မောင်ဥက္ကလာ ● ရေမြုပ်တာများ သတင်းလုပ်

 မောင်ဥက္ကလာ ● ရေမြုပ်တာများ သတင်းလုပ်
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၇
 
သူများကို လက်ညှိုးထိုး Complaint တော်၊ လူညီရင် ထောင်လွှားတဲ့ YBS ကားသမားကို ရိုက်ရဲတဲ့ ကျုပ်တို့ ရွှေပြည်သား တွေကိုကြည့် - အထူးသဖြင့် ဗရမ်းဗတာတွေပါလို့ အပြောခံနေရတဲ့ မြို့ဟောင်းမြို့ပျက်ကြီးမှာဆို  မိုးတပေါက်နှစ်ပေါက်ကျလို့ လမ်းတွေ မြစ်ချောင်းဖြစ်၊ ရေကူးကန်တွေ ဖြစ်ကုန်ကြတာကို ကိုယ်တွေ စည်းမရှိကမ်းမရှိ အမှိုက်ပစ်ကြလို့ ရေမြောင်းတွေ ပိတ်စို့ကုန်တာကို မပြောဘဲ … အခုလို အချိန်မှာ ရေမတင်၊ လေမတိုး နေပူတော်မြို့ကြီးမှာ အေးအေးလူလူ၊ ပျက်တာကို ပျက်တယ်လို့မှတ်နေတဲ့ ဘဝရှင်မင်းတရာကြီးနဲ့ အပေါင်းအပါး ငါးရာကို စော်ကားမော်ကား စွပ်စွဲပြောဆိုနေကြတာ အဘ မင်းတို့က တရားရှိ သဘောထားကြီးပေလို့ ကံကောင်းတယ်။ သူတို့တွေ အရင်လို တရားမဲ့စိတ်နဲ့ဆို မလွယ်ဘူး။

ဘယ့်နှယ် ထစ်ကနဲဆို … ဘထိန်ကြီး ပြောလဲပြောစရာ … ကျီးကန်း Mentality (ကျီးကန်းစိတ်ဓါတ်) တွေနဲ့ ထိုးလိုက်ကြတာ … ဟိုရှေးရှေး မေ့သင့်လောက်တဲ့ ဆယ်စုနှစ်ကျော်က ရွှေပြည်ကြီးကို အသက်သွေးချွေးပေးဆပ်ပြီး အုပ်ချုပ်သွားခဲ့တဲ့ နိုင်ငံ့ ကျေးဇူးရှင် ရေမြေ့ရှင်သခင် မင်းတရားကြီးကို လက်ညှိုးထိုးပြီး “ဒီလောက် သယံဇာတ ပေါကြွယ်ဝ စွမ်းအင်ပြည့်ဝတဲ့ ဒီ တိုင်းဌာနေ ရွှေပြည်ကို တရားမဲ့ထင်ရာစိုင်း ဖျက်ဆီးခဲ့လို့၊ နောက်ဆုံး “ပြည်သူနဲ့အတူ” မနေနိုင်တော့၊ ယတြာ ဘာညာ ပေါက်လွှတ်ပဲစား အတွေးနဲ့ တနိုင်ငံလုံးကို နောက်ပြန်မလှည့် စွန့်ပစ်ခွါကာ၊ တထီးတနန်း နေပူတော်မြို့တော်ကြီးတည် ဇိမ်ကျနေတာ တရားသလား …” အဲ့ဂလို ကျေးဇူးကန်း ပြောဆိုသံတွေ ကြားရဖန်များတော့ xxx သူတော် xxx များအတွက် စိတ်မကောင်းဖြစ်မိ။ ကျုပ်ကတော့ အဲ့ဂလို မပြောထွက်၊ မပြောရဲပေါင်။

အဂယ်တော့… အတွေးတိမ်နဲ့ ကျုပ် စဉ်းစားကြည့်မိတာက … ရွှေပြည်သားတွေ အမြင်လွဲအယူမှားတွေကို ပြောင်းလဲချိန်မှာ ဖျောက်ဖျက်ဖို့ အချိန်တန်ပြီပေါ့။ ဘယ့်နှယ်ဟာ … တစိတ်ရှိ ဆယ်စုနှစ်ကျော်  တိုင်းကျိုးပြည်ကျိုးအတွက် ကိုယ်ကျိုးမကြည့် စွန့်စွန့်စားစား အုပ်ချုပ်သွားခဲ့သူတွေကို “နေပူတော်မှာ အဆီရစ်ဇိမ်ကျနေတဲ့ အသိဉာဏ်မဲ့၊ ဗိုလ်ရှုပ်ဗိုလ်ရမ်းကားတွေ လုပ် သွားခဲ့လို့ ဒီလောက် ထစ်ချုန်းမိုးလေးနဲ့ ကျုပ်တို့ မြို့ဟောင်းမြို့ပျက်ကြီး ရေအောက်ရောက်ခဲ့တာ” ဆိုတဲ့ စွပ်စွဲပြောဆို မှုတွေရပ်ပြီး … အိမ်နားက အမူးသမားတယောက် ပြောသလို “ကြောင်သေးပေါက်သလောက်မိုးနဲ့ ရေအောက်ရောက် (မီး ပျက်) အမှောင်ကမ္ဘာထဲကနေ ဗြစ်တောက်ဗြစ်တောက် ဖြစ်နေသူတွေ လက်ညှိုးငေါက်ငေါက်ထိုး မေးရပြောရမှာက ‘ခြေတ လှမ်း ဟိုဘက်ရောက်နေတဲ့ အဘမင်းတို့’ မဟုတ်ဘူး။ ဒီနေ့အထိ ခြေမကိုင်လက်မကိုင်၊ ယောင်တိယောင်ချာ၊ ဝေ့လည် ကြောင်ပတ်ဖြစ်နေတဲ့ ရေတွေနဲ့ဝေးရာ ကမ္ဘာမြေကြီးရဲ့ Gravity ကို ဆန့်ကျင်၊ ဂျက်ပါဝါနဲ့ လေထဲကိုပြေးခွာသွားမယ့် သူ တွေ၊ ‘အဆင့်မြင့်’ လူစီးကား၊ ကျောင်းကားတွေ စီစဉ်ပေးနေသူ၊ အချိန်မီ Water-Taxi တွေ စံနစ်တကျ စီမံပေးနေသူတွေ” တဲ့။

