နိုင်ငံတကာနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဘကြီးမိုး


 နိုင်ငံတကာနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဘကြီးမိုး 
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇွန် ၉၊ ၂၀၁၇
 
ဇွန်လ ၃ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသခံနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးထံ သွားရောက်တွေ့ဆုံပါတယ်။
ဆေးဝါးကုသမှုပေးနေကြတဲ့ ဆရာဝန် ကြီးများအား အန်ကယ်ဦးတင်ဦးရောဂါအခြေအနေများ မေးမြန်းစုံစမ်းခဲ့ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက်မေးမြန်းချိန်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုတို့ လိုက်ပါကြောင်း သတင်းနဲ့ဖော်ပြပါတယ်။

အန်ကယ်ဦးတင်ဦး၊ ဦးဖြိုးမင်းသိန်းနဲ့ ဘကြီးမိုးတို့ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း သုံးနှစ်ပြည့်မှာ သုံးယောက်သား ဆုံစည်းခဲ့ကြသည်ကို အမှတ်ရမိပါတယ်။ တော်ဝင်နှင်းဆီခန်းမ မင်းလမ်းရဲ့ ညာ ဘက်ခြမ်းတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထိုင်နေပြီး ဘယ်ဘက် ဘေးတွင် အန်ကယ်ဦးတင်ဦးနဲ့ ဘကြီးမိုး ထိုင်ကြပါတယ်။ အမှတ်တရစကား ပြော ကြစဉ် အန်ကယ်ဦးတင်ဦးက ကြော့ကြော့ မော့မော့လေး စင်ပေါ်တက်သွားပြီး ဘကြီး မိုးကတော့ လူအတွဲနဲ့ တက်ရပါတယ်။ ဆင်းတော့လည်း လာရောက် တွဲဆင်းရတာပါပဲ။ အဲသည်နေ့ဟာ အန်ကယ်ဦးတင် ဦးကို နေမကောင်းမဖြစ်မီ ဘကြီးမိုးတွေ့ရခြင်း ဖြစ်ပါတယ်။ အန်ကယ် ဦးတင်ဦး လဲကျနေထိုင်မကောင်းကြောင်း သတင်း ကို ဘကြီးမိုး ချက်ချင်း ကြားသိရပါတယ်။ ဆေးရုံကြီး ICU အထူးကြပ်မတ်ဆောင်မှာ တက်နေကြောင်း၊ သက်သာသည့် သတင်းကိုလည်း ကြားသိရပါတယ်။

ဆေးရုံကြီး အထူးကြပ်မတ်ဆောင်ကို ဘကြီးမိုး သွားရန် မလွယ်ပါ။ ဆေးရုံကြီး အပေါ်ထပ် လှေကားနှစ်ဆင့်တက်၊နောက် ကွေ့ဝိုက်ပြီး ကော်ရစ်ဒါကို လျှောက်၊ ကော် ရစ်ဒါမှ တော်တော်လျှောက်ပါမှ အထူး ကြပ်မတ်ဆောင်သို့ ရောက်တာ ဖြစ်ပါ တယ်။ အထူးကြပ်မတ်ဆောင်ထဲဝင်ဖို့က နှစ်ဆင့်ဝင်ရပါတယ်။ ဘကြီးမိုး အန်ကယ့်ဆီမသွားဖြစ်ခဲ့ပါ။ အန်ကယ်ကြီး၏ ကျန်း မာရေးတိုးတက်မှုသတင်းကိုသာ နားစွင့်နေရပါတယ်။
အန်ကယ်ဦးတင်ဦးနဲ့ ဘကြီးမိုးတို့ဟာ ပွဲတော်တော်များများ အတူတက်ကြရပြီး ဘကြီးမိုးထက် အသက် ၁၀ နှစ် ကြီးတဲ့ အန်ကယ်က ဘယ်စင်မြင့်မဆို ကြော့ ကြော့မော့မော့လေးတက်သွားပြီး ဘကြီးမိုးကတော့ တုတ်ကောက်နဲ့၊ စင်ပေါ်တက် ပြန်တော့လည်း လူတွဲနဲ့ ဖြစ်ပါတယ်။စင်ပေါ်မှာစကားပြောတဲ့အခါမှာလည်း အန်ကယ်ကြီးက ရှည်ရှည်လျားလျား တဖွဲ့တနွဲ့ ပြည့်ပြည့်စုံစုံပြောနိုင်သော်လည်း ဘကြီးမိုးက လိုတိုရှင်းလောက်သာ ပြော နိုင်ပါတယ်။

ဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ငံရေး အကျဉ်းသားများ အလှူငွေပေးအပ်ပွဲမှာလည်း ဦးတင်ဦးက နာယကမိန့်ခွန်းကို ထိုင်ရာမှ ထပြောပေမဲ့ ဘကြီးမိုးကတော့ ပရိသတ်ကို တောင်းပန်ကာ ထိုင်လျက်သာ စကားပြောခဲ့ရပါတယ်။
ယခုလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က အန်ကယ်ဦးတင်ဦးထံ မေးမြန်း အားပေးနေချိန်တွင် ဘကြီးမိုး အန်ကယ်ကြီးထံ မရောက်နိုင်ကြောင်း တွေးနေမိပါ တယ်။
ဇွန် ၃ ရက် အန်ကယ်ဦးတင်ဦးကို သတင်းမေးပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကနေဒါနဲ့ ဆွီဒင်နိုင်ငံများသို့ ချစ်ကြည်ရေးခရီးထွက်မည် ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတကာ၏ ဖိတ်ကြားခြင်းကို ခံရသူဖြစ်ပြီး ဖိတ်ကြားသည့်တိုင်းပြည်တိုင်းကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝမ်းပန်းတသာ ကြိုဆိုကြကြောင်းတွေ့သိရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပိုးလမ်းမ အစီအစဉ်နဲ့ပတ်သက်၍မူ မြန်မာနိုင်ငံ၏ အရေးပါမှုကို အားလုံး သတိမူမိနေကြရပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံအကြားတွင် တည်ရှိပြီး တရုတ်ပြည်ရဲ့ ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်သည် မြန်မာ ပြည်၏ ကျောက်ဖြူဆိပ်ကမ်းဖြစ်သလို ကျောက်ဖြူမှ ရေနံပိုက်လိုင်းဖြင့် ယူနန် ပြည်နယ်သို့ တင်ပို့နေပြီ ဖြစ်ပါတယ်။ ပထဝီ  အနေအထားအရ မြန်မာနိုင်ငံသည် ဘင်္ဂ လားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့နဲ့အတူ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံဒေသ၏ ကုန်သွယ်မှုဆက်သွယ်ရေးလမ်း ကြောင်းပေါ်တွင် တည်နေခြင်း ဖြစ်ပါ တယ်။ သည်တော့ ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံဟာ အလွန်အရေးပါအရာ ရောက်တဲ့ အနေအထားမှာ ရှိပါတယ်။ ထိုနည်းတူ နှစ်ပေါင်း ၇၀ လောက် တပ်ရဲ့ အောက်မှာရှိနေခဲ့တဲ့ မြန်မာရဲ့ နိုင်ငံရေး သမိုင်းဟာ ၂၀ဝ၈ အခြေခံဥပဒေအရ လွှတ်တော်အစိုးရဖြစ်လာတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရဟာ စစ်တပ်အုပ်ချုပ်ရေး မှသည် လွှတ်တော်အစိုးရအုပ်ချုပ်ရေးသို့ ပြောင်းလဲခဲ့ပါတယ်။ အဲသည် လွှတ်တော် အစိုးရဆိုတာကလည်း အရင်တပ်ရဲ့ လူမှုအဖွဲ့အစည်းဆိုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးကို ပါတီအသွင်ပြောင်း အရွေးခံ အနိုင်ရခဲ့တာဖြစ် ပါတယ်။ အဲသည် ဦးသိန်းစိန်ရဲ့ လွှတ်တော်အစိုးရဟာ ၂၀၁၂ မှာ ကြားဖြတ်လုပ် ပေးပြီး အင်န်အယ်လ်ဒီကို ဝင်ပြိုင်စေခဲ့ရာ အ နိုင်ရစေခဲ့ပါတယ်။ ကြားဖြတ်မှာ အနိုင်ရ တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န် အယ်လ်ဒီ ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ကို အပြတ်အသတ်အနိုင်ရပြီး အင်န်အယ်လ်ဒီ အစိုးရဖွဲ့စည်းလာနိုင်ခဲ့ပါ တယ်။ သမ္မတ ဦးထင်ကျော် ဖြစ်လာပြီး ဒေါ်အောင်ဆန်းစု ကြည်က အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါ တယ်။

အင်န် အယ်လ်ဒီ အစိုးရမှာလည်း လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းဟာ တပ် ကိုယ်စားလှယ်ရှိနေသလို ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ကိုလည်း လွှတ်တော် အစိုးရကကိုင်တွယ်ခွင့်မရခဲ့ပါဘူး။ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က အပစ်အ ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် လက် မှတ်ထိုးထားသူများ၊ မထိုးထားသူများရှိ နေရာက ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံဆိုပြီး ငြိမ်းချမ်းရေး ညီလာခံကြီးကို နှစ်ကြိမ်မြောက် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲသည် ညီလာခံကြီးရဲ့   အဓိကပန်းတိုင်ကတော့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးပဲ ဖြစ်ပါတယ်။

အဲသည်လိုလုပ်ကိုင်ဆောင်ရွက်ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ပြည်တွင်းမှာ တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်များအား လုံး ရင်ကြားစေ့ရေးကို ဆောင်ရွက်နေပြီး နိုင်ငံတကာ ထောက်ခံမှုလည်း လိုအပ်ပါတယ်။

ဆွီဒင်ကို သွားရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖက်ဒရယ်ပြည် ထောင်စုပေါ်ထွက်ရေးအတွက် အရေးကြီးလှပါကြောင်း။

ဘကြီးမိုး