ဗိုလ်ထက်မင်း - ဓါးတောင်နဲ့မီးပင်လယ်ကို ၂၁ပင်လုံ ဘယ်လို ကျော်ရမှာလဲ - အပိုင်း ၃


ဗိုလ်ထက်မင်း - ဓါးတောင်နဲ့မီးပင်လယ်ကို ၂၁ပင်လုံ ဘယ်လို ကျော်ရမှာလဲ - အပိုင်း ၃
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၇

ဆက်ဆံရေးရုံးရဲ့ အားကောင်းမောင်းသန်က ဘာလဲ

၂၂။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးအောင် ပုံရိပ်ကျဆင်းစေမည့်အချက်ကတော့ စနက်တံလို အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဆက်ဆံရေးရုံးရဲ့လှုပ်ရှားဆောင်ရွက်မှုနဲ့ စိန်ခေါ်မှုတွေကို မဖြေရှင်းပေးနိုင်သေးတာ ဖြစ်ပါတယ်။ ဆက်ဆံရေးရုံးတွေဟာ တပ်မတော်နဲ့EAOs တို့အကြားနှစ်ဖက်နားလည်မှုလွဲပြီး ထိတွေ့မှု၊ တိုက်ပွဲမဖြစ်ပွါးစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရတဲ့ ရုံးဖြစ်တယ်လို့ ယေဘူယျ နားလည်ထားပါတယ်။ တကယ်တမ်း ဆက်ဆံရေးရုံးရဲ့ အဓိကတာဝန်ဟာ ကြီးမားနက်ရှိုင်းပြီး ကျယ်ပြန့်လှပါတယ်။ အထူးသဖြင့် NCA လက်မှတ်ထိုးတားတဲ့ EAOs အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲ၊ ထိတွေ့မှု တစုံတရာဖြစ်ပါက လက်မှတ်မထိုးရသေးတဲ့ EAOs အဖွဲ့တွေက NCA မခိုင်မာဖူးလို့ စွပ်စွဲလာကြပြန်တယ်။ UWSA မှ ဦးကျောက်ကော်အန်းက NCA ထိုးထားတဲ့ RCSS/SSA နဲ့ တပ်မတော်တိုက်ပွဲတွေဖြစ်ပွားတာကို ထောက်ပြသွားပါတယ်။ RCSS မှ ဗိုလ်ချုပ်ရွယ်ဆစ်ကတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၁၇ရက်နှင့် ၁၈ရက်နေ့က ပြည်နယ်နှင့်ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးထားပြီး ဆက်ဆံရေးရုံးများ ဖွင့်ထားကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၁ ဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  အောက်ပါအတိုင်းပြောကြားသွားပါတယ်-

“အပစ်ရပ်စဲပြီး ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားတာဟာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား အပြန်အလှန်ဆက်ဆံကြဖို့နဲ့ လက်တွဲ အတူတကွ ပူးပေါင်းကြဖို့လို့ သဘောထားရှိကြောင်း မြင်မိသော် လည်း လက်ရှိမှာ တပ်မတော်ဖက်က JMC ဆိုသည့်အမည်ဖြင့် မိမိတို့ကို ဖိအားပေးမှုတွေ ရှိနေ တယ်လို့ မြင်တွေ့ရကြောင်း နှင့် ယခုအတိုင်းဆက်သွားနေမည်ဆိုရင် ပြသနာတွေ ပိုမိုကြီးထွား လာနိုင်ကြောင်း မြင်မိတဲ့အတွက် အခုအစည်းအဝေးကနေပြီး အဖြေရှာကြဖို့” တိုက်တွန်းပြော ဆိုခဲ့ပါတယ်။

အလားတူ KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး က “လက်ရှိ ကရင်ပြည် နယ်အတွင်း၌ Bilateral Agreement လက်မှတ်ရေးထိုးပြီးနောက် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထား ရှိခဲ့သော်လည်း လုပ်ငန်းအကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေကြရတဲ့အတွက် အစည်းအဝေးက အဖြေရှာနိုင်မယ်လို့ မျှော်လင့် ကြောင်း” ပြောဆိုခဲ့ပါတယ်။

အစည်းအဝေးမှာ အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်-

၂၀၁၆ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များ (EAOs)နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ - PPSTမှ အတည်ပြုခဲ့သည့် ဆက်ဆံရေးရုံးများရဲ့ တာဝန်နှင့် ဝတ္တရားများ (Term of Reference -ToR) မူကြမ်းကို ပြန်လည် ပြင်ဆင်ရေးဆွဲမှုပြီးစီးခဲ့ပြီဟု သိရပါတယ်။

အဲဒီToR မူကြမ်း ကို JMC ကို တင်ပြပြီးတော့ JMC ရဲ့ အတည်ပြုချက်ကနေ ဒီမူကြမ်းက အသက်ဝင်လာမှာဖြစ်တယ်။ ယခုပြန်လည် ရေးဆွဲပြီးစီးထားတဲ့ ToR မူကြမ်းတွင် နိုင်ငံရေး၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းနှင့် အထွေထွေစသည့် အခန်းကဏ္ဍ ၃ ခုပါဝင်တယ်လို့သိရပါတယ်။

၂၃။ ဒါကြောင့် NCA ထိုးထားလျှက်သားနဲ့ထိတွေ့မှုဖြစ်စဉ် ဖြစ်ရတာဟာ တပ်မတော်ကြောင့်လား၊ ဆက်ဆံရေးရုံးကြောင့်လား ဆိုတာ စမ်းစစ်ရပါမယ်။ တိုင်းစစ်ဌာနချုပ် (စရဖ) ဌာနဟာ စပ်ကြားဒေသဧရိယာတွေမှာ တပ်မတော်က တပ်လှုပ်ပြီဆိုရင် ဆက်ဆံရေးရုံးကို အသိပေး အကြောင်းကြားရဲ့လား၊ အဲဒီလိုအသိပေးတာ လုံခြုံရေးအကြောင်းပြချက်နဲ့အချိန်နီးခါနီးမှ ကပ်ပြီး အကြောင်းကြားတာမျိုးလား ၊ တဖန် တိုင်းရင်သားလက်နက်ကိုင်တပ်များ လူထုစည်းရုံးရေး ဆင်းရင်ဖြစ်ဖြစ်၊ အကောက်ကောက်ရင်ဘဲဖြစ်ဖြစ်၊ တပ်မတော်စစ်ကြောင်းရှိတဲ့ နေရာဖြစ်ဖြစ်၊ တခါမှ မရောက်ဖူးတဲ့ ဒေသဧရိယာကို အလွတ်သဘော လည်ပတ်ရင်ဘဲဖြစ်ဖြစ်၊ ဆက်ဆံရေးရုံးကကော တပ်မတော်ကို အချိန်မှီ သတင်းပို့ရဲ့လား။ စီစစ်ဖို့လိုပါတယ်။ နှစ်ဖက်ဆက်ဆံရေး နွေးထွေးမှု ရှိရဲ့လား၊ဆက်သွယ်ရေးကွန်ယက် တည်ဆောက်တာခိုင်မာရဲ့လား၊ အများအားဖြင့် ဖုံးဖြင့် အကြောင်းကြားပြီး စာနဲ့ကြေးနန်းနဲ့ဆက်သွယ်ရေးစက်နဲ့ အကြောင်းကြားတာ ရှိကောင်းရှိနိုင်သော်လည်း စနစ်ကျမှု၊ ရှိမရှိ မသေချာသလို ဆယ်လူလာဖုံးတွေထက် ဆက်သွယ်ရေးစက်က ပိုမို လုံခြုံမှု ရှိပါတယ်။

