ဇေယျာလင်း ● ငါးတကောင်နှင့် အယ်ရာများ


ဇေယျာလင်း ● ငါးတကောင်နှင့် အယ်ရာများ
(မိုးမခ) ဧပြီ ၅၊ ၂၀၁၇
အကယ်၍
အဲဒီညမှာ နဒီဝင်းမှာ မင်းဟာ လွန်ခဲ့တဲ့နှစ်ရက်က ဆေးကွဲထားတဲ့အရှိန်နဲ့  
ရယ်လိုက်ငိုလိုက်စကား အော်ပြောလိုက် အိနြေ္ဒပျက်လိုက်နဲ့
ဒရာမာတွေ တချပ်ပြီးတချပ် ချမနေခဲ့ရင်

အကယ်၍
မင်းရဲ့နောက်ဆုံးပေါ်ရည်းစားစကားဟာ မင်းကို ၅ မိနစ်တခါဖုန်းဆက်ပြီး ချစ်လို့ပါ၊  
ချစ်လွန်းလို့ပါ၊ ကျွန်တော်ကိုသတ်သွားပါ၊ ဘာကြောင့်အဲဒီလိုလူကိုမှချစ်ရတာလဲ လို့မြိန်ရည်ရှက်ရည်ငိုယိုပြီး
သူ့နှုတ်ခမ်းကွဲကသွေးကို နို့ရည်လိုလျက်မနေခဲ့ရင်

အကယ်၍
ရုပ်လွန်ဒသနကနေ၊ သိပ္ပံဒသနကနေ၊ လူဗဟိုပြုဒဿနကနေ၊ ယဉ်ကျေးမှုဗဟိုပြု  
ဒဿနတွေ တဆင့်ဆင့်ပြောင်းမလာခဲ့ရင်
အဲဒီငါဟာ အက်ဘ်ဇာ့ဒ်ကိုရသဗေသရဲ့ သီအိုရီပေါ်ကလဲ့စားချေခြင်းအဖြစ်
ပေါင်ကြားမှာ ယဉ်ကျေးမှု ယားနာတွေဖြစ်မလာခဲ့ရင်

အကယ်၍
အကယ်၍များပေါ့ အဲဒီငါဟာ လိင်စိတ်များများ၊ သကြားနည်းနည်း၊  
ဆားနည်းနည်း ပစ္စုပ္ပန်ကမ္မဝါဒ နည်းနည်းနဲ့ နယ်ဖတ်ပြီး ရင်ထဲကဆူးကို  
အချစ်လိုလို ဘာလိုလိုနဲ့ မြနေအောင်မသွေးခဲ့ရင်

ဥတဲ့ရာသီအပြီး အာဟာရပြန်ဖြည့်တင်းထားလို့ ဝမ်းဗိုက်မှာအဆီတွေနဲ့တင်းနေတဲ့ ကျူနာငါးကို
ဆုရှီဆရာက အကွင်းလိုက်လှီးရင်းပြောတာက
ဒီမီးခိုးရောင်ဟာအခွံ၊ ဟောဒီနီရဲကနေ ပန်းနုရောင်ဖျော့သွားတဲ့အပိုင်းက အသား၊
ကြားကဝါညိုရောင်အမြှောင်းလေးဟာ အဆီပေါ့
တွေ့လားပါစပ်ထဲမှာစိမ့်သွားတာပဲ
တိုကျိုပင်လယ် အော်ထဲစီးဝင်ကြတဲ့မြစ်တွေထဲက နတ်မျိုးနတ်နွယ်အဆီအနှစ်တို့ရဲ့ နေမဝင်အရသာ

