အောင်မော်ဦး ● အစိုးရရှိရင် လမ်းသရဲ ရှိရမယ်

 အောင်မော်ဦး ● အစိုးရရှိရင် လမ်းသရဲ ရှိရမယ်
(မိုးမခ) မေ ၁၈၊ ၂၀၁၇

ရန်ကုန်ဟာ
မစားရဝခမန်း စီမံကိန်းကြီးငယ်တွေနဲ့
လက်တည့်စမ်း ခရမ်းပျိုးခံနေရတာ
(မသိရင်)
တနိုင်ငံလုံး သူ့တမြို့တည်းရှိတဲ့အတိုင်း
သမိုင်းတွင်ချင်စိတ်ကြီး တခွဲသားနဲ့ မော်လို့။

လူတကာ မျက်မုန်းကျိုးလောက်အောင်
ဖူးဖူးမှုတ်ခံနေရတဲ့မြို့ဟာ
မြို့နီးနားချင်းတွေအပေါ် အားနာရကောင်းမှန်းမသိဘူး
ဘတ်ဂျက်တွေ တဖျပ်ဖျပ်ခတ်လို့
သူကြီးဘုရား ရွာသားကောင်းမှု စီမံချက်နဲ့
အာရှမှာ နှာတဖျား သာချင်နေသေးတယ်။

အလိုက်ကန်းဆိုးမသိတဲ့မြို့ဟာ
ပေးလိုက်ရတာတွေနဲ့ ပြန်ရတာတွေရဲ့အကြား
ဘာတွေဆုံးရှုံးပြီး ဘာတွေရလိုက်သလဲ မတွေးဘူး
အမေရှိရင် ငွေရှိတယ်ဆိုတဲ့ပေါ့ပေါ့နေ ပေါ့ပေါ့စား တယောက်လို
လေကလေးတချွန်ချွန်နဲ့ ကြိုးတန်းလမ်းလျှောက်လို့
သူ့ကြည့်ရတာ အသဲတအေးအေးပဲ။

အေးအေးလူလူ ညနေခင်းတွေမှာ
တခုခုစားမယ် စိတ်ကူးနေသလား
ရေနုတ်မြောင်းတွေလျှံလို့ ဒူးဆစ်လောက်မြုပ်ပြီဆိုရင်
ငါတို့ဟာ ဒုတိယ"ဗင်းနစ်"မှာပေါ့လို့သာတွေးလိုက်
ခင်ဗျားအတွက် ကမ်းနားလမ်းမှာ
(စမ်းသပ်ဆဲ) ညဈေးတန်းတခုရှိတယ်။

ဟိုသွားဒီသွား အကုန်အကျမများရအောင်
တက္ကစီမစီးချင်ဘူးလား
ဆူတာဟောက်တာ အော်တာငေါက်တာ
သံတုတ်တွေ ငှက်ကြီးတောင်တွေဝင့်တာဟာ
အချုပ်ကားထဲ လက်ထိပ်တန်းလန်းနဲ့ လိုက်ရတာထက်စာရင်
အပုံကြီး တော်သေးရဲ့လို့သာတွေးလိုက်
ခင်ဗျားအတွက်
(စမ်းသပ်ဆဲ) ဘတ်စ်ကားလိုင်းတွေရှိတယ်။

ရေအဆုံး ကုန်းတဝက် ဆိုပေမယ့်လည်း
တဝမ်းတခါးအတွက် စခန်းသွားမှဖြစ်မယ့်
နွမ်းနွမ်းပါးပါး မြို့ကြီးသားတွေအတွက်
ဝါးတား တက္ကစီဆိုလား ဘာလား
(စမ်းတဝါးဝါး) ပြေးဆွဲတော့မယ်တဲ့ ကြားတယ်။

မောင်ငယ်ရင်သွေး ပညာရေးအတွက်
သွားရေးလာရေး ရတက်အေးစေဖို့
ရှေ့ ဘာဖြစ်မယ် အတတ်မဟောနိုင်သေးတဲ့
(စမ်းတဝါးဝါး) ကျောင်းကားဆိုလား ဘာလား
မြို့ထဲပြထဲ ပြေးဆွဲတော့မယ်တဲ့ ကြားတယ်။

ဘာပဲဖြစ်ဖြစ်
အစိုးရရှိရင် လမ်းသရဲ ရှိရမယ်
ဆံပင်ရှည်ထားမယ် ဂျင်းပင်ဝတ်မယ် တက်တူးထိုးမယ်
လမ်းလျှောက်တဲ့အခါ လက်နောက်ပစ်လွှဲမယ်
လမ်းဘေးအုတ်ခုံမှာထိုင်မယ် ရထားသံလမ်းပေါ်ထိုင်မယ်
ဂစ်တာခေါက်မယ် သံသေးသံကြောင်အော်မယ် ဆေးခြောက်ရှူမယ်
အောင်ခြိမ့်ရဲ့ ဂန္တဝင် မမလာရင် ရှိတ်မယ်။

ဂျစ်ပစီတွေလို ဟိုဟိုသည်သည် ဒိုးချင်ဒိုးမယ်
ဟစ်ပီတွေလို စိတ်လိုရင် ဒီဂျေပွတ်ချင်ပွတ်မယ်
အရေးအကြောင်းရှိရင် လက်ခေါက်သာမှုတ်လိုက်
ကိုယ်တို့ကတော့
လိုအပ်ရင် ငါးယောက်ထက်ပိုစုကြမှာပဲ။

ဘယ်သူတွေ ဘာပဲပြောပြော
မြို့ကြီးသား အထင်ခံရဖို့ဆို
ဟန်ကိုယ့်ဖို့တော့ ထားရမှာပဲ။

အောင်မော်ဦး
မေ ၁၇၊ ၂၀၁၇။