ကိုအောင်မှိုင်း - ကြိုးတန်းပေါ်လမ်းလျှောက်ခြင်း သင်ခန်းစာ


ကိုအောင်မှိုင်း - ကြိုးတန်းပေါ်လမ်းလျှောက်ခြင်း သင်ခန်းစာ
(မိုးမခ) မေ ၇၊ ၂၀၁၇

ကျနော်တို့မိတ်ဆွေတွေကိုဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေကိုဖြစ်ဖြစ် အခြေအနေဆိုးတခုအောက်မှာ သတိပေး လေ့ရှိတဲ့ စကားတခုရှိပါတယ်။ အဲဒါကတော့“မင်းကြိုးတန်းပေါ်လမ်းလျှောက်နေပြီ”ဆိုတာပါဘဲ။ သိပ်အန္တရယ်ကြီးနိုင်တဲ့ ကိစ္စ၊ သိပ်ဆုံးရှုံးမှုကြီးနိုင်တဲ့ကိစ္စတွေကို အသိမဲ့ သတိလက်လွတ်လုပ်နေတဲ့ သူငယ်ချင်းအပေါင်းအသင်းကို ဘေးမှာရှိ တဲ့ မိတ်ဆွေအပေါင်းအသင်းတွေက သတိပေးကြတာပါ။ ကာယကံရှင်တွေကတော့ သူလုပ်နေတာ သိပ်အန္တရယ်ရှိနေတယ်ဆိုတာ၊သိပ်ဆုံးရှုံးမှုကြီးနိုင်တယ်ဆိုတာ သိချင်လဲသိမယ်။သိချင်မှလဲသိမှာပါ။

ဒီလိုအခြေအနေမျိုးမှာ သူငယ်ချင်းမိတ်ဆွေတဦးတယောက်ရဲ့ အကျိုးစီးပွါးထိခိုက်နစ်နာမှုမရှိအောင် သတိပေးလေ့ရှိကြ တာလို့ ပြောရမှာဖြစ်ပါတယ်။ အခုကိစ္စက မိတ်ဆွေသူငယ်ချင်းတဦးတယောက်ရဲ့  အကျိုးစီးပွါးကိစ္စမဟုတ်ပါဘူး။ မြန်မာ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့  ဘုံအကျိုးစီးပွါးကိစ္စဖြစ်နေလို့ဖြစ်ပါတယ်။ တိတိကျကျ သေသေချာချာ ပြောရရင် နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးစီးပွါးထိခိုက်ဆုံးရှုံးမှု ရှိနေလို့ဖြစ်ပါတယ်။ တနည်းပြောရရင် နိုင်ငံတော်နဲ့ နိုင် ငံသားတွေရဲ့ အကျိုးစီးပွါးကို တိုက်ရိုက်ထိခိုက်နစ်နာဆုံးရှုံးမှု ရှိနေတာရယ် ဒါထက်ကြီးကြီးမားမား ပိုမိုထိခိုက်ဆုံးရှုံး လာနိုင်တဲ့ အခြေအနေတွေဟာ “မြန်မာနိုင်ငံကြီး ကြိုးတန်းပေါ် လမ်းလျှောက်နေတယ်” လို့ဘဲပြောရတော့မှာပါ။