၂၄။ အကြောင်းကြားခဲ့တဲ့အခါ လမ်းကြောင်းနဲ့ ပြန်ထွက်ချိန် ပြည့်စုံမှု ရှိမရှိ၊ ဆက်ဆံရေးရုံးက လမ်းကြောင်း နဲ့ပတ်သက်ပြီး ပြောင်းလဲရေး တောင်းဆိုပိုင်ခွင့်ပေးသလား၊ မေးခွန်း တွေထွက်လာပါတယ်။ ဆက်သွယ်ရေးစက်တောင် မျိုးတူစက်တွေဟာ လှိုင်းနှုန်းလိုက်ရွေ့ပြီး အခြားအဖွဲ့တွေကစပ်စုနိုင်လို့ အတိုဝှက်၊ လဝသုံးသလား၊ တဖန် ဆက်ဆံရေးရုံးက မရှင်းလို့ ပြန်ဆက်သွယ်မယ်ဆိုရင် တိုင်းစစ်ဌာနချုပ်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ စစ်ဦးစီးမှူး(ပထမတန်း) G-1 ထိ ပေးနိုင်သလား၊ သာမန်ဆက်သွယ်ရေးတာဝန်ခံ အကြပ်လောက်နဲ့ ဆက်သွယ်နေမယ်ဆိုရင် အရေးကြီးကိစ္စတွေမှာ အဆင့်ဆင့်သတင်းပို့ နေရပါက နောက်ကျသွားပြီး အောက်ခြေ ရှေ့တန်းတပ်များ မသိရှိလိုက်တော့ဘဲ ထချကုန်ကြမှာ သေချာပါတယ်။

၂၅။ ဆက်ဆံရေးရုံးဟာ အများအားဖြင့် မိမိတို့လူများ မြို့တက်စီးပွားရေးအခွင့်အလမ်းရှာဖွေဖို့၊ လူမှုရေး၊ သာရေးနာရေး၊ အုပ်ချုပ်မှုကိစ္စတွေမှာ လုံးပန်းနေရတာများပြီး လုံခြုံရေးဆိုဒ်ဘက်ကျတော့ အားနည်းနေတာ ရှိတတ်ပါတယ်။ ဆက်သွယ်ရေးရုံးတာဝန်ခံဟာ အနည်းဆုံး ဗိုလ်မှုးအဆင့် ဖြစ်သင့်ပြီး မြန်မာစာကို ကောင်းစွာ သိကျွမ်းသူဖြစ်မှသာ ဆက်ဆံရေးချောမွေ့ပါမယ်။ ဒါ့အပြင် နောင် ဒုက္ခသည်ပြန်လည်လက်ခံရပါက နိုင်ငံတကာနဲ့ဆက်ဆံရမှာမို့ အင်္ဂလိပ်စာတီးမိခေါက်မိဖို့လိုပါတယ်။

တပ်မတော်ရှိတပ်တွေရဲ့စစ်အင်္ဂါစဉ် သိကျွမ်းဖို့ အထူးလိုအပ်တဲ့အပြင် စစ်သုံးမြေပုံညွှန်းကို ပိုင်နိင်စွာ ကြည့်တတ်မှသာ တပ်အချင်းချင်းမမှားရေး ထောက်ပြနိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်ဖွဲ့စည်းပုံ၊ ဓလေ့စရိုက်၊ သဘောသဘာဝ တီးမိခေါက်မိ ထားရပါမယ်။ တပ်ရဲ့ ပုံမှန်လစဉ်လှုပ်ရှားမှုများဖြစ်တဲ့ (သင်တန်းတက် ကြို၊ ပို့နဲ့လစာပေး) ခရီး၊ အုပ်ချုပ်မှုဖြည့်တင်းတာ သိရပါမယ်။ တခုထူးခြားတာက မိုးရာသီမတိုင်ခင် တပ်မတော်က ရှေ့တန်းစခန်းများအတွက် ရိက္ခာဖြည့်တင်းစုပုံဖို့ ထောက်ပံ့ရေး ယာဉ်တန်း တက်လာတာကိုဘဲ စစ်အင်အားဖြည့်တင်းနေတယ်။ ရှေ့တန်းစခန်းတွေ အခိုင်အမာ တည်ဆောက်နေတယ်ဆိုပြီး နားလည်မှူလွှဲမှားကာ ဒေသခံလူထု စိုးရိမ်ကြောင့်မှူဖြစ်နိုင်သလို မိမိတပ်များကလည်း စစ်ရေးပြင်ဆင်ကုန်တာမျိုး၊ မီဒီယာကလည်း သတင်းအမှားတင်လိုက်နိုင်တာမျိုး ရှိနိုင်ပါတယ်။

