သစ်ငြိမ်း - တရံရောအခါ က



သစ်ငြိမ်း - တရံရောအခါ က
(မိုးမခ) မေ ၁၃၊ ၂၀၁၇

ဆူးတောင်မရှိတဲ့
ငါးတကောင်က
ကန္တာရဆူးပင်လေးအောက်
ပတ်ကြားအက်မှာ
ဖျတ်ဖျတ်လူးရင်း
ရေငတ်နေတယ်

စူးစူးနစ်နစ်မျက်လုံးတွေနဲ့
လင်းနို့တကောင်ကတော့
ည အမှောင်ထဲ
ဇရပ်ပျက်တဆောင်ရဲ့
ထုတ်တန်းပေါ်မှာ
ဇောက်ထိုးဆွဲလို့
လောကကြီးကို
ပြောင်းပြန်ကြည့်နေပေါ့

ကြာပါပြီ
သူ့အထာနဲ့သူပါပဲ
ငါးကလေး သေသွားတဲ့အခါ
ထုတ်တန်းပေါ်က လင်းနို့လည်း
သူ့အတောင်ပံ တဖျတ်ဖျတ်ခတ်
ဇရပ်ထဲက
ပျံထွက်သွားခဲ့တယ် ။