အဲ့ဂလို သူက မူးပြီးရမ်းတာကို … အဘမင်းတို့လို Thick-skinned အရေခွံထူသူတွေက အိုကေနိုင်ပေမယ့်၊ ဟို … Thin-skinned အရေခွံပါးတဲ့ ဒီနောက်ပိုင်းလူတွေက ပြောမရဘူး။ တော်ကြာနေ သူတို့လို ထောင်ကျတန်းကျ စွန့်စားခဲ့သူတွေကို “ငမူးက ငမူးလိုမနေ” နင်ပဲငဆ ပြောတယ်ဆိုပြီး စော်ကားမှု၊ အကြည်ညိုပျက်မှု၊ အသရေဖျက်မှုစတဲ့ ကြီးလေးတဲ့ပြစ်မှုတွေနဲ့ နောင်ခါလာ နောင်ခါဈေး (ရွေးကောက်ပွဲနီးမှာ အချိုးပြန်ပြောင်း)၊ အခုတော့ နောက်သားနောက်မြေးမှတ်၊ နောင်ကြဉ်အောင် လုပ်ပြစ်လိုက်လို့ ငမူး မမူးနိုင်ဘဲ နေသွားအုံးမယ်။ ဟင်း … ဟင်း  … ဘာမှတ်နေလဲ။ တွေ့တယ်မဟုတ်လား။  … ပြောင်း လဲချိန်တန် လွတ်လပ်တဲ့ ဒီမိုကရေစီခေတ်ကြီးမှာ ကိုလိုနီလက်သစ် အနောက်အားကိုး ဗြိတိသျှအလိုတော်ရိ စာရေးဆရာ တောင် ဗြိ ဂိသွားတာ … အဲ … ဆော်ရီး … သူက အရေခွံပါးတဲ့ ဟိုအုပ်စုရဲ့  ကျည်အထိုးခံရတာ။ ခွပ်ဒေါင်း အခွပ်ခံရတာ မ ဟုတ်ဘူး။

ဘယ်ဂလိုပဲဖြစ်ဖြစ် … အစိုးရနဲ့အတူ မလိုက်ကြတဲ့ ကျုပ်တို့တွေ အမှားပါ … မီးလေး ရက်ဆက်ပျက်တာကို ရေကြီးခွင် ကျယ်လုပ်၊  ပေါက္ခရဝဿမိုးကြောင့် ရေကြီးရေမြုပ်တာကို သတင်းလုပ် … အဂယ်တော့ … ဘထိန် သတိပေးခံရတဲ့ ကျီး ကန်းစိတ်ဓါတ်နဲ့ သတင်းသမားတွေ ဒီတခါ မိုးတိတ်တဲ့အခါ ပြန်ကျသွားမယ့် ရေဆိုးရေညစ် အမှိုက်ရေတွေနဲ့ သင်တို့ရဲ့  ဆီ လိုအပေါက်ရှာ လုပ်ဆောင်ချက်တွေကို မျှောချပစ်လိုက်ပါတော့။ အဲ့ဂလို မလုပ်ဘဲ … မဟုတ်မဟတ် သတင်းလုပ် အာနေထိုးနေကြရင်တော့ အခွံပါးတွေက … (ရွှေမှုံရတီအသံနဲ့) … “ဒီထက်ဒီထက် ပိုပိုပြီးဆိုးလာမယ် ဆိုရင်တော့ … ဟင်း … ဟင်း … အဲဒါပဲ ပြောချင်ပါတယ်” လို့ ဆိုနေကြတယ်။

ကဲ ရှိစေတော့ … ဖွဘုတ်မှာ ဖွသမားတယောက် ရေးခြစ်သွားတဲ့ မှတ်သားစရာ မှတ်ချက်နဲ့ အဆုံးသတ်ရရင် “ရေကြီးတာချင်း အတူတူ ဒို့အစိုးရလက်ထက်မှာ ကြီးတဲ့ရေက မညစ်ပတ်ဘူး” တဲ့။

မောင်မင်းကြီးသား၊ မောင်မင်းကြီးမ တော်ပါပေစွ။