တိုးနှောင်မိုး ● ကြယ်တွေဟာ လက်နောက်ပစ်ပြီး လမ်းလျှောက်တယ်


တိုးနှောင်မိုး ● ကြယ်တွေဟာ လက်နောက်ပစ်ပြီး လမ်းလျှောက်တယ်
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇

သမီးရေ
တွေးစရာအများကြီးရှိနေတဲ့ကမ္ဘာမှာ
မတွေးရင်အတယ်
သူများကိုခိုင်းချင်ရင် ကိုယ်ကိုယ်တိုင်ကအရင်
ကျွန်လိုအယောင်ဆောင်ပြီး လုပ်ပြရတယ်။

သမီးရေ
တဘဝလုံး လျှောက်ရမယ့်ခြေထောက်တွေ
အမြဲသန့်ရှင်းဖို့လိုသလို
အတွေးအခေါ်ကိုလည်း အတွေးအမြင်နဲ့
သိရမယ်
အတွေးအမြင်ကိုလည်းအတွေးအခေါ်နဲ့သိရမယ်
ပြာပဲကြိုးကျစ်နိုင်တဲ့အခါမျိုးမှာ
ပုံပြင်တွေဟာ သိပ်အရေးကြီးတယ်။

ဘာမှမယုံနဲ့
မကြည်တာကို ကြည်အောင်ရုန်းရင် ပင်ပန်းတယ်။

ကြယ်တွေမှာ သမိုင်းရှိတယ်
မြသန်းတင့် သမိုင်းနဲ့ကြယ်ဟာ သူအလင်းနဲ့သူရှိသလို
မောင်ချောနွယ် သမိုင်းနဲ့ကြယ်ဟာ
သူ့အလင်းနဲ့ သူရှိတယ်
အသံနေ အသံထား
အလင်းမတူဘူး
ကိုယ်ပိုင်ဟန်တွေမတူဘူး
အဲ့လို
ဘဝတွေမတူဘူး။
အနုပညာဟာ သူတို့အလင်းတွေကို သူတို့ဆန္ဒနဲ့ လင်းတယ်။

သမီးရေ
ဘယ်တော့မှ ပွန်းတွေကို အထင်မသေးနဲ့
ခေါက်တုန့်ခေါက်ပြန်လျှောက်နေတဲ့ကြယ်တွေဟာ
စကြာဝဠာအသစ်ကြီးတွေကို တွေ့ရှိပြီးသားတွေဖြစ်တယ်။

လက်တွေနောက်ပစ်
လမ်းလျောက်နေတဲ့ကြယ်တိုင်း
သူ့သမိုင်းနဲ့သူ
သူ့အလင်းနဲ့သူ
ဒါကြောင့်
သမီးဟာ ကြယ်တွေကိုလေ့လာရမယ်
သမီးနာမည်နဲ့ ကြယ်ဖြစ်နိုင်ဖို့အတွက်။    ။

တိုးနှောင်မိုး
ဧပြီ ၁၁၊ ၂၀၁၇