လင်းခါး ● အရင်းရှင်စနစ်ရဲ့ ဖရီးဝန်ဆောင်မှုတွေထဲ ကြီးပြင်းလာရသူ အချစ်ကလေးရေ့


လင်းခါး ● အရင်းရှင်စနစ်ရဲ့ ဖရီးဝန်ဆောင်မှုတွေထဲ ကြီးပြင်းလာရသူ အချစ်ကလေးရေ့
(မိုးမခ) ဇွန် ၃၊ ၂၀၁၇

အရင်းရှင်စနစ်ကို ကြည့်လိုက်ရင်
လောကနိဗ္ဗာန်အောက်ထပ်မှာ
အချစ်ကဗျာတွေ တထပ်ကြီးနဲ့ အမြဲပျော်နေ
မစားရသေးခင် အိုက်စခရင် အရည်ပျော်သွားတဲ့
လောကဓံလည်း ကြုံဖူး
ဦးနှောက်သွေးကြော မပေါက်အောင်
နတ်သုဒ္ဓါတွေ ခွေးကျွေးလိုက်ရတဲ့
စွန့်ခြင်းကြီးမျိုးလည်း ကြုံခဲ့ဖူးပြီဆိုတဲ့ဟန်နဲ့၊
တယောက်ယောက်ကို စိတ်နာနေတဲ့လူတွေပဲ
လမ်းကျဉ်းကလေးတွေမှာ တယောက်တည်း လမ်းလျှောက်ကြတာ
ဒုက္ခကြီးကြီး ရခဲ့ဖူးမှ
စမ်းရေစီးသံနဲ့
ပန်းကလေးတွေကို တကယ်ချစ်တတ်တာ
ဘဝဆိုတာ စမတ်ဖုန်းကောင်းကောင်းထဲမှာပဲ ရှိတယ်
ဒါ အရင်းရှင်စနစ်က လိုအပ်လို့ ရိုက်သွင်းလိုက်တဲ့
သံမှိုတွေချည့်ပါ။

ငွေမရှိရင် မိုးကြိုးအပစ်ခံရမယ်
ငွေရှိရင် မိုးကြိုးအပစ်ခံရချင် ခံရမယ်
မနာကျင်စေရဘူး
အရင်းရှင်စနစ်ဟာ
အစီရင်ခံစာရေးတယ်
ဝတ္ထု၊ ကဗျာ၊ ရသစာတမ်း ဖန်တီးတယ်
စောက်ရေးမပါပေမယ့် လူကြိုက်များတဲ့
အစီအစဉ်တွေ ထုတ်လွှင့်တယ်
ဇာတ်လမ်းတွဲတွေ ရိုက်ကူးတယ်
တယောက်ကိုယ် တယောက်
ဟေ့ စားပြီးပြီလား နေကောင်းရဲ့လား
မင်္ဂလာပါ နှုတ်ဆက်စေတယ်
အရင်းရှင်စနစ်ကြီးရဲ့ လူကြီးလူကောင်းပီသမှုကို
လူတော်တော်များများက မသိကြဘူး
အိတ်ကပ်ထဲမှာ ဖောင်တိန်က နှစ်တိန် ဆိုတာ
အောက်တန်းစား လည်စီးမပါတဲ့ကောင်တွေရဲ့ ဟာသပါ
လိမ္မော်သီးဟာ လိမ္မော်ရောင်ပေါ့ကွာတဲ့
အရူးတွေပဲ ခြေအိတ်ကို လိမ္မော်ရောင်ဝတ်မယ်တဲ့
ဝေါလမ်းက ဝံပုလွေတကောင်ကပြောတယ်
မင်းရဲ့ ဂျင်းဘောင်းဘီဒူးပြဲကနေ
မင်းညီလေးခေါင်းပြူထွက်လာတဲ့အထိ ရှည်နိုင်မှ
နို့ပြူးနေတဲ့ အရင်းရှင်ကောင်မရဲ့ ဘောင်းဘီထဲ ဝင်ဖို့ ကြိုးစားရမယ်တဲ့
ဝါကျက အရှည်ကြီးပဲ
အရင်းရှင်စနစ်ကို ဖြိုချပစ်ဖို့ တော်လှန်ရေးကလည်း ရှည်ကြာမယ်
ခု စလုပ်ရင် လုပ်
ဒါမှမဟုတ် သူ့ဘာသာသူ ပြိုကျသွားမယ့်နေ့ကို စောင့်ပေါ့
လိမ္မော်သီးတွေကတော့ ထာဝရလိမ္မော်ရောင်ပဲ
ငါ ကောင်းကောင်း နာမလည်ဘူး
ကောင်းသော အိပ်မက်တွေမက်ဖို့
သိန်းထောင်ဂဏန်းတန်တဲ့ ခေါင်းအုံးတွေ၊
ရွှေသားအတိ အိမ်သာကမုတ်တွေ၊
ဒီေ -ာက်ရေးမပါတဲ့ လိမ္မော်သီးတွေ
လိမ္မော်ရောင်တွေ
ငါ နားမလည်ဘူး
အရင်းရှင်စနစ်အကြောင်းကို တွေးမိရင်
ငါ အရင်ဆုံး ဘာတွေမြင်သလဲ သိလား
လိမ္မော်ရောင်အင်္ကျီနဲ့ မျက်နှာဖုံးအစိမ်းနဲ့ကောင်၊
အိုင်းယွန်းမန်း တို နီ စ တာ့၊
ဒီနှစ်ကောင်ပဲ
အရင်းရှင်စနစ်ကြီးကို နားမလည်တော့
ငါ သိပ်မုန်းတာပဲ
ဒီနှစ်ကောင်တော့ ချစ်ပါရစေပေါ့။ ။

လင်းခါး
မေ ၂၀၁၇