ဘာတေးလစ်တနာ - ဘေဂျင်းရဲ့ ပေါ်လစီ မျက်နှာ ၃ ဘက်



ဘာတေးလစ်တနာ - ဘေဂျင်းရဲ့ ပေါ်လစီ မျက်နှာ ၃ ဘက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နဲ့ မြန်မာ (ဗမာ) နိုင်ငံ - အပိုင်း ၉
(သိန်းမြင့် ဘာသာပြန်သည်) မိုးမခ၊ ဇွန် ၂၅၊ ၂၀၁၇


ဘေဂျင်း ရဲ့ ပေါ်လစီ ကတော့ မြန်မာနိုင်ငံ အမေရိကန်ပြည်ထောင်စူ နဲ့  ဆက်ဆံရေးတိုးတက်နေချိန်မှာ မြန်မာ အပေါ်ဖိအားပေးဖို့ဆိုတာ သံသယရှိစရာ မလိုပါဘူး။ မြန်မာ ကို အနောက်နိုင်ငံ များရဲ့ လက်ထဲ "အပါ"မခံနိုင်ဘူးလို့ တရုပ်က မှတ်ယူထားပါတယ်။  အခြားဒေသ တွင်း က ဇာတ်ဆောင်များ ဆက်နွယ်တဲ့  မြန်မာ
နိုင်ငံ ရဲ့ နိုင်ငံခြားဆက်ဆံရေး မှာလည်း သူရှုံးသလောက်ကိုမြတ်၊ သူမြတ်သလောက်ကိုယ်ရှုံး လို့သတ်မှတ်ထားပုံရပါတယ်။ အင်အားတောင့်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ဟာ တရုပ်ကို မဟာဗျူ ဟာမြောက် အကျိုးရှိစေပြီး၊ နေပြည်တော်နဲ့ စကားပြောရာမှာ တရုပ်အတွက်အသာစီးရနိုင်မယ့် အကြောင်းတစ်ခု ဖြစ်ပါတယ်။

သိသာ ထင်ရှာတဲ့အချက်က ၂၀၁၂ နိုဝင်္ဘာ တရုပ် လုပ်ကိုင်နေတဲ့ အငြင်းပွားဖွယ်ရာ ကြေးနီးမိုင်းစီမံကိန်း ကို ဆန္ဒပြနေတဲ့ ဒေသခံ ပြည်သူတွေနဲ့ မုံရွာမြို့မှာ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က သွားတွေ့ရာမှာ သူ ဗြောင်ပဲ ဝန်ခံပါတယ်။ "ကျွန်တော် တို့ တရုပ်ကို ကြောက်ရပါတယ်။( သူတို့ )နဲ့ ပြိုင်မတိုက်ရဲပါဘူး။သူတို့ရဲ့စီမံကိန်းတွေကို ကျွန်တော်တို့ ပိတ်သိမ်းလိုက်လို့ သူတို့ စိတ်ဆိုးသွားရင်  ကွန်မြူ နစ်တွေကို သူတို့ပြန်ထောက်ပံ့ လိမ့်မယ်။ နယ်စပ်ဒေသများ က စီးပွား ရေးဟာ နောက်ပြန်ကျသွားလိမ့်မယ်။ "

"ကွန်မြူ နစ်တွေ" လို့ သူတို့ပြောလိုက်တာ'ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်' နဲ့ သူ့ မဟာမိတ် များကို ရှင်းရှင်းလင်းလင်းရည် ညွှန်းလိုက်တာပါပဲ။ ဒီအဖွဲ့များထဲမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်MNDAA လည်းပါပါတယ်။ ကိုးကန့် အခြေစိုက် ယခင် ဗကပ တပ်ဟောင်း ၊ ၂၀၁၅ဖေဖေါ်ဝါရီမှာ ပြန်လက်နက်ကိုင် ပုန်ကန်တဲ့အဖွဲ့ ဖြစ်ပါတယ်။ တရုပ် ကတော့ ထင်တဲ့အတိုင်း ဒီပဋိပက္ခမှာ မပါဘူးလို့ ငြင်းပါတယ်။ဒါပေမယ့် MNDAA ရဲ့ လက်နက်များနဲ့ အရေအတွက်များပြားလှတဲ့ ခဲယမ်းမီးကျောက်များဟာ UWSA
ကပံ့ပိုးပေးထားတဲ့ အချက်ရှိနေပါတယ်။ တရုပ်ကတော့` UWSA ကို ရုပ်ဝတ္ထု ပစ္စည်းဘာမျှမထောက်ပံ့ထားဘူးလို့ အမြဲငြင်း ပါတယ်။ 