ရှာဖွေကြည့်လို့ရပါတယ် *'ရှာ'ထဲဝင်ကြည့်ပါ*
သတ်မှတ်စည်းကမ်းချက်ကိုလိုက်နာလျှင် "သဘောတူ" ကိုနှိပ်ပါ
*လက်ညှိုးနှင့်အောက်သို့ဆွဲချပါ *အယ်ရာဝင်နေပါသည်*
သင်ရှာနေတဲ့ဖိုင်သည် နေရာရွှေ့ပြောင်းသွားတာမဟုတ်ရင် ဒလိ (တ်) လုပ်လိုက်ပါပြီ
* နိုင်ငံတကာနိုင်ငံရေးရာ *အယ်ရာ* ဒေတာနှင့် သုတေသနထုတ်ကုန်များ *အယ်ရာ*
မူပိုင်အားလုံးကန့်သတ် *အယ်ရာ*
သုံးစွဲသူ၏ နှလုံးသားအိုင်ဒီ *အယ်ရာ*
စက်ချို့ယွင်းမှုနှင့်ရင်ဆိုင်နေရပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ထပ်မံကြိုးစားကြည့်ပါရန် *အယ်ရာ*
လျှင်မြန်ဖြတ်လတ်သော အညိုရောင်မြေခွေးသည်
ပျင်းရိသောခွေးပေါ် ခုန်ကျော်သွားလေသည်
လျှင်မြန်ဖြတ်လတ်သော အညိုရောင်မြေခွေးသည် ပျင်းရိသောခွေးပေါ် ခုန်ကျော်သွားလေသည်
လျှင်မြန်ဖြတ်လတ်သော အညိုရောင်မြေခွေးသည် ပျင်းရိသော ခွေးပေါ်

ဘာသာစကားထဲတွင် မျက်စိလျှမ်းသွားသော ကိုယ်ရေးကိုယ်တာအတွင်းရေးများ…
မှတ်ချက်အသစ်ဖြည့်စွက်ပါ ကလစ် (က်) ကတ် (တ်) ကော်ပီပေ့စ်တ်လိုင်းတွေ၊ အပိုဒ်တွေ အလိုလိုကွဲပြားသွားကြပါမည်…
သင်သည်လူသား ဧည့်သည်စစ်စစ်ဟုတ်မဟုတ် စစ်ဆေးနေပါသည်
*နဒီဝင်း * အယ်ရာ *မင်း* အယ်ရာ *ဖီနော်မီနော် လော်ဂျီအဖြစ်အပျက်များ *အယ်ရာ **You're my angel  * အယ်ရာ *အချိတ်အဆက်ပြတ်တောက်ခြင်းဟာ စကားလုံးတွေရဲ့ထိသိအာရုံပေးမှုထက်

တာရှည်ခံမယ့် ခံစားချက်တွေလိုအပ်တယ်
*တသက်လုံးချစ်မှာလားဟင်၊ တသက်လုံးလား *အခုပဲခိုးပြေး လိုက်ပါတော့၊ အခုပဲ*
အဲဒီငါ့ရဲ့မှောင်နေတဲ့အပိုင်းထဲ မင်းဝင်လိုက်တော့ မြေခွေးရဲ့ ကျင်ငယ်နဲ့စူးစူးမင်းရမိလား*
သူ့နယ်နိမိတ် အပိုင်းအခြားမင်းသိရပြီလား * မိမိကိုတည်းဖြတ်ပါ*
အကြိုက်ဆုံးခံစားမှုထဲဖြည့်စွက်ပါ။ *အကြိုက်ဆုံးခံစားမှုမှ ဖယ်ထုတ်ပါ *အဲဒီငါကို ပေါရာဏ ဘဏ်ထဲပြန်ရှာပါ
*ဤကဗျာသည် သင့်ရင်သွေးငယ်လေးများအတွက် အထူးသင့်လျော်သည် *အယ်ရာ*
နဒီဝင်းသည် မြေခွေးဖြစ်၏ *အယ်ရာ*
မင်းသည် မြေခွေး၏ ကျင်ငယ်ဖြစ်၏ *အယ်ရာ*
ကမ္ဘာကြီးသည် သင်၏အိပ်ရာဖြစ်သည် *အယ်ရာ*
အဲဒီငါးကိုစားပြီးရင် ရေထဲပြန်လွှတ်ပေးလိုက်ပါ

ဇေယျာလင်း
(မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၊ ၂၀၁၇ ဖေဖော်ဝါရီလထုတ် ဖော်ပြခဲ့သည့်ကဗျာဖြစ်သည်)