အောင်မော်ဦး ● ကျီးမနိုးပွဲ

အောင်မော်ဦး ● ကျီးမနိုးပွဲ
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၇

ပြောခဲ့ပြီးသားစကားပဲ ထပ်ပြောရရင်
အစိုးရနဲ့ မီဒီယာဆိုတာ
သိဒ္ဓထ္ထနဲ့ ပဉ္စသိင်္ခပါ မေမေ

ပြည်သူကို ဗဟိုပြုလို့
မဏ္ဍိုင်တခုနဲ့တခု အပြန်အလှန်ထိန်းကျောင်းရင်း
ခေတ်ပြောင်းအောင်လည်းမောင်းနှင်
ခေတ်ကောင်းအောင်လည်းမောင်းနှင်
ရာဇဝင်တွင်အောင် ကဗ္ဗည်းတင်ကြတဲ့အခါ
မခနဲ့ကြစကောင်း ကိုယ့်လမ်းကြောင်းနဲ့ကိုယ်ပေါ့

လွှတ်လှတဲ့ ပုဒ်မဆိုတာ
ဘယ်ခေတ်မှာများ ရှိခဲ့ဖူးလို့လည်း

နာမည်ကြီးကြီးလာနေတဲ့ ပုဒ်မတခုဟာ
နာမည်ပျက်ပျက်လာနေတဲ့
အာဏာရှင်စနစ်ရဲ့  ဝိသေသတခုများလား
ခင်ဗျားတို့ ပြောပြောနေတဲ့
ပုဒ်မ ၆၆ ဃ ဆိုတာကြီးပေါ့

ထားပါလေ
မြွေမြွေချင်း ခြေမြင်နေကြတာပဲဗျာ
ခေတ်ကြီးက လှည့်ဖျားရလောက်အောင်
ဆိတ်ကွယ်ရာ မရှားလှပါဘူး

ကျနော်တို့ကို ကျီးတွေလို့ပြောပြီး
သူတို့က
ကျီးမနိုးပွဲ လုပ်ကြမလို့လား မေမေ

ဒဏ္ဍာရီလာ ဆေးပေါင်းခတဲ့ညဟာ
ဟောဒီ တခေတ်လုံးပဲ ပျောက်ရှနေခဲ့တယ်။

အောင်မော်ဦး
ဇွန်၊ ၁၆၊ ၂၀၁၇။