ညိမ်းအေးသာ ● မတ်လ


ညိမ်းအေးသာ ● မတ်လ
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၇

QA Workshop နှစ်ရက်ကလွဲ
မတ်လထဲ ဘာထူးလဲ
အလောင်းတော်ကဿပဘုရားဖူး
ကြယ်ပဲစားပြီး သွေးအားနည်းသွားလို့
ဆေးများသွင်း အောက်စီဂျင်ကူ
စာမေးပွဲခန်း Round လှည့်ရင် မောပြီး
အဖြေလွှာသိမ်းရင် ခေါင်းမူးတတ်ရုံအပြင်
မတ်လမကုန်ခင် ထူးခြားဖြစ်စဉ်အနေနဲ့
သမိုင်းဝင်တော်လှန်နီ တော်လှန်ဖြူတွေရဲ့ ကြား
တော်လှန်ဖြူ နီ အသစ်တစ်ခု ပေါက်ဖွား
ငါကရော သူ့ကို တော်လှန်ရဲသွားပြီလား
မတ်လထဲမှာပဲ
ယူကရိန်း ပရော်ဖက်ဆာရဲ့
မျက်ဝန်းလဲ့ပြာနဲ့ အင်္ဂလိပ် အက္ခရာ
ကြိုးစားပမ်းစား အဖြေရှာနေလည်း
ချစ်သောသူများနဲ့ ညစာစားဆဲ
ရေဦးရေဖျား ကဗျာစာအုပ်မိတ်ဆက်ပွဲမှာ
မထင်မှတ်ဘဲ ရွတ်ခဲ့တဲ့ကဗျာ
“ခေါင်းစဉ်က အချစ်”
သေချာစစ်ကြည့်တော့
မတ်လထဲ
ငါ့စိတ်ကို အဆွဲဆောင်နိုင်ဆုံးအရာ
မိုးမခရဲ့ မာတိကာမျှသာ... ။ ။

ညိမ်းအေးသာ

QA Workshop - တက္ကသိုလ်များ အရည်အသွေး အာမခံရေး အလုပ်ရုံ ဆွေးနွေးပွဲ။
round - စာမေးပွဲခန်းများလှည့်လည်ကြည့်ရှု စစ်ဆေးခြင်း။