ပထမဦးဆုံးပြောချင်တာက ဘုန်းကြီးဆိုးတွေ စစ်ဗိုလ်ဆိုးတွေ ကြေးစား လူဆိုးလူမိုက်တွေမွေး တိုင်းပြည်မငြိမ်မသက် ဆူဆူပူပူ ဖြစ်အောင်လုပ်ပြီး တိုင်းပြည်အာဏာကို ဓားပြတိုက်ချင်တဲ့ (အပေါစားလုပ်ကြံနေတဲ့) စစ်အာဏာရှင်ဟောင်း တွေရဲ့  ကနေ့လုပ်ရပ်တွေဟာ တနေ့တခြားဆိုသလို ပေါ်ပေါ်ထင်ထင်ဖြစ်လာပါတယ်။တိုင်းပြည်အတွက် သိတ်ကိုအန္တရာယ်ကြီးပါတယ်။ ဘာကြောင့်ဒီလူဆိုးလူမိုက်တွေ ပေါ်ပေါ်ထင်ထင်လှုပ်ရှားနေနိုင်ပါသလဲ။ သေချာတာကတော့ ထိန်းသိမ်းရမဲ့ တာဝန်ရှိသူတွေကိုယ်တိုင်ကိုက တာဝန်မဲ့မှုကြောင့်လို့ ကျနော်တို့ပြောကိုပြောရတော့မှာပါ။ ဒီကိစ္စကိုပြောပြီ ဆိုရင် မြန်မာနိုင်ငံအစိုးရပြည်ထဲရေးဝန်ကြီးဌာနကို ဦးဆုံးလက်ညိုးထိုးရမယ်ထင်ပါတယ်။

မြန်မာပြည်တလွှားထင်ရှားကျော်ကြားနေတဲ့ စကားတခုကတော့ ပြည်ထဲရေးဝန်ကြီးကို နားရွက်တံတွေးဆွတ်နေတာ “မဘသ” ဘဲတဲ့။ ရှက်တတ်ရင်လဲသေဘို့ ကောင်းတယ်ဆိုဘဲဗျာ။ ခက်တာက ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်က ဘုန်းကြီး ဆိုးတွေ စစ်ဗိုလ်ဆိုးတွေ ကြေးစားလူဆိုးလူမိုက်တွေနဲ့  တဂိုဏ်းထဲသားလား။ဒါမှမဟုတ် သူအနေနဲ့ မလွန်ဆန်နိုင်တဲ့ အတားအဆီးတွေကြောင့်လားဆိုတာတော့ ကျနော်တို့မဝေခွဲနိုင်ပါဘူး။ဘယ်လိုဘဲဖြစ်ဖြစ် ပြည်ထဲရေးဝန်ကြီးကိုတော့ ကျနော်တို့ သနားတယ်။ သူနှစ်ပေါင်းများစွာ တပ်မတော်မှာ အမှုထမ်းခဲ့တာတွေဟာ ပြည်ထဲရေးဝန်ကြီးဘ၀ကြောင့် သမိုင်း မဲရတော့မှာကိုပြောတာပါ။ကျနော်တို့ဝေခွဲနိုင်ခြင်းမဝေခွဲနိုင်ခြင်းထက် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်ဝေခွဲနိုင်ဘို့က အဓိက ကျမယ်ထင်ပါတယ်။ပြည်ထဲရေးဝန်ကြီး ကြိုးတန်းပေါ်လမ်းလျှောက်နေတယ်ဆိုတာ သတိပေးလိုပါတယ်။

သူသိဘို့က သူတို့ထက်အာဏာထက်ခဲ့တဲ့ ဦးနေ၀င်းကိုယ်တိုင်တောင် သေခါနီးမှာ ကျောင်းသားသမဂ္ဂဖျက်တာ ဦး အောင်ကြီးဆိုပြီးလွဲချသွားခဲ့သေးပါတယ်။ သေတော့လဲ ဂုဏ်သိက္ခာရှိရှိမသေခဲ့ရပါဘူး။နိုင်ငံတကာ မှာဆိုလဲ အီရတ် သမ္မတဆာဒန်ဟူစိန်ဟာ သူအာဏာရှိချိန်မှာလူထုကိုဖိထောင်းထားတာကြောင့် အသေဆိုးနဲ့ သေခဲ့ရသလို သမိုင်းမှာ လူတယောက်အဆင့်အတန်းမျိုးမရရှိခဲ့ပါဘူး။ သင်္ခန်းစာယူနိုင်အောင်ပါဗျာ။ လူထုဆိုတာကတော့ ထာဝရရှင်သန်နေမဲ့ အရာဖြစ်သလို သမိုင်းကိုဖန်တီးနေသူတွေ ဖန်တီးနိုင်သူတွေဖြစ်တယ်ဆိုတာ ဘယ်လိုနည်းနဲ့ မှ ပစ်ပါယ်လို့မရနိုင်ပါ။

