံး ပြည် ထောင်စု လွှတ်တော်မှာ အတည်ပြုမယ်လို့ ဆိုပါတယ်။

အနီးဆုံးပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ်တွေက တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ပယ်ဖျက်ပစ် မယ့် သဘောတူညီချက်တွေကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။

ဒါကြောင့် အဲဒီအနီးဆုံး ပြည်ထောင်စုလွှတ်တော် မရောက်ခင် လက်ရှိ ၂၁ ရာစုပင်လုံမှာ အဓိကပါမယ့် အစုအဖွဲ့လေးဖွဲ့နဲ့ ဆုံးဖြတ်မယ့် မူဘောင်တွေ အရ စစ်တပ်ကိုကျော်ပြီး လုပ်နိုင်ဖို့နည်းလမ်း မရှိပါ။ စစ်တပ်က အစုတစု ရထားတဲ့ ၂၁ ပင်လုံ ညီလာခံရဲ့ မူဘောင်အရ အစု တစုရဲ့ ၇၅ ရာနှုန်းက သဘောမတူရင် ၂ဝဝ၈ ဖွဲ့စည်းပုံထဲက အရေးကြီးတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ရာ သဘော တူညီ ချက်ချမှတ်လို့ မရပါဘူး။ ၂၁ ပင်လုံညီလာခံမှာ စစ်တပ်ကို အစုတစုအနေနဲ့ သတ်မှတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေက ငြင်း ဆိုပေမဲ့ NLD က လက်ခံခဲ့ ရာက အတည်ဖြစ်သွားခဲ့တာကလည်း သင်ခန်းစာ ယူစရာပါ။ ကာလုံကို မဖျက်နိုင်ရင် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဘယ်လိုအရပ်သား အစိုး ရပဲဖြစ်ဖြစ် စစ်တပ်အောက်မှာပဲ နေရမှာဖြစ်ပါတယ်။ တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင် ဘယ်နှစ်ဖွဲ့ လက်မှတ်ထိုးတယ်ဆိုတာက ငြိမ်းချမ်းရေး အတွက် အဖြေမဟုတ်ပါဘူး။ NLD ဟာ ၂ဝဝ၈ကို ပြင်နိုင်မပြင်နိုင်ဆိုတာက လူထုစိတ်ဝင်စားနေတဲ့ အဖြေဖြစ်ပါတယ်။

● စိတ်ဝင်စားဖွယ် သုံးသပ်ချက်
ဒီကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလာဒ်ဟာ NLD ရဲ့ တနှစ်တာ ဆောင်ရွက်ချက်တွေကို ပြည်သူလူထုက တုန့်ပြန်လိုက်တဲ့ အစိတ်အပိုင်းတခုဖြစ် ကြောင်း သုံးသပ်နိုင်ပါတယ်။ NLD ရဲ့ တနှစ်တာကို သုံးသပ်ကြသူတွေထဲမှာ “ ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် မဟာဗျူဟာတွေ ချမှတ်ရမှာဟာ NLD ခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်ကြောင်း၊ အခက်အခဲ တွေ ရှိတာမှန်ပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ သူတို့ပါတီရဲ့ အောင်မြင် မှုကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါရဲ့လား ဆိုတာ မေးခွန်းထုတ် စရာ ဖြစ်နေကြောင်း၊ တကယ်တော့ အာဏာရ အစိုးရတခုအတွက် ပထမဦး ဆုံးနှစ် ဆိုတာဟာ ရှုမြင်သုံးသပ်မှုတွေချမှတ်၊ နိုင်ငံရေး မဟာမိတ်တွေ တည်ဆောက် ပြီး အနာဂတ်လမ်းကြောင်း ချမှတ်ဖို့ အကောင်း ဆုံးနှစ် ဖြစ်ကြောင်းနဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက သူမြန်မာပြည်ကို သွားရောက်ခဲ့ရာမှာတော့ NLD ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်ပျက်စရာ တွေနဲ့ စိုးရိမ်ဖွယ်ရာတွေကို ကြုံတွေ့ခဲ့ရကြောင်း၊ အဲဒီစိုးရိမ်ဖွယ်ရာတွေထဲမှာ အရေးပါတဲ့ ဝန်ကြီးနေရာတွေကို အရည်အချင်းမရှိသူတွေ ခန့်ထားခြင်း၊ စီးပွားရေးနဲ့ ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့ မူဝါဒ ကင်းမဲ့ခြင်း၊ ပြဿနာကြီး ငယ်မှန်သမျှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဆုံးဖြတ်ရ တဲ့အထိ အုပ်ချုပ်ရေး ညံ့ဖျင်းမှုတွေ ပါဝင်တယ်” လို့ အမေရိကန် သံအမတ်ကြီးဟောင်း ဒဲရက်မစ်ချယ်က ရေးသားထားတာ တွေ့ရပါတယ်။

ဆက်လက်ပြီးတော့လည်း “ ဒ့ါအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှေးကွေးနေကြောင်း၊ စစ်တပ်အပေါ် NLD က သြဇာမရှိ ဘူးဆိုတာ သိရှိပေမယ့်လည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က လူ့အခွင့်ရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက် လို့ ဒေါ်အောင် ဆန်းစုကြည်က ထုတ်ဖေါ်ပြောဆိုခြင်း မရှိတာကတော့ အံ့သြစရာဖြစ်တယ်လို့ တိုင်းရင်းသားတွေက ပြောဆိုကြေ ကြာင်းနဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှာလည်း NLD အစိုးရဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ အပြောနဲ့ အလုပ်မညီဘူးလို့ ယုံကြည်နေကြကြောင်း” စသဖြင့် သုံးသပ်ဖေါ်ပြထားပါတယ်။