ဒါပေမယ် မကြာသေးမီက UWSA ကို ရောက်လာတဲ့ လက်နက်များထဲမှာ လူတစ်ယောက်တည်းသယ်နိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ်များ၊ အမြောက်ကြီးများနဲ့အခြားခေတ်မီ ဆန်းပြားတဲ့ စစ်လက်နက်ပစ္စည်းများပါဝင်ပါတယ်။ ဒီလက်နက်များဟာ လက်နက်မှောင်ခိုဈေးကွက်
မှာ ဝယ်လိုရတဲ့ ပစ္စည်းမျိုးလည်းမဟုတ်သလို၊ ယူနန် ပြည်နယ်က ဒေသအစိုးရ အရာရှိ အချို့က ပေးပို့ နိုင်တဲ့ပစ္စည်းမျိုးလည်း မဟုတ်ပါဘူး။ ဒီပေးပို့မှု ဟာ ဘေဂျင်း က တရုတ်ထောက်လှမ်းရေး နဲ့ စစ်တပ်
အာဏာပိုင်များ ရဲ့ အမြင်ဆုံးအဆင့်က တိုက်ရိုက်ညွှန်ကြားတယ်ဆိုတာ လုံးဝ ကျိန်းသေပါတယ်။

အတွင်းသိ သတင်းရင်းမြစ်တခု အရ ကိုးကန့် မှာ တရုတ်က မြန်မာအစိုးရ ကို သွယ်ဝိုက် သင်္ခန်းစာပေးလိုက်တာဆိုပါတယ်။  "အနောက်ဘက်ကို များများယိမ်း၊ ဒိလိုဖြစ်လိမ့်မယ်။ "ဆိုတာပါ။ တချိန်တည်းမှာပဲ ဘေဂျင်းဟာ အပျော့ဆွဲနည်း ဖဲတချပ် ကို ချကစားပြပါတယ်။ မြန်မာနိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များကို တရုပ်ပြည်ကို စားရိပ်ငြိမ်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ အစိုးရ နဲ့ အမျိုးပေါင်းစုံလှတဲ့ လူမျိုးစု သူပုန်တွေကြားက " ငြိမ်းချမ်းရေး စကားဝိုင်း" ဆိုတာကို တက်ကြွစွာပါဝင် လှုပ်ရှားပါတယ်။ တရုတ်ဟာ တော်လှန်ရေး
ကို ထုတ်ကုန်အဖြစ်တင်ပို့လိုတာပဲဖြစ်ဖြစ်၊ ကုန်သွယ်ရေး အကျိုးစီးပွားများကို တိုးချဲ့ လို၊ ကာကွယ်လို တာပဲဖြစ်ဖြစ် မြန်မာပြည်ထဲမှာ အခိုင်အမာ ခြေ ချ ထားဖို့ လိုတယ်လို့ သူ သိရှိထားတာ သိသာပါတယ်။ ဒီကိစ္စ နဲ့ ပါတ်သက်ရင် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် နဲ့ သူ့ အဖွဲ့တွေထက် ပိုကောင်းတဲ့ ပိုသစ္စာရှိတဲ့ မဟာမိတ် မရှိပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အာရှရေးရာ အထူးသံတမန် ဆွန်ကော့ရှန် ဟာ မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လူသိရှင်ကြား ထောက်ခံကြောင်း အကြိမ်ကြိမ် အခါခါ ပြောဖူးပါတယ်။ ၂၀၁၇ဖေဖေါ်ဝါရီ မှာ မြန်မာ က အပစ်အခတ်ရပ်စဲထားတဲ့ လူမျိုးစု သူပုန်အဖွဲ့ နှစ်ခု နဲ့ ဆွေးနွေးပွဲ မှတ်တမ်း များအရ ဆွန်က " တရုတ် ဟာ မြန်မာ နိုင်ငံအပေါ် တမူထူးခြားတဲ့ နိုင်ငံခြားရေးမူဝါဒ ထားရှိပြီး၊ မြန်မာ ရဲ့ အချုပ်အခြာအာဏာပိုင်မှု ကို လေးစားပါတယ်။ ကျွန်တော်တို့ ဟာ ရင်းနှီးချစ်ကြည်တဲ့ အိမ်နီးချင်းတစ်ယောက်ရဲ့ ဝတ္တရားများကို ထမ်းဆောင်နေခြင်းသာဖြစ်ပါတယ်။ "လို့ ပြောခဲ့ပါတယ်။
"ဆွန်" ရဲ့ဖေါ်ရွေပျူ ငှါတဲ့စကားသံနဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် က အခြားလူမျိုးစု သူပုန်အဖွဲ့ ခုနစ်ဖွဲ့နဲ့ပူးတွဲပြီး မြန်မာ အစိုးရရဲ့ "နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်" ကိုဆန့်ကျင်ကြောင်း (တချိန်တည်းမှာ)ပေးပို့တဲ့ တင်းမာတဲ့ အကြောင်းကြားစာနဲ့  လုံးဝ ဆန့်ကျင်ကွဲပြားနေပါတယ်။ချိတ်ဆက်ပြီး တပြိုင်နက်ပေါ်ထွက်လာတဲ့ ဒီလုပ်ဆောင်ချင်နှစ်ခုဟာ လေ့လာစောင့်ကြည့်နေသူတွေကို အံအားသင့်သွားစေပါတယ်။
ဦးသိန်းစိန် အစိုးရထံက ဒေါ်အောင်ဆန်းစုကြည် အမွေဆက်ခံ ရရှိထားတဲ့ ဒေါ်စုရဲ့ ငြိမ်းချမ်းရေးအစပျိုးမှု အပေါ် တရုတ် ရဲ့ သဘောထားအမှန်က ဘယ်လိုလဲ ဆိုတဲ့ မေးခွန်းအသစ် ကို မေးဖို့ဖြစ်လာ ပါတယ်။ သူပုန် အုပ်စု ၇ စု ဟာ အစိုးရ ရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက်ကို ပယ်ချ လိုက်ပြီး ဆယ်စုနှစ်များစွာ ရှည်ကြာနေပြီဖြစ်တဲ့ မြန်မာ ပြည်တွင်းစစ်ကို ဖြေရှင်းဖို့ ပိုမိုပြီး တိုက်ရိုက်ကျမယ့် နိုင်ငံရေးချဉ်းကပ်မှု များလုပ်ဖို့ တောင်းဆိုတာပါ။

တရုတ်ရဲ့ မြန်မာ အပေါ်ထားရှိတဲ့ အလွှာများစွာရှိတဲ့ ပေါ်လစီ ဟာ တမူထူးခြား တယ် လို့ ဆွန် ပြောခဲ့တာမှန်ပါတယ်။ အပြင်လူများအတွက်ကတော့ ဒီပေါ်လစီ မှာ တစ်ခု နဲ့ တစ်ခု ဆန့်ကျင်နေတာတွေ ကိုတွေ့ရမှာပါ။ အသေအချာ လေ့လာ ကြည့်ရင်တော့ တရုတ် နိုင်ငံခြားရေးမူဝါဒ မှာ သူတို့ကိုယ်ပိုင် ယုတ္တိဗေဒ ရှိပါတယ်။ အထူး သံတမန် ဆွန် ရဲ့ အပြုသဘောဆောင်တဲ့ သတင်းစကားက တရုပ်ဒစ်ပလိုမေစီ( သံခင်းတမန်ခင်း)ရဲ့ အပေါ်ဆုံးမျက်နှာပြင်အလွှာပါ။ သူနဲ့ ဆက်ဆံတဲ့ ဒေသတွင်းနိုင်ငံများ နဲ့ " ခင်ခင်မင်မင်"  " ချစ်ချစ်ကြည်ကြည်" ရှိတယ်လို့သွင်ပြင်လက္ခဏာ ပုံဖေါ်ထားတာပါ။