နောက်တခုပြောချင်တာက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးပြောတဲ့ နောက်ကြောင်း လှန်ရင် နောက်ကြောင်းပြန်မယ်ဆိုတာကြီးကတော့ ဗြောင် အတော်ကျတဲ့စိမ်ခေါ်မှုလို့ဘဲပြောရတော့မယ်ထင်တယ်။လူထု ကိုစိမ်ခေါ်တာသက်သက်တင်မကဘူး NLD က ပြည်နယ်နဲ့ တိုင်းဝန်ကြီးချူပ်တွေအပါအ၀င် NLD ပါတီကို တည့်တည့်ပစ် လိုက်တဲ့ စစ်ဗိုလ်ချူပ်ဟောင်းတွေရဲ့  ခြိမ်းခြောက်မှုကို ကိုဇော်ဌေးကပြောပေးရတာလို့ထင်တယ်။ စစ်ဗိုလ်ချူပ်ဟောင်း တွေရဲ့  စိုးရိမ်သောကဖြစ်မှုကိုဖေါ်ပြတာလဲဖြစ်ပါတယ်။ ခက်တာက စစ်ဗိုလ်ချူပ်ဟောင်းတွေရဲ့ အလိုရမ္မက် လောဘတွေ အတောမသတ်နိုင်မှုတွေကနေ ဒီလိုလူထုဘက်ကပြန်လည်တိုက်ခိုက်မှုတွေ အရှိန်မြင့်လာတာလို့ ကျနော်တို့သုံးသပ်မိပါ တယ်။

ပြောရရင်လူထုက သိပ်ငတ်နေကြပြီ။ လယ်သမားတွေကလဲ ဆုံးရှုံးတဲ့လယ်ယာတွေပြန်လိုချင်ကြပြီ။ အလုပ်သမားတွေ ကလဲ မိသားစုလောက်ငတဲ့ဝင်ငွေလိုချင်ကြပြီ ။ဝန်ထမ်းတွေကလဲ တရားမျှတတဲ့အုပ်ချူပ်မှုကိုလိုချင်ကြပြီ။ လက်လုပ် လက်စားတွေကလဲ ကုန်ဈေးနှုံးကျစေချင်ကြပြီ။ကုန်သည်ပွဲစားတွေကလဲ အခွင့်ထူးခံတွေမရှိတဲ့ စီးပွါးရေးစနစ်ကိုလိုချင် ကြပြီ။ တိုင်းရင်းသားတွေကလဲ စစ်မှန်တဲ့ငြိမ်းချမ်းရေး လိုချင်ကြပြီ။ အစိုးရကလဲ ပြည်သူတွေ ထမင်း၀၀ စားစေချင်နေပြီ။

ခက်တာက ဒါတွေအားလုံးသဲထဲရေသွန်ဖြစ်အောင် တိုင်းပြည်စီးပွါးရေးယိုယွင်းပျက်စီးအောင် တိုင်းပြည်တည်ငြိမ်ရေး ပျက်ပြားအောင် တိုင်းပြည်ပြည်တွင်းငြိမ်းချမ်းရေးပျက်ပြားအောင် ဗြောင်ကျကျလုပ်နေကြတာ ဘယ်သူတွေ ဘယ်အဖွဲ့  အစည်းတွေဆိုတာလဲ လူထုကအားလုံးသိနေကြတယ်။ လူထုဆိုတာ သေနတ်မရှိလို့ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အတွေး အခေါ်တွေနဲ့ လူထုကိုဆက်အနိုင်ကျင့်နေကြဦးမယ် ဆိုရင်တော့ လူထုရဲ့ ဒါဏ်ခတ်မှုဟာ သိပ်ကြောက်စရာကောင်း လောက်အောင်ပြင်းထန်တတ်ပါတယ်။ကြိုးတန်းပေါ်လျှောက်နေကြတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့ အစည်းတွေသတိပြုဘို့ပါ။

တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူထုပြောနေတဲ့ “ မြန်မာပြည်က အစိုးရ ၂ရပ် ” ကိစ္စကလဲ ကြာလေ ပေါ်ပေါ် ထင်ထင်ဖြစ်လာနေပါတယ်။ ကာချူပ်က စစ်တပ်က နိုင်ငံရေးလုပ်နေတာမဟုတ်ဘူးပြောနေတာကြားရတော့ တချို့ လူ တွေကပြောကြတယ်။ နိုင်ငံရေးမလုပ်လို့သာဘဲတဲ့။ နိုင်ငံရေးများလုပ်ရင် အခက်ကြီးဆိုဘဲ။ ကျနော်တို့အမြင်ကတော့ ရှင်းရှင်းလင်းလင်းရှိပါတယ်။မြန်မာနိုင်ငံမှာ ရိုးသားဖြောင့်မတ်တဲ့နိုင်ငံသားကောင်းခေါင်းဆောင်တွေ အနာဂါတ်မှာ အမှန် တကယ်လိုအပ်ပါတယ်။ ကာချူပ်ကိုယ်တိုင် စစ်ဗိုလ်ချူပ်ဟောင်းတွေ အကျိုးစီးပွါးကိုကာကွယ်ရင်း နွံနစ်နေတဲ့ဘ၀က ရုန်းထွက်စေချင်ပါတယ်။ တပ်မတော်တခုလုံးကိုလဲ စစ်ဗိုလ်ချူပ်ဟောင်းတွေတည်ဆောက်ခဲ့တဲ့ ဖက်ဆစ်စနစ်အစား သစ်လွင်တောက်ပတဲ့ နိုင်ငံတကာအဆင့်မီ ဒီမိုကရေစီတပ်မတော်တရပ်အဖြစ် တည်ဆောက်စေလိုပါတယ်။ မြန်မာ့ တပ်မတော်ဟာ အဓိက စစ်ကျွန်ဘ၀က ရုန်းထွက်ဘို့ကျိုးစားနိုင်မှ လွတ်မြောက်တဲ့ဒီမိုကရေစီတပ်မတော်ဖြစ်လာမှာပါ။

ကနေ့နိုင်ငံတကာအခင်းအကျင်းဟာ အလွန်အကဲဆတ်တဲ့ ကာလလို့ပြောရမှာဖြစ်ပါတယ်။ အခင်းအကျင်းသစ်တခုကို ဦးတည်နေတဲ့ကာလဖြစ်ပါတယ်။ အနေအထိုင် အပြောအဆိုမတတ်ရင် ကြားညပ်နိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ သိပ်လဲအန္တရယ်တွေများလှတဲ့ကာလပါ။