ဒါကို ဆက်ဆံရေးရုံးက အမှန်အတိုင်းဖြစ်အောင် တည့်မတ်ပေးရပါမယ်။

၂၆။ ဆက်ဆံရေးအရာရှိဟာ နိုင်ငံရေးအတွေးအခေါ်၊ စီးပွါးရေးဆိုင်ရာအကောက်ခွန်၊ နယ်ဘက်ဥပဒေတွေကို တတ်သိနားလည်ရန်လိုပါတယ်။ ပြည်သူလူထုအချို့ အထူးသဖြင့် မြို့နေသူများက ဆက်ဆံရေးရုံးကို သူပုန်အကောက်စခန်း၊ ထောတယ်လို့မြင်တတ်တာမို့ ပြည်သူလူထုနဲ့ လက်ပွန်းတတီးနေသွားဖို့ အရေးကြီးပါတယ်။

ပြည်သူလူထုရဲ့လူနေမှူဘဝမြင့်တင်ရေး တတ်နိုင်သမျှ လူသားအကျိုးပြုလုပ်ငန်းတွေမှာ လူထုလူတန်းစား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် စည်းရုံးရေး မြင့်တင်ကာ မိမိတပ်ဖွဲ့ဝင်တွေနဲ့ ပြသနာမဖြစ်အောင် ထိန်းသိမ်းရပါမယ်။ လားရှိုး UWSA ဆက်ဆံရေးရုံးကတစ်ဦးက တောင်ကြီးမှာ သေနတ်ဖေါက်တာမျိုး အမှားသရုပ်ပြ ရှောင်ကျဉ်ပြီး စည်းကမ်းစံပြဖြစ်ရပါမယ်။ တနည်းအားဖြင့် ဆက်ဆံရေးရုံးဟာ မိမိအဖွဲ့အစည်းရဲ့ မျက်စိနဲ့နားဖြစ်ပါတယ်။ ဒုက္ခသည်များပြန်လည်နေရာချထားရေး အစီအစဉ်ဖြစ်လာပါက ဆက်ဆံရေးရုံးကို ဌာနချုပ်က တာဝန်ပေးလာနိုင်တာကတော့ အုပ်ချုပ်မှုကိစ္စရပ်များအတွက် အစိုးရနယ်ဘက်ဌာနဆိုင်ရာများရဲ့လုပ်ငန်းနဲ့ဆက်စပ်ဆောင်ရွက်နိုင်ရန် ကွန်ယက်တည်ဆောက်ထားဖို့ဖြစ်ပါတယ်။