ဒုတိယ အလွှာကတော့ တရုပ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မီတီ နိုင်ငံတကာဆက်ဆံရေးဋ္ဌာန( ILD/CPC )ပါ။ ဒီဋ္ဌာနကို ၁၉၅၀ခုနှစ်များက အခြား ကွန်မြူ နစ်ပါတီ များနဲ့ ဆက်ဆံရေး ဖွံဖြိုးတိုးတက်ပြီး  တကမ္ဘာလုံးမှာရှိတဲ့ ကွန်မြူ နစ်တော်လှန်ရေး လှုပ်ရှားမှုများကို  ထောက်ခံဖို့ ဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ် ယခုကာလများမှာတော့ ( ILD/CPC )က ပုဂ္ဂိုလ်များကိုကွန်ဖရင့်များမှာ အယူဝါဒ အသွေး အရောင်စုံတဲ့ နိုင်ငံရေးပါတီများမှ အကောင် များနဲ့ ရင်းနှီးစွာ ပြောဆိုပွဲကျ နေကြတာကို မကြာခဏ တွေ့ရပါတယ်။( ILD/CPC ) ဟာ နိုင်ငံမဲ့ အုပ်စု အမ် ဳိးမ် ုိး ကို လည်း ထောက်ခံပါသေးတယ်။ တရုတ် ရဲ့ ရေရှည် မဟာဗျူ ဟာ နဲ့ စီးပွားရေးအကျိုး ကို ထမ်းရွက် ပေးမယ့်"ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်" လို အဖွဲ့မျိုးကို ပါ။

တတိယအလွှာကတော့ ကမ္ဘာ တဝှမ်း က အခြားစစ်တပ်များ နဲ့ ဆက်ဆံရေးထူထောင်ထားတဲ့တရုတ်"ပြည်သူ့လွတ်မြောက်ရေး တပ်မတော်"ပါ။ နိုင်ငံခြားက အစိုးရ ရော အစိုးရမဟုတ်တဲ့ ဖောက်သည်များကို ကိုယ်တိုင်ဖြစ်စေ ကြားခံကုမ္ပဏီ ကတဆင့်ဖြစ်စေ တရုပ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလက်နက်ရောင်းချပါတယ်။ ဒါ့အပြင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် လို 'အခွင့်အရေးရ' အဖွဲ့ များကိုလည်း လက်နက်မျိုးစုံ ထောက်ပံပါတယ်။ ထို လက်နက်များထဲမှ အချို့ဟာ အစိုးရ ကိုတိုက်ခိုက်နေတဲ အခြား
လူမျိုး စု သူပုန်များကိုခွဲဝေ ပေးပါတယ်။

တရုတ်ဟာ သူ့စီးပွားရေးစံနစ်ကို တင်းကြပ်စွာချုပ်ကိုင်ထားတဲ့  ဆိုရှယ်လစ်စံနစ်ကနေ လွတ်လပ်တဲ့ အရင်းရှင်စံနစ်ကိုပြောင်းပေးခဲ့ပေမယ့် နိုင်ငံရေးအရတော့ တစ်ပါတီပဲ အုပ်ချုပ်တဲ့ အာဏာရှင်နိုင်ငံပါ။ တရုတ် ကွန်မြူ နစ်ပါတီ ဟာ အစိုးရ ရဲ့ အထက်မှာရှိပြီးတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဟာ ပါတီ ရဲ့ လက်နက်ကိုင် အစိတ်အပိုင်းပဲဖြစ်ပါတယ်။ အစိုးရ - အစိုးရချင်း၊ ပါတီ-ပါတီချင်း ဆက်ဆံရေး ဆိုတဲ့ ပေါ်လစီဟောင်းကြီးကတော့  မပြောင်းလဲ သေးပါဘူး။

