အောင်သူငြိမ်း ● အိပ်မက်ဆုံရာ ကျနော်တို့ရဲ့ မြန်မာအိပ်မက်

အောင်သူငြိမ်း ● အိပ်မက်ဆုံရာ ကျနော်တို့ရဲ့ မြန်မာအိပ်မက်
(မိုမခ) ဧပြီ ၃၊ ၂၀၁၇

(မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၃ မျက်မှောက်ရေးရာကဏ္ဍတွင်ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)

ကျနော်တို့ မြန်မာတွေမှာ မြန်မာအိပ်မက် (Myanmar Dream) ရှိရဲ့လား။ စဉ်းစားမိတယ်။ အမေရိကန်အိပ်မက်ဆိုတာ ရှိတယ်။ တရုတ်အိပ်မက်ဆိုတာ ရှိတယ်။ ဒါနဲ့ပဲ မြန်မာအိပ်မက်ဆိုတာ ရှိရဲ့လား… စဉ်းစားမိတာပေါ့။

အမေရိကန်အိပ်မက် (American Dream) ဆိုတာကတော့  အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူတွေရဲ့တဦးချင်း မျှော်မှန်း ချက်တွေ ဟုတ်သလို အမျိုးသားရေးမျှော်မှန်းချက် (National Ethos) ပါ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်မှု (Liberty)၊ အခွင့်အလမ်း၊ တန်းတူညီမျှမှုတွေပါသလို၊ လူတဦးအောင်မြင်မှုအတွက် အခွင့်အလမ်းတွေလည်း ပါဝင်ပါ တယ်။ လူမှုအဖွဲ့အစည်းမှာ ကြိုးစားရင် ကြိုးစားသလောက်  အပေါ်အလွှာကို တက်လှမ်းနိုင်ခွင့် (Upward Social Mobility) ကိစ္စ၊ အဟန့်အတား ပိတ်ဆို့မှုနည်းနိုင်သမျှ နည်းစေရေးကိစ္စတွေလည်း ပါဝင်ပါတယ်။ အမေရိကန် အိပ်မက်ကိုဖွင့်ဆိုရာမှာ ဂျိမ်းစ် အဒမ်စ် (James Truslow Adams) က လူတိုင်းအတွက် သူတို့စွမ်းဆောင်ရည် (သို့မဟုတ်) အောင်မြင်မှုများ အပေါ် မူတည်ပြီး၊ လူမှုအဆင့်အတန်း ဘယ်လိုရှိသည်ဖြစ်စေ၊ မွေးဖွားစဉ်က အခြေအနေ ဘယ်လိုများရှိသည်ဖြစ်စေ ဘဝဟာ ပို ကောင်းလာစေရမယ်၊ ပိုလို့ ကြွယ်ဝလာစေရမယ်၊ ပိုပြည့်ဝလာစေရမယ်လို့ ဆိုပါတယ်။ အမေရိကန် လွတ်လပ်ရေး ကြေညာ စာတမ်းမှာလည်း ဒီသဘောတရားတွေ ပါဝင်ပါတယ်။

အလားတူ တရုတ်အိပ်မက် (China Dream) ဆိုတာလည်း ၂၀၁၃ ခုနှစ်ကစလို့ ရေပန်းစားလာခဲ့ပါတယ်။  ဒီအသုံးကို စတင်သုံးစွဲသူက သမ္မတရှီကျင့်ဖျင်ပါ။ တရုတ်လူမှုအသိုက်အဝန်းမှာ လူတဦးချင်းရဲ့အခန်းကဏ္ဍကို ဖော်ပြကြတဲ့အခါ အစိုး ရ အရာရှိတွေ၊ ပါတီခေါင်းဆောင်တွေ၊ သတင်းစာဆရာတွေက ဒီ တရုတ်အိပ်မက်ဆိုတဲ့အသုံးအနှုန်းကို စတင်သုံးစွဲ ကြတာ ဖြစ်ပါတယ်။ အလားတူ တရုတ်နိုင်ငံကြီးရဲ့ပန်းတိုင်ကို ဖော်ပြလိုတာလည်းဖြစ်ပါတယ်။ ရှီကျင့်ဖျင်က တရုတ်ဆိုရှယ်လစ် အတွေးအခေါ်ဆိုပြီး စတင်ဆွေးနွေးခဲ့တာပါ။ ရှီက တရုတ်လူငယ်တွေဟာ အိပ်မက် မက်ရဲရမယ်။ အိပ်မက်တွေပြည့်ဝဖို့ အားကြိုးမာန်တက် လုပ်ကိုင်နိုင်ရမယ်။ အမျိုးသားနိုင်ငံ ပြန်လည်သက်ဝင်ထမြောက်ရေးအတွက် ပါဝင်ဖြည့်ဆည်းနိုင်ရ မယ်လို့ ပြောခဲ့ပါတယ်။  တရုတ်ပါတီရဲ့ သဘောတရားရေး ဂျာနယ် Qiushi ကတော့ တရုတ်အိပ်မက်ဆိုတာ တရုတ်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှု၊ စုပေါင်းကြိုးပမ်းမှု၊ ဆိုရှယ်လစ်ဝါဒနဲ့ နိုင်ငံတော်ရဲ့ရွှေခေတ် (National Glory) ဖြစ်ပါတယ်လို့ ညွှန်းပါ တယ်။