ဟိုတလောက မြန်မာ့တပ်မတော်က ရေငုတ်သင်္ဘောတစင်းလောက်လိုချင်တယ်လို့ ရေတပ်ဦးစီးချူပ်ကပြောတော့ ဒါလဲ သဘာဝကျတယ်လို့ ကျနော်မြင်တယ်။ ဘေးနိုင်ငံတွေမှာ တချို့ မှာလဲ ကိုယ်ပိုင်ရေငုတ်သင်္ဘေတွေရှိကြပြီး။တချို့ ဆိုလဲ မကြာခင်မှာဘဲရေငုတ်သဘောင်္ရတော့မှာဆိုတော့ လိုချင်တာမမှားဘူးလို့ပြောရမှာပါ။ ခက်တာကလူထုမှာ ပိုက်ဆံမရှိတာ ပါ။ ဒါဆို ဒီလောက်ချမ်းသာတဲ့နိုင်ငံမှာ ပိုက်ဆံတွေဘယ်ရောက်ကုန်လဲဆိုတာကို ပြန်စဉ်းစားဘို့လိုမယ်ထင်တယ်။ အဖြေ ကသိတ်ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုဘူးထင်ပါတယ်။ မကွေးတိုင်းဝန်ချူပ်ဟောင်းဦးဘုန်းမော်ရွှေတောင် ကျပ်သန်း ပေါင်း ၇၀၀၀လောက် အပျောက်ရိုက်ထားနိုင်ခဲ့ရင် ကျန်ပိုက်ဆံတွေ ဘယ်လောက် ဘယ်သူတွေလက်ထဲမှာဆိုတာ မှန်း ဆနိုင်မယ်လို့ ကျနော်ထင်တယ်။ စစ်တပ်ကလိုချင်တဲ့ ရေငုတ်သင်္ဘော ၁၀ စင်းလောက်တော့ အေးအေးဆေးဆေးဝယ်လို့ ရနိုင်ပါတယ်။ အခုဟာက စစ်တပ်က လေယာဉ်လိုချင်တယ် ရေငုတ်သင်္ဘောလိုချင်တယ် လက်နက်အသစ်အဆန်းတွေ လိုချင်တယ်။ အစိုးရကပေးရမယ်ဆိုရင်တော့ လူထုကိုဓားပြတိုက်တာနဲ့ အတူတူဘဲဖြစ်ပါလိမ့်မယ်။

ကနေ့စစ်တပ်ကို နိုင်ငံတကာအဆင့်မီတပ်တခုဖြစ်စေချင်ရင် စိတ်ဓါတ်ကစ ပြင်ရမယ်ထင်တယ်။ အရင်ဆုံးပြင်ရမှာက တော့ ကနေ့စစ်တပ်ကိုဦးစီးနေတဲ့စစ်တပ်ခေါင်းဆောင်တွေဘဲဖြစ်ပါတယ်။ကြံ့ဖွံ့ နဲ့ပေါင်း မဘသနဲ့ ပေါင်းပြီး အာဏာကို ဓါးပြတိုက်ရယူချင်တဲ့ စိတ်ဓါတ်တွေနဲ့ တော့ တိုင်းပြည်လဲကောင်းမှာမဟုတ်သလို စစ်တပ်လဲ Standard Army ဖြစ်လာ မှာ မဟုတ်တာသေချာပါတယ်။စစ်တပ်က နိုင်ငံရေးလုပ်နေတာမဟုတ်ဘူးဆိုရင်လဲ ကိုယ့်ဂတိအတိုင်း နိုင်ငံရေးနဲ့  ကင်း ကင်းရှင်းရှင်းနေစေချင်တယ်။ အမျိုးသားနိုင်ငံရေးလိုလို ပါတီနိုင်ငံရေးမဟုတ်သလို ဘယ်ဟာမှမပါဘဲ တိုင်းပြည်ကာ ကွယ်ရေးကိုသာ သတ်သတ်မှတ်မှတ် ပြောတဲ့အတိုင်းလုပ်စေချင်တယ်။ လူထုလဲ သဘောတူမှာပါ။ကျနော်အမြင်တော့ “နောက်ကြောင်းလှန်ရင် နောက်ကြောင်းပြန်နိုင်တယ်”ဆိုတဲ့ ဓားပြအတွေးအခေါ်အစား “နောက်ကြောင်းက သူခိုးတွေ ကိုဖါယ်ပြီး လက်ရှိပြည်သူတွေကိုကယ်တင်ဘို့သာ အဓိက” ဖြစ်ကြောင်းပါဗျာ။

ကိုအောင်မှိုင်း (မေလ ၇ရက် ၂၀၁၇ခုနှစ်)