တဆက်တည်း ပြောရရင် မြန်မာပြည်ရဲ့ နိုင်ငံရေးဇာတ်ဆောင်များစွာနဲ့ ဆက်ဆံ ဖြေရှင်းရတဲ့ တရုတ် ရဲ့ အဓိကလူဟာ ဆွန်ကော့ရှန် မဟုတ်ပဲ " ဆောင်တောင်း" သာဖြစ်ပါတယ်။ တရုပ်ကွန်မြူ နစ်ပါတီ
ဗဟိုကော်မီတီ နိုင်ငံတကာဆက်ဆံရေးဋ္ဌာန( ILD/CPC )ရဲ့ ဋ္ဌာနမှူးပါ။ ဝါရင့်နိုင်ငံရေးသမား နဲ့ သံတမန် တစ်ဦးဖြစ်တဲ့ 'ဆောင် ' ဟာ ဩစတြေးလီးယား က မိုနာ့ရှ် တက္ကသိုလ် မှာ ပညာသင်ကြားခဲ့သူပါ။
၂၀၀၀ပြည့်နှစ်အစောပိုင်းမှာ အိန္ဒိယ နိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီးရဲ့ လက်ထောက်လုပ်ခဲ့ပြီး ဂိုင်ယာနာ နဲ့ ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ တရုတ်သံအမတ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၅ အောက်တိုဘာ မှာ ဆောင် ဟာ အများစိတ်ဝင်စားတဲ့ မြောက်ကိုရီးယား ခရီးစဉ် ကိုသွားခဲ့ပြီး၊ နောက်တလ မှာ တရုပ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မီတီ နိုင်ငံတကာဆက်ဆံရေးဋ္ဌာန ( ILD/CPC )ဋ္ဌာနမှူး ရာထူးကို ယခင်ဋ္ဌာနမှူး'ဝမ်ကြားရီ' ထံကလွှဲ ပြောင်းယူခဲ့ပါတယ်။

 ' ဝမ်ကြားရီ' ဟာ တရုတ်ကွန်မြူနစ်ပါတီ ကေဒါဟောင်းကြီးဖြစ်ပြီး မြောက်ကိုရီးယား၊ ကျူးဘား၊ ဗီယက်နမ်လို နိုင်ငံများ က ကွန်မြူ နစ်ပါတီဝင်များနဲ့ ဆက်သွယ်မှု ကို ထိန်းသိမ်းရတဲ့ အကြီးအကဲတယောက်ပါ။ 'ဆောင်တောင်း' ဟာ'ဆွန်ကော့ရှန်' လို လူသိမများပေမယ့် သူဟာ ကန့်လန့်ကာ နောက်ကွယ်က တက်ကြွစွာလှုပ်ရှားတတ်သူလို့ သိကြပါတယ်။ မြန်မာ နိုင်ငံရေးသမားတွေ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ရာမှာ နေပြည်တော်ထက် ဘေဂျင်းမှာ တွေ့ရတာ ပိုသဘောကျသူ မှန်း သိသာတယ်လို့ဆိုပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မစမီ ရက်သတ္တပါတ် တစ်ပါတ် အနည်းငယ်အလိုလေး မှာ ' ဆောင်တောင်း ' နဲ့ နေပြည်တော်မှာတွေ့ခဲ့ပါတယ်။တရုတ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ အစိုးရ-အစိုးရခြင်း ဆက်ဆံရေး ကို UWSAကဲ့သို့အုပ်စုများနဲ့  တရုတ် ကွန်မြူ နစ်ပါတီ ရဲ့ ပါတီ-ပါတီချင်း
ဆက်ဆံရေး နဲ့ ခွဲခြားထားခြင်း၊ တရုတ် ကွန်မြူ နစ်ပါတီ က တရုတ်အစိုးရ ရဲ့ အထက်မှာနေရာယူထားခြင်း ဆိုတဲ့ အချက်တွေက၊  တရုတ် အစိုးရက မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိုချီးကျူး နေတဲ့  တချိန်တည်းမှာ UWSA ကို လက်နက်ခဲယမ်း မြောက်များစွာ တိတ်တဆိတ် ဘာကြောင့်ထောက်ပံ့ နေသလဲဆိုတဲ့ အချက်ကို ရှင်းပြနိုင်မှာဖြစ်ပါတယ်။