ဒီလို အိပ်မက်တွေဟာ နိုင်ငံတခု စတင်တည်ထောင်ခဲ့ကြတဲ့ ဗိသုကာကြီးများရဲ့ ကြီးမားတဲ့အမြော်အမြင် (Vision) ကို လည်း ဖော်ပြရာ ရောက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် သူတို့ရဲ့လွတ်လပ်ရေးကြေညာစာတမ်းကစလို့ သန္ဓေ တည်ခဲ့ပါတယ်။ တရုတ်ပြည်မှာလည်း သူတို့ရဲ့နိုင်ငံတော်အတွေးအခေါ် ဆိုရှယ်လစ်အယူအဆအပေါ် အခြေခံနေပါသေး တယ်။ ကျနော်တို့ မြန်မာအိပ်မက်ကရော ဘယ်လိုဖြစ်မှာပါလဲ။ ကျနော်တို့ကို စာသင်ခဲ့ဖူးတဲ့ ဆရာထိန်ဝင်းကတော့ မြို့မ ငြိမ်းရဲ့ လူချွန်လူကောင်းသီချင်းကို၊ ကြည့်ပါဦးကွာ၊ နိုင်ငံတခုအတွက် သူ့မြော်မြင်ချက် (Vision) တွေက ဘယ်လာက် မြင့် လိုက် ပါသလဲဆိုပြီး ချီးကျူးဖွင့်ဆိုတာ ကြားခဲ့ရဖူးပါတယ်။

ကစားခုန်စား စွမ်းအားဘက်တွင်
စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်
သန်မြန် ယောကျာ်းဘသားပင်၊

လျှပ်စစ်အား အသုံးများတဲ့ပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်
သစ်ပင်တွေ မြေတွင်းဓာတ်တွေ
ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်

ကမ္ဘာမြေပထဝီဝင် ကမ္ဘာ့သမိုင်းရာဇဝင်
သုံးသပ်လေ့လာသင်
အကြံဉာဏ် ဝေဖန်မြော်လို့မြင်
ငါတို့ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တယောက်ဆို တအားပင်…

နိုင်ငံတခုဟာ တိုးတက်လာဖို့ဆိုရင် လျှပ်စစ်ဓာတ်အား အသုံးများရမယ်ဆိုတာ မြို့မငြိမ်းကာလကတည်းက မြင် ထားတယ် လို့ ဆိုပါတယ်။ ခုထက်ထိတိုင် ဓာတ်အားမလုံ လောက်မှုတွေ ကြုံနေရဆဲပါ။ ဒါတွင်သာမက သယံဇာတ ထုတ်ယူအသုံးချရေး၊ အားကစား၊ ကာယဉာဏ၊ ပင်လယ်ရေကြောင်း စသည်ြဖင့် ဘက်ပေါင်းစုံကို မြင်ထားတော့တာ့ပါပဲဆိုပြီး၊ ဆရာထိန်က အား ရပါးရ ပြောပြပါတယ်။ ဒီလိုမြော်မြင်မှုတွေက နိုင်ငံတည်ဆောက်ရေး (Nation building) အတွက် အားဖြစ်စေပါတယ်။ နိုင် ငံသားတိုင်းကို တူညီတဲ့တူရှုချက်ကို ပေးပါတယ်။ ကျနော်တို့နိုင်ငံကိုတည်ထောင်ခဲ့ကြတဲ့ ဘိုးဘေးတေကွရော ဘယ်လို စဉ်းစားခဲ့ကြပါသလဲ။ အရေးကြီးတဲ့ စာချုပ်စာတမ်း၊ ဖော်ပြချက် အများအပြားရှိပါတယ်။

တောင်တန်းပြည်မ ချစ်ကြည်ရေးနဲ့ လွတ်လပ်ရေးကို အတူတကွယူခဲ့ကြတဲ့ ပင်လုံစာချုပ်ဟာ ဒီလိုမြော်မြင်ချက်တွေထဲက တခုပါ။ နောက်တခါ ရန်ကုန်မြို့လယ် လွတ်လပ်ရေးကျောက်တိုင်မှာရေးထိုးထားတဲ့ လွတ်လပ်ရေးကြေညာစာတမ်း ဟာ လည်း အရေးကြီးတဲ့ ဘိုးဘေးများရဲ့ မြော်မြင်ချက်ပါပဲ။ ဒီလွတ်လပ်ရေး ကြေညာစာတမ်းမှာတော့ သူတို့ကို ကူးတို့မှူး ခေါင်း ဆောင်ကြီးများလို့ ခေါ်ဆိုထားတာ တွေ့ရပါတယ်။  လွတ်လပ်ရေးကြေညာစာတမ်းကို ဦးသိန်းဟန် (ဆရာဇော်ဂျီ)၊ ဦးဝန် (မင်းသုဝဏ်)၊ ဆရာယော (ဆရာဇေယျ)၊ ဆရာဦးအုန်းဖေ (တက်တိုး)၊ ဦးဝင်းစိန် (တင့်တယ်) စတပုဂ္ဂိုလ်တွေလို့ သိရ ပါတယ်။ အဲသည်ကြေညာစာတမ်းမှာ ခုလိုမြော်မြင်ချက်တွေ တွေ့ရပါတယ်။

၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား၊ ကျောသားရင်းသား သူကား ငါကား ခြွဲခားခြင်းကို အလမိုရှိ၊ မြစ်ေချာင်းသီတာ သမုဒ္ဒရာ တောင်တန်းတို့ဖြင့် ကမ္ဘာဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသား အပေါင်းတို့ ဇာတိချက်ကြွေ နေထိုင် မြန်မာနိုင်ငံတော်တဝှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ တစ်စိတ် တဝမ်း တည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အပံ့ဖြင့်သာလျှင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စု အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်သည် မည်သူတစ်ဦးတစ်ယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တဖွဲ့ တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခစာံးအပ်ေသာ နငိုင်မံဟတု၊် အတတိက်ာလ၌၎င်း၊ ယခုမျက်မှောက်က၎င်း၊ နောင်လာလတ္တံသော အနာဂတ်ကာလ၌၎င်း၊ ငါတို့ ပြည်ထောင် စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီး ကျားမ မခြား သစ္စာတော်ခံနိုင်ငံသားဟူသရွေ့ ဒို့၏ အမွေအနှစ် အပိုင်ပစ္စည်းအကျိုး ခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်း တို့၏ သဘောဆန္ဒအရ လူအဝှမ်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်အံ့သောပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင် မြောက်ြကသော မဖောက်မပြန် မစွန်းမငြိ ပကတိသန့်ရှင်း ဖြူစင်သော မူလ လူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင် ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသောအခွင့်အရေး တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သည့် သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သော အဖြစ် ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

ကျနော်တို့ လွတ်လပ်ရေးကြေညာစာတမ်းမှာ တန်းတူမှု၊ လူ့ဝါဒ၊ မခွဲခြား မဖိနှိပ်မှု၊ အနာဂတ်အတွက် မြော်မြင်ချက်တွေ ပါပါတယ်။ ဒါတွေဟာ မြန်မာတွေ အိပ်မက်မက်ဖို့ လုံလောက်တဲ့အခြေခံအကြောင်းတွေပဲ၊ ကျနော်တို့ရဲ့ခေါင်းဆောင်တွေက အမြော်အမြင်ကြီးစွာ မြန်မာ့အိပ်မက်ကို ချပြဆွေးနွေး၊ ကျနော်တို့နိုင်ငံသားတွေကလည်း တက်ကြွစွာ အိပ်မက်မက်၊ အကောင်အထည်ဖော်ကြဖို့ ကျနော်စိတ်ကူးယဉ်နေဖူးပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတွေ နဲ့အတူ မြန်မာ့ ရွှေခေတ်ဆိုတာလည်း အိပ်မက်ထဲမှာ တစိတ်တပိုင်း ပါဝင်နိုင်ပါသေးတယ်။

ပြီးခဲ့တဲ့တရက်၊ ပြည်ထောင်စုနေ့က ပင်လုံမှာ အထင်ကရ ပြည်ထောင်စုနေ့အခမ်းအနားကျင်းပခဲ့ပါတယ်။ ဒီလိုအပြင်အဆင် ဒီလိုနေရာ ဒီလိုသမယမျိုးမှာ ကျနော်တို့ မြန်မာအိပ်မက် (Myanmar Dream) ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဆိုပြောပြခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ စဉ်းစားမိပါသေးတယ်။ သူ့မိန့်ခွန်းမှာ မြော်မြင်ချက်တွေကိုလည်း ပြောပါတယ်။ ကျနော် စောင့်ပြီး နားထောင်ကြည့်တယ်။ ကျနော်တို့ မြင်ချင်တဲ့ မြန်မာအိပ်မက်မဟုတ်သေးဘူးလို့ ထင်မိတယ်။