၂၇။ ဆက်ဆံရေးရုံးရဲ့ အရည်အသွေးမြင့်တင်ဖို့၊ ရုံးအခင်းအကျင်း သပ်ယပ်စွာရှိစေဖို့နဲ့ဘတ်ဂျက်လိုမျိုး အသုံးစရိတ်၊ ရုံးသုံးစာရေးကိရိယာ၊ အထောက်အကူပစ္စည်း၊ မိမိတပ်ဖွဲ့ဝင်တွေ တည်းခိုရေး စတဲ့ အုပ်ချုပ်မှု ကိစ္စရပ်တွေကို မိမိဌာနချုပ်များက စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးသင့်ပါတယ်။ တပ်မတော် တိုင်းစစ်ဌာနချုပ်ကလည်း ညီအကိုရင်းလို ပံ့ပိုးကူညီပြီး နယ်ဘက်ပြသနာများကို မှန်ကန်ပါက ရပ်တည်ပေးခြင်းဖြင့် ရဲဘော်ရဲဘက်စိတ်၊ ဖြစ်ပေါ်လာကာ ယုံကြည်မှု တည်ဆောက်သင့်ပါတယ်။ အစိုးရတပ်ဘဲဆိုပြီး သွားချင်သလိုသွားမယ်ဆိုတဲ့ ခံယူချက်ကို မေ့ထားကာ လေးစားသမှု အကြောင်းကြား ဆက်ဆံသင့်ပါတယ်။ EAOs ကလည်းကိုယ်ပိုင်နယ်မြေဒေသလို သဘောမထားဘဲ ဆွေမျိုးတွေ လာလည်လို့ဆိုတဲ့ အမြင်သဘောမျိုး ထားဆက်ဆံလိုက်ရင် တိုက်ပွဲဆိုတာ အိပ်မက်ဖြစ်သွားပါလိမ့်မယ်။ နောင်ဆက်ဆံရေးရုံးဟာ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့က COC အကောင်အထည်ဖေါ်လာပြီဆိုပါက ဦးဆောင်လမ်းပြဖြစ်လာမည့် အားကောင်းမောင်းသန်အဖွဲ့ဖြစ်လာမှာ ဧကန်မလွဲဖြစ်ပါတယ်။

တပ်မတော်က ယုံကြည်မှုတည်ဆောက်သင့်သည့် လုပ်ရပ်
၂၈။ တပ်မတော်အနေနဲ့ NCA ထိုးထားတဲ့ EAOs များအပေါ် ပိုမိုနွေးထွေးပြီး ဆတက်တံပိုး တတ်နိုင်သမျှ ပံ့ပိုးကာ ယုံကြည်မှူ ခိုင်မြဲသည်ထက် ခိုင်မြဲအောင်ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။ ဒီလို ဘာလို့ပြောရသလဲဆိုရင် အင်အားကြီး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူးတူးဆေးဖိုးကို သဘောထားတင်းမာတဲ့ ပြည်ပရောက် ကရင်တချို့က ဥက္ကဌကသာ တပ်မတော်ကို ပခုံးဖက်ပေါင်းနေတာ သူတို့က စခန်းဘယ်နှစ်ခု လိုက်လျောပြီး ဖယ်ပေးလို့လဲ - လက်မှတ်ထိုးပြီး မေ့သွားတာဘဲ၊ ပြီးခဲ့တဲ့ ညီလာခံမှာ အရေးကြီးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အစိုးရက လွယ်လွယ်ကူကူ ပေးခဲ့လို့လား စသဖြင့် ဖိအားပေး၊ စွပ်စွဲနေတာ မြင်ရကြားနေရပါတယ်။

အစိုးရကမပေးတာ နိုင်ငံရေးသားဝပြီး နားလည်ရင့်ကျက်တဲ့ KNU အများစုက နားလည်ပေးသော်လည်း အဆိုပါ သဘောထားတင်းမာသူတွေ ဝါဒဖြန့်ချိမှုကြောင့် ကရင်ပြည်သူလူထု တွေဝေ စိတ်ဆင်းရဲမှု မဖြစ်စေဖို့ လွန်စွာသတိထားရပြီး သူတို့ထောက်ခံကြိုက်လို့ မဲပေးခဲ့တဲ့ ခေါင်းဆောင်များအပေါ် အားမလိုအားမရ ဖြစ်သွားနိုင်ပါတယ်။

၂၉။ ဒါကြောင့် တပ်မတော်အနေနဲ့ UPDJC မှာ တင်ပြပြီး JMC –U မှာဘဲဖြစ်ဖြစ်၊ COC ကို အကောင်အထည်စတင် ဖေါ်လာရင်ဘဲဖြစ်ဖြစ်၊ ယုံကြည်မှုသက်သေပြတဲ့ အနေနဲ့ အသက်သွေးချွေး အနည်းဆုံးတိုက်ခဲ့ရတဲ့ ပြည်ပရန် ကျုးကျော်ရင် မထိခိုက်နိုင်တဲ့ စခန်း (၂) ခုကို လွှဲပြောင်းပေးနိုင်မလား၊ ဒါမှမဟုတ် KNU အထိမ်းအမှတ်နေ့တနေ့မှာ ရုတ်တရက် မေတ္တာလက်ဆောင်ပေးလိုက်ပါက တင်းမာသူတွေနဲ့ လက်မှတ်မထိုးတဲ့ အဖွဲတွေ မျက်လုံးပြုးသွားအောင် မလုပ်ပေးနိုင်ဖူးလား။ KNUရဲ့ မော်ဒယ်က သတ္တိရှိရှိ ငြိမ်းချမ်းရေးယူတယ်။  တပ်ချုပ်မော်ဒယ်က သတ္တိရှိရှိ စခန်း၂ခုကို ပေးလိုက်စမ်းပါ။ မိမိအားဒုက္ခပေးမည့် စခန်းကို စွန့်လွှတ်ပေးတာဟာ တော်ရုံရရန်မလွယ်ကူတဲ့ ယုံကြည်မှု ဒီဂရီအမြင့်ဆုံး တက်သွားစေတာဖြစ်ပါတယ်။ ဒါ့အပြင်မေတ္တာရောင်ပြန်ဟပ်တဲ့ အကျိုးကျေးဇူးကတော့ ဘာနဲ့မှ နှိုင်းမရတဲ့ တပ်မတော်အပေါ် ကရင်ရဲ့သစ္စာရှိမှုဘဲ ဖြစ်ပါတယ်။ ဥာဏ်ကောင်းတဲ့ နယ်ချဲ့အင်္ဂလိပ်တွေဟာ လူမျိုးတွေထဲက ကရင်လူမျိုးကို ဘာလို့ကြိုက်သလဲဆိုရင် ရိုးသားပြီး နားတပေါက်ထဲ၊ သစ္စာအရာမှာ စံထားတဲ့လူမျိုးဆိုတာ တပ်ချူပ် သိစေချင်တယ်။ လောက်ကိုင်တိုက်ပွဲတွေမှာ တပ်မတော် အလူးအလဲဖြစ်နေချိန်၊ ရခိုင်မှာ ဘင်္ဂလီအကြမ်းဖက်ဖြစ်လာချိန်၊ လိုအပ်ရင် ကျနော်တို့သွားပါရစေလို့တောင်းဆိုလာတဲ့ ရဲဘော်ရဲဘက်စိတ်နဲ့အရေးကြီးသွေးနီးတဲ့သူတွေဟာ တပ်မတော် လက်အောက်ထဲကို ဝင်လာတဲ့ BGF ကရင်တွေသာ ဖြစ်တယ်ဆိုတာကို သစ္စာမှတ်တမ်း ရေးထိုးရပါမယ်။

၃၀။ နောက်အင်အားကြီးတဖွဲ့ဖြစ်တဲ့ ဗိုလ်ချုပ်ရွယ်ဆစ်(RCSS) ဟာ ဦးသိန်းစိန်လက်ထက်က သမ္မတကို ရှမ်းစုံဝတ်ပေးရတာနဲ့ ဦးအောင်မင်းနဲ့GOLF အတူရိုက်ပြီး ဆက်ဆံရေးကောင်းသလောက် နောက်ပိုင်း တပ်မတော်နဲ့ထိတွေ့မှု တိုက်ပွဲဖြစ်လာလို့လား၊ ပြည်နယ်အဆင့် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့် စိတ်ကြိုက်နေရာမရလို့ စိတ်ကွက်ပြီး ၂၁ ပင်လုံ ညီလာခံကို ကိုယ်တိုင် မတက်တော့တာလား၊ နိုင်ငံတကာလေ့လာရေးအဖွဲ့မှာ ကိုယ်စားလှယ်ကို အဆင့်နိမ့်လွှတ်တာမျိုး လုပ်နေတာဟာ သဘောထားတင်းမာတဲ့ ရှမ်းအဖွဲ့အစည်းတချို့ရဲ့ ပယောဂကြောင့်လား။ တခုခုတော့ ဖြစ်နေပါတယ်။ ဒါကြောင့်  တပ်မတော်က စည်းရုံရေးလုပ်သင့်ကာ တကယ်တော့ ရှမ်းမြောက်ပိုင်း RCSS ဝင်တာဟာ နောက်ကြောလုံပြီး တပ်မတော်အနေနဲ့ အင်အားစုစည်းထားနိုင်တာမို့ သူတို့ကို အထောက်အပံ့တောင် ပေးရပါမယ်။

၃၁။ ဗိုလ်ချုပ်ရွယ်ဆစ်ကို တိုက်တွန်းချင်တာက NCA မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အာဏာရှင်တွေရဲ့ သွေးထိုးစကား နားမယောင်မိဖို့နဲ့ တကယ်တမ်း ရေရှည်မိတ်ဆွေလုပ်ထားရမှာက တပ်မတော်နဲ့ လူထုအစိုးရပဲ ဖြစ်ပါတယ်။ ဦးခွန်ဆာဟာ ငွေကြေးလက်နက်အင်အား တောင့်တင်းသူဖြစ်နေတာတောင် အမေရိကန်၊ ထိုင်းရော၊ UWSA၊ တရုတ်ပါ မကျန် ဘယ်သူ့မှ မယုံရလို့ နောက်ဆုံး ယခင်တပ်မတော်အစိုးရနဲ့ လက်ခံမှုတွေ လိုက်လျောမှုတွေ လုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ရွယ်ဆစ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လေးလေးစားစား တကူးတက သီးခြားလာတွေ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အဖြစ် ချီးကျူးလိုပြီး KNUနဲ့ ဆိုရင် ၂ ဦး သာရှိပါတယ်။ အထူးသတိပြု အကြံပေးလိုရာမှာ လက်ရှိ  NCA လုပ်ငန်းစဉ် အကောင်အထည်ဖေါ်နေမှု အားနည်းလစ်ဟာမှု ရှိမရှိ တပ်မတော်ကော အစိုးရပါ စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်သင့်ပါတယ်။

KNU အလုပ်ရုံဆွေးနွေးပွဲမှာ NCA ဆိုင်ရာ အခြေခံမှု၊ ခံယူချက် သဘောထားများနှင့် ကတိပြုချက်များအပေါ် လိုက်နာမှု အားနည်းပျက်ကွက်နေသည်ကို သုံးသပ်တွေ့ရှိခဲ့ပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုဆိုင်ရာ အဆင့်တိုင်းတွင် ချို့ယွင်းမှုရှိကြောင်း ၊နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အဆုံးသတ်သဘောတူညီမှုမရှိသေးဘဲ ကျင်းပခဲ့တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများကြောင့် ထိုအားနည်းမှုကို ပိုပြီးဖြစ်ပေါ်စေကြောင်း၊ UPDJC ၏ စုဖွဲ့မှု၊ ကိုယ်စား ပြုမှု၊ ဆုံးဖြတ်ချက် ချမှတ်မှုနှင့် အစည်းအဝေးကျင်းပခြင်းဆိုင်ရာ အခြေခံမူများကို ပြန်လည်သုံးသပ်ရန်နှင့် အတွင်းရေးမှူးအဖွဲ့ကို သီးခြားလွတ်လပ်ပြီး ကျွမ်းကျင်သူများနှင့် ပူးတွဲဖွဲ့စည်း ခန့်အပ်ခြင်းဖြင့် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရမှာဖြစ်ကြောင်း ၊ဒေသ၊ လူမျိုးအဆင့် ပြုလုပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို တစ်နိုင်ငံလုံးတွင် ကျယ်ပြန့်စွာ ကျင်းပစေလိုကြောင်းKNU ကအကြံပြုခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Comments