● NLD သတိပြုစရာ
ဒီနေ့ တိုင်းပြည်မှာ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံပြီးတဲ့နောက် စစ်ရေးတိုက်ပွဲများ အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုတွေ ပိုမို ပြင်းထန်လာ ခဲ့ပါတယ်။ အလုပ်သမား၊ လယ်သမားတွေရဲ့ အခြေခံပြဿနာတွေ ဖြေရှင်းပေးဖို့ ပိုမိုလှုပ်ရှားတောင်း ဆိုလာကြတာ တွေ့ရပါတယ်။ စားဝတ် နေရေး စရိတ် ပိုမိုကြီးမြင့်လာတယ်။ မလုံခြုံမှု၊ မတည်ငြိမ်မှုတွေကြောင့် ရာဇဝတ် မှုတွေ များလာတယ်။ လူလတ်တန်းစားနဲ့ အခြေခံလူတန်း စားတွေရဲ့ စိတ်ဓါတ်နဲ့ လူနေမှုဘဝ ထိခိုက်မှုတွေ ရှိလာတယ်။ စစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် မူတည်ပြီး တိုင်းရင်းသား အချင်းချင်း ကြားမှာလည်း စိတ်ဝမ်းကွဲစေနိုင်တဲ့ ခံစားမှုတွေနဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာနေတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါတယ်။

NLD အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးက တိုင်းရင်းသားတွေနဲ့ အလှမ်းကွာဟနေပြီး လူထုရဲ့ အခြေခံပြဿနာတွေ ဖြေရှင်းပေးနိုင်တာ မတွေ့ရသေးပါဘူး။ အခု NLD ပါတီနဲ့ အစိုးရရပ်တည်ကျင့်သုံးနေတဲ့ အမျိုးသားရင်ကြားစေ့ရေးခေါင်းစဉ်အောက်မှာ စစ်တပ်မျက်နှာကြည့် ပြီး ဆောင်ရွက်နေရတာတွေကို NLD ခေါင်းဆောင်ပိုင်းနဲ့ ပါတီဝင်တွေ ပြန်လည် သုံးသပ်သင့်တယ်လို့ ပြည်သူလူထုက မြင်နေကြပြီဖြစ်ပါတယ်။ ပြည်သူလူထုကတော့ လွှတ်တော်ပြင်ပကနေ ဘဝရှင် သန်ရပ်တည်ရေးအတွက် နည်းလမ်းသဏ္ဍာန်ပေါင်းစုံနဲ့ တိုက်ပွဲဝင်နေတာကို NLD ပါတီနဲ့ အစိုးရအနေနဲ့ အလေးထား ကူညီဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။

● ပါတီကြီးဝါဒနဲ့ မဟာလူမျိုးကြီးဝါဒ
ငြိမ်းချမ်းရေးပြဿနာကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးအဖြေရှာရေး နည်းလမ်းနဲ့ ဆောင်ရွက်ကြဖို့ အားလုံးက လက်ခံထား ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တန်းတူရေး မရရှိသေးတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ပိုမိုအရှိန်မြင့်လာနေ တာကို တွေ့နေရတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ နှစ် ၇ဝ နီးပါး သမိုင်းတလျှောက် ဒီနေ့အထိ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား ရေးတွေမှာ စစ်တပ်၊ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် စွက်ဖက်ချယ်လှယ်မှု အနည်းအများပေါ် မူတည်ပြီး နိုင်ငံအတွက် ဆုံးရှုံးမှုတွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ခဲ့ပါတယ်။ လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ပိုမို ရှုပ်ထွေး ပြင်းထန်လာမှာဖြစ်ပါတယ်။ ဒါကြောင့် နောင်လာမယ့် ရွေးကောက်ပွဲအတွက် NLD အနေနဲ့ အခုလောက်ရှုံးတာ မှုစရာမရှိဘူးလို့ သုံးသပ်တာမျိုးကို ရှောင်ရှားစေချင်ပါတယ်။ ကိုယ့်ပါတီအတွင်းမှာ ပါတီကြီးဝါဒနဲ့ မဟာလူမျိုးကြီး ဝါဒနှစ်ခုစလုံး မကျင့်သုံးမိဖို့ လိုပါတယ်။ အင်အားကြီးသူက သဘောထားပိုပြီးကြီးရမယ်လို့ မြင်ပါတယ်။

NLD အနေနဲ့ ပြည်သူ့ဖက်က ရပ်တည်ကြမယ့် တိုင်းရင်းသားတွေအပါအဝင် နိုင်ငံရေးအင်အားစုတွေအားလုံးနဲ့ သွေးစည်းညီ ညွတ်မှုရအောင် အရင် ကြိုးစားရမှာပါ။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေရပ်စဲပြီး အားလုံးပါဝင်တဲ့ စစ်စစ်မှန်မှန် ညီလာခံကြီး ကနေ ၂ဝဝ၈ ကို စ၊ လယ်၊ ဆုံး ပြင်ဆင်ပြီးမှသာ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို စိတ်ကူးယဉ်လို့ ရနိုင်မှာဖြစ်ပါတယ်။

ထွန်းဝင်းငြိမ်း
၎၊ ၄၊ ၂ဝ၁၇