နေသွင် ● ငါဟာ ကျီးတကောင်

နေသွင် ● ငါဟာ ကျီးတကောင်
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၇
 

ငါ့အတောင်တွေ
မဟူရာရောင်တောက်တောက်
ငါ့အသံက “အာတာတာ”
ငါဟာ ကျီးကောင်စစ်စစ်
ပုံပြင်ထဲကလို ဒေါင်းယောင်ဆောင်မထားဘူး၊

“ဘုတ်”ကို မြှောက်တဲ့ကျီးနဲ့တော့
မျိုးစိတ်ချင်းကွဲတယ်၊

ငါတို့တခေတ်လုံး အမှောင်ဖုံးလို့
ငါ့အတောင်တွေ နက်ပြောင်နေတာဆန်းသလား
ကျီးလန့်စာ စားတဲ့ခေတ်မှာ
ငါ့အသံတွေ ပြာနှမ်းနေတာဆန်းသလား၊

သိုးဆောင်းစကားပုံထဲကအတိုင်း
ငါတို့ဟာ အတူနေတယ်
အတူစားတယ်
အတူ “အာ” ပြီး
အပြန်အလှန်တာဝန်ခံကြတယ်၊

ငါတို့ဟာ အရွယ်တူ တန်းတူ
ကိုယ့်အသိုက်ကိုယ်ဆောက်ပြီး
ကိုယ့်အစာ ကိုယ်သုတ်ရတယ်၊

ကြီးနိုင်ငယ်ညှဉ်းလုပ်ကြတဲ့
တောရိုင်းယဉ်ကျေးမှုထက်တော့သာတယ်၊

အပြိုင်အဆိုင် ထိုးသုတ်တဲ့အလုပ်က
ငါတို့ နားတွေကို အကဲဆတ်နေသလို
အားတွေကို သစ်လွင်နေစေတယ်

“ကျီးကျတဲ့ခေတ်” မှာ
ကျီးဖြစ်လာတဲ့ကောင်ပီပီ
ငါ့နှုတ်သီးဟာ ချွန်မြ
ငါ့အတောင်တွေ အဆိပ်ရောင်ထ
ငါ့အသံဟာ “အာတာတာ”

နေသွင်
(၁၆၊ ဇူလိုင်၊ ၂၀၀၈)