အနောက်ဒီမိုကရေစီ နိုင်ငံများ နဲ့မတူပဲ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဟာ ပေါ်လစီခေါင်းဆောင်ချမှတ်သူမဟုတ်ပါဘူး။ သူ့နေရာမှာတရုတ် ကွန်မြူ နစ်ပါတီ က မတူတဲ့ ဆက်ဆံရေး အဆင့်သုံးဆင့်
လုံးမှာအမြဲ ဝင်ပါနေတာဖြစ်ပါတယ် ။နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဟာ လူရှေ့သူရှေ့ မျက်နှာထွက်ပြရသူဖြစ်ပြီး၊ သူ့ရဲ့ပေါ်လစီများက  သူနဲ့ဆက်ဆံနေရတဲ့ဒေသတွင်းနိုင်ငံများနဲ့ "ချစ်ချစ်ခင်ခင် " " ရင်းရင်းနှီးနှီး" အမြဲလုပ်ပြရပါတယ်။ ဒါပေမယ့်လည်း တရုတ် ကွန်မြူ နစ်ပါတီ နဲ့ မြန်မာ အစိုးရ ၊ လူမျိုးစုသူပုန်အဖွဲ့များနဲ့ ဆက်ဆံရေးကို ပိုမိုနားလည်အောင် သရုပ်ဖေါ်ချင်ရင်၊ ( တရုတ် ကွန်မြူ နစ်ပါတီ ကပဲ အုပ်စီးထားတဲ့ ) အခြား အဆင့် နှစ်ခုကိုပါ စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။

 အောင်ဆန်းစုကြည်၊ ဒီမိုကရေစီရေးလှုပ်ရှာသူများ၊ ဂျာနယ်လစ်များ ကို ကူပံ့ဆက်သွယ်မှု တဟုန်ထိုး တိုးတက်လာတာ( ၂၀၁၂ခုနှစ်ကစလို တရုတ်ပြည်ကို လေ့လာရေး ခရီးစဉ်များ မရေမတွက်နိုင်အောင် ပို့ဆောင်ပေးခဲ့ခြင်းအပါအဝင်) ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကို တရုတ် က အကူအညီပေးနေတာတွေဟာ အနှစ်သာရအားဖြင့် အတူတူပဲဖြစ်တဲ့ မဟာဗျူ ဟာ ရည်မှန်းချက် အတွက်ပဲဖြစ်ပါတယ် ။နေပြည်တော်ကနေပြီး ကြိုးထိုင်ဆွဲနေတဲ့ စစ်တပ်အပေါ် ဖိအားပေးဖို့ပါ။ အနာဂါတ် အတွက် တပ် ရဲ့ ရွေးချယ်မှု များကို လမ်းဖွင့်ထားစေဖို့ ဖြစ်ပါတယ်။ တရုတ်ရဲ့ အဓိက ရည်မှန်းချက်ကတော့ သူ့ ရဲ့မရှိမဖြစ်လိုအပ်နေတဲ့ မြန်မာ စင်္ကြန် ကို လုံခြုံစိတ်ချရစေရေးပဲဖြစ်ပါတယ်။

( ဆက်လက် ဖေါ်ပြပါမည် )