ကျော်ဟုန်း - အိုဘယ့် ရန်ကုန်

Photo - Aung Htet


ကျော်ဟုန်း - အိုဘယ့် ရန်ကုန်

(မိုးမခ) ဇွန် ၈၊ ၂၀၁၇


နောင် နှစ် ၂၀
စင်္ကာပူထက် သာမယ်
ရဲရဲကြီး ပြောစကားကို
လှောင်ပြောင်သရော်လေသလား ရန်ကုန်
၆၆ - ဃ နော်။

ဝါမဆို ဝါမခေါင်ခင်
မိုးကလေး သည်းသည်းပိုတော့
ရန်ကုန်က ရေမြုပ်ပြတယ်။

စင်္ကာပူ ငါးခြင်္သေ့ကြီးက
ရေတွေ အန်ပြရုံလေး
ငါတို့ ရန်ကုန်က ရေလျှံပြလိုက်တယ်
ရန်ဗင်းနစ်ကုန် ဖြစ်သွားရော
မင်းလောက်တော့သနားတယ် စင်္ကာာပူရေ
တကွက်ပြပဲ ရှိသေးတယ်
ရန်ဗင်းနစ်ကုန်ကွ။

YBS ဘတ်စ်တွေ
ဂျိန်းစ်ဘွန်းကားလို
ကုန်းပေါ်ရေထဲ ပြေးလွှား
လမ်းသွားလူ ရေစင် ယိုင်လဲလို့ 
ဒေါသထွက်နေတဲ့ လူအုပ်ကြီးက
ကားသမားကို ရိုက်မယ် သတ်မယ် တကဲကဲ။

ရေမစိုအောင်တဲ့
ကောင်မလေးကို ကောင်လေးပွေ့ ချီ
အချစ်ဆုံးပြကွက်တချို့ လည်း မြင်ရ။

လက်ဖက်ရည်ကြိုက်သူများ
ရေပေါ်ခုံမှာ အားပေးကြမ်းချက်
ခမ်းနားတဲ့ ဇရက်မင်းစည်းဇိမ်အပြည့်နဲ့  ဟန်ကျ့။

ရေပုပ်လျှံထဲ မျောပါလာတဲ့
ဗူးခွံ အမှိုက်စုံတွေက
မော်ဒယ်အလှနဲ့  အသစ်ဗျ။

သစ်ပင်ကျိုး ဓါတ်ကြိုးပြတ်တွေနဲ့ 
ကတ္တရာလမ်းက အဖတ်လိုက်ကွာ ချိုင့်ကျ
ဟိုအဘ လက်ထက်က စေတနာတွေ မြင်ရ။

တကယ်ပြန်စမ်းစစ်ရင်
ရှိပြီးသား လူ၂ ရပ်မြင့် ရေနုတ်မြောင်းကြီး
ဘယ်သောအခါမှ မပြုပြင်သလို
ဘယ်သောအခါမှ မြောင်းမရှင်းခဲ့တဲ့ အကျိုး။

ခုထိ အမှိုက်ကို
စနစ်တကျ မစွန့် ပစ်တတ်တဲ့ ယဉ်ကျေးမှုကြား
ရန်ကုန်ဟာ
အင်္ဂလိတ်ကို ကျွန်ပြန်ပြုခိုင်းရမလိုလို။

ပြုပြင်ထိန်းသိမ်းဖို့ 
ရေရှည်မျှော် မြို့ ပြစရိုက်ဆန်ဖို့ 
နည်းသိ စည်းရှိဖို့ လိုကြောင်း
ရန်ကုန်ဟာ ဗင်းနစ်မြို့ ပြလို
ဟန်ဆောင်ပြခဲ့လိုက်တာပါ။

အသိ သတိ ညီစေသောဝ်။ ။

ကျော်ဟုန်း
၂၀၁၇၀၆၀၄။