တင်မိုး - သာဓုခေါ်ဖို့ စောင့်မျှော်ပါ အမေ


တင်မိုး - သာဓုခေါ်ဖို့ စောင့်မျှော်ပါ အမေ
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၇
မောင်စွမ်းရည်ရဲ့ အမေ
ဆုံးရှာချေသတဲ့။

အညာနွေအပူဒဏ်ကို
အမေ မခံနိုင်ရှာတော့ဘူး

မောင်စွမ်းရည်ရဲ့ အမေ
ငါ့ အမေပဲပေါ့။

အမေမှန်သမျှ ကျေးဇူးအနန္တ
အဝေးက
ဦးချပါတယ်။ အမျှဝေပါတယ်။

ကန်ဆင့်နဲ့မြင်းခြံ
ချောက်အတန်တန်
အခေါက်ခေါက် အပြန်ပြန်
ရန်ကုန်ရောက် မန္တလေးရောက်
အလှမ်းဝေးလွန်း စခန်းဝေးလွန်းလို့
မန္တလေးဟိုဘက်ကိုတော့ မရောက်နိုင်ရှာ
သားပျောက်လို့ အမေရှာ
ဝေဒနာတွေ သံယောဇဉ်တွေ
ပဲတီပင် အချဉ်ပေါက်သလို
ဟိုကပေါက် သည်ကပွား
အမေ့မှာ သောကများရှာရဲ့။

ထန်းတောကြား ပဲပင်၊ နှမ်းပင်ကြားက
မနားတမ်း၊ တလှုပ်လှုပ်
မပူရုပ်နဲ့ လူလုပ်နေရှာသတဲ့ အမေ
အခုတော့ နားချေပြီ။

အမေရဲ့ ခေါ်သံ
နောက်တဖန် မကြားနိုင်တော့ပြီ။

သားရဲ့ချစ်ခြင်း အရင်းတည်ပြီး
တပြည်လုံးကို မေတ္တာဖြင့် ဖြန့်ဝေတဲ့
အို… အမေ…..
မသေခင်ကာလ
ဆွေမျိုးသမီးသားတွေနဲ့
ဆုံနိုင်ခွင့် မရငြားနိုင်ပေမယ့်
နောက်များမှာ သားတွေ့ဆုံပြီး
ရွှေတိဂုံ ဖူးနိုင်ပါလိမ့်မယ်
အမေ့ကိုရည်စူး
အမေများစွာကို ရည်စူး
ဦးချပြီး အမျှဝေ
မေတ္တာရေ သွန်းလောင်းနိုင်ဖို့
ရဲဘော်အပေါင်း စိတ်တချောင်းတည်း
အကြံဥာဏ်ကောင်းထုတ်
အလုပ်လုပ်လျက်ပါ အမေ…။

နတ်ရွာကနေ သာဓုခေါ်ဖို့
စောင့်မျှော်နေပါဦး အမေရယ်။

(၃-၅-၉၉ နေ့မှာ ကွယ်လွန်ခဲ့တဲ့ မောင်စွမ်းရည်အမေ ဒေါ်တင်ကြည်အတွက်)
တင်မိုး  (၄-၅-၉၉)

စွမ်းအတွက် မိုး ရေးခဲ့တဲ့ ကဗျာ အမှတ်တရ ပြန်တင်ပါတယ်။ မိုးမခက ထုတ်ဝေမယ့် မောင်စွမ်းရည် သူငယ်ချင်း တင်မိုး - မိုးမခဆောင်းပါးများ စာအုပ်မှာလည်း ပါပါတယ်။ စောင့်မျှော်ကြပါ။