အောင်မြို့ - နောက်ကျကျန်နှစ်များအကြောင်း


အောင်မြို့ - နောက်ကျကျန်နှစ်များအကြောင်း
(သစ်ခက်သံလွင်) မိုးမခ၊ မေ ၈၊ ၂၀၁၇

ငြိမ်းကျော်၏၀တ္ထုများ၊ ခိုင်ထူး၏ သီချင်းများဖြင့် ကြီးပြင်းလာသည့် နှစ်များဖြစ်ပါသည်။၊ စာဖတ်ခြင်း၊ ဂီတနှင့် တပတ်တခါ ရုပ်ရှင်ကြည့် ခြင်းကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့သည့် နှစ်များ ဖြစ်ပါသည်။ မျှော်လင့်ချက် နည်းပါးပြီး အရာရာ ထိန်းချုပ်ခံနေရ သည့်နှစ်များ ဖြစ်ပါသည်။ မဂ္ဂဇင်းပါကဗျာတွေကို ဗလာစာအုပ် ထဲ တခုတ်တရကူးယူခဲ့ရသည့်နှစ် များဖြစ်ပါသည်။ ဂျင်းအင်္ကျီနှင့် ဝေါ့ ကင်းရှုးဖိနပ်များ၊ စက်ဘီးများ ခေတ် ကောင်းခဲ့သည့် နှစ်များ ဖြစ်ပါသည်။ မို့မို့မြင့်အောင်နှစ်များ ဖြစ်ပါသည်။

နောက်ယောင်ခံစောင့်ကြည့်ခံရသောနှစ်များဖြစ်ပါသည်။ ဖင်စီဒိုင်း၊ ဆေးခြောက်နှင့် ဘိန်းဖြူများ ထိုးသွင်း ခံခဲ့ရသည့်နှစ်များဖြစ်ပါသည်။ ကျောက်စိမ်းမှော်များသို့စွန့်စားသွားလာရန် ၀န်မလေးခဲ့သောနှစ်များ ဖြစ်ပါ သည်။ ချိန်းကြိုးများ၊ နံချပ်ကူများ၊ ချိန်းရိုက်ပွဲနှင့် စတီးလည်ဆွဲများ ထွန်းကားခဲ့သည့်နှစ်များ ဖြစ်ပါ သည်။ ရထားခေါင်မိုးပေါ် လူစီးများသည့်နှစ်များ ဖြစ်ပါသည်။ တရားဝင်ငွေလဲနှုန်း တစ်ဒေါ်လာ ခြောက်ကျပ်ကျော် သာ သတ်မှတ်ထားသည့်နှစ်များ ဖြစ်ပါသည်။ တည်ဆောက်ပြုပြင် မြန်ပြည်တခွင်နှစ်များ ဖြစ်ပါသည်။ ဟံသာဝတီ ဦးဝင်းတင်၊ ကိုမင်းကိုနိုင် စသဖြင့် အကျဉ်းကျနေခဲ့သည့်နှစ်များ ဖြစ်ပါသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏နေ၀င်ချိန်နှစ်များဖြစ်ပါသည်။ ဆန်တပြည် ငါးကျပ် နေ၀င်းခေါင်းကိုဖြတ် နှစ်များ ဖြစ်ပါသည်။ နယ်စပ်မျဉ်းများမှတဆင့် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် ကျောင်းသားများ၊ လူငယ်များ တောတွင်းဝင်ရောက်ခဲ့သည့်နှစ်များဖြစ်ပါသည်။ ပပ၀င်း၊ ပြည်သူ့မုန့်တိုက်၊ ရွှေကြည်အေးနှင့် လေထန်ကုန်းနှစ်များ ဖြစ်ပါသည်။ မောင်ချောနွယ်နှင့် သဲအိမ်မောင်နေ၀ါနှစ်များ ဖြစ်ပါသည်။ ရထားသံလမ်း ပေါ် ဂစ်တာခေါက်ခဲ့သည့်နှစ်များ ဖြစ်ပါသည်။ ဗန်းစကားများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲစပြုလာသည့်နှစ်များ ဖြစ်ပါသည်။ စာသင်ခန်းများ မကြာခဏတံခါးပိတ်ခဲ့သည့်နှစ်များ ဖြစ်ပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပုန်ကန်ခံရသည့်နှစ်များ ဖြစ်ပါသည်။ စာအုပ်အဟောင်းတန်းများ အားကောင်းခဲ့သည့်နှစ်များ ဖြစ်ပါသည်။ တယောက်နဲ့တယောက် စကားပြောရန် ၀န်လေးခဲ့ရသည့်နှစ်များ ဖြစ်ပါသည်။ နိုင်ငံရေးကို ညစ်ညမ်းသည့် အဓိပ္ပာယ်ဖြင့် သုံးစွဲခဲ့ရသည့်နှစ်များ ဖြစ်ပါသည်။ ထောင်ဝင်စာနှင့် ရဲဘက်စခန်းနှစ်များ ဖြစ်ပါသည်။
ပုံနှိပ်ခဲစာလုံးများကို အရည်ကျိုပစ်ခဲ့ရသည့် နှစ်များ ဖြစ်ပါသည်။ လစဉ်ထုတ်မဂ္ဂဇင်းများတွင် ရွေးချယ်ဖော်ပြ ခံရဖို့ စာတိုက်မှတဆင့် ကဗျာပို့ခဲ့ရသည့် နှစ်များဖြစ်ပါသည်။ အွန်လိုင်းမပေါ်မီ နှစ်များဖြစ်ပါသည်။ မြသန်းတင့်နှစ်များ ဖြစ်ပါသည်။ ၀မ်းနည်းကြေကွဲဖွယ်ပျောက်ဆုံးမှုများ ဖြစ်ပေါ်လေ့ရှိသည့်နှစ်များ ဖြစ်ပါ သည်။ စစ်ထောက်လှမ်းရေးအကြီးအကဲ မိုးကောင်းခဲ့သည့်နှစ်များ ဖြစ်ပါသည်။ ကိုးဆယ်တန်၊ နှစ်ရာတန် ခေတ်များ ဖြစ်ပါသည်။ မြန်မာ့ရုပ်မြင်သံကြားကို အဖြူအမည်းတီဗီဖြင့် ကြည့်ခဲ့ရသည့်နှစ်များ ဖြစ်ပါသည်။ မိုးလုံးပြည့်မုသာဝါဒနှစ်များဖြစ်ပါသည်။ သတင်းစာရှင်းလင်းပွဲ နှစ်များ ဖြစ်ပါသည်။

ပန်းဆိုးတန်းကုန်းကျာ်တံတားနှင့် ပုဇွန်တောင်ညနေ နှစ်များ ဖြစ်ပါသည်။ ဖာဘိနှင့်အရက်ပုန်းဆိုင်များ ရောင်းအားကောင်းသည့်နှစ်များ ဖြစ်ပါသည်။ ချဲထီ ထိုးအားကောင်းသည့်နှစ်များ ဖြစ်ပါသည်။ စင်တင်တေးဂီတစတင်သည့်နှစ်များ ဖြစ်ပါသည်။ ရုပ်ရှင်လက်မှတ် တန်းစီတိုးခဲ့ရသည့် နှစ်များဖြစ်ပါသည်။ သုံးဘီးကားနှစ်များဖြစ်ပါသည်။ ကန်တော်ကြီး၊ အင်းလျားနှင့် တိရစ္ဆာန်ရုံနှစ်များ ဖြစ်ပါသည်။ ဗီဒီယိုကို မိုး အလင်းသုံးကား ကြည့်ခဲ့ရသည့်နှစ်များ ဖြစ်ပါသည်။ ကဗျာဆရာဟု လက်မထောင်နိုင်ခဲ့သည့် နှစ်များဖြစ် ပါသည်။ သူငယ်ချင်းအချို့ကို ချန်ရစ်ခဲ့ရသည့်နှစ်များ ဖြစ်ပါသည်။ ယုံကြည်ချက်ပြင်းထန်သည့်နှစ်များ ဖြစ်ပါ သည်။

ငုနဲ့ပိတောက် နွေမှာလှိုင်၊ စုနဲ့ပိတောက် မေမှာနိုင်နှစ်များ ဖြစ်ပါသည်။ တင်မိုး၊ မောင်စွမ်းရည်၊ မောင်သာနိုး နှစ်များ ဖြစ်ပါသည်။ ကာတွန်းများ၊ ကဗျာများ၊ ၀တ္ထုများ ငွေမှင်သုတ်ခံခဲ့ရသည့်နှစ်များ ဖြစ်ပါသည်။
ထို့အတူ မြို့တွေ၊ ရွာတွေ၊ ကဗျာတွေနဲ့ ကဗျာဆရာ၏ နောက်ကျကျန်နှစ်များ ဖြစ်ပါသည်။

အောင်မြို့
(ကိုဇော်(ကလေးမြို့)၏ နောက်ကျကျန်နှစ်များ ကဗျာရှည်ဖတ်